Saturday, November 1, 2014

၂ဝ၁၅ ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 Photo: ၂ဝ၁၅ ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ
===============================================

နေပြည်တော်    အောက်တိုဘာ   ၃၁

၂ဝ၁၅ ခုနှစ် (၆၇)နှစ်မြောက်  လွတ်လပ်ရေးနေ့ ကျင်းပရေးနှင့်စပ်လျဉ်းသည့်  ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ  (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတက်ရောက်၍ အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများနှင့်  ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင်  ဗဟိုကော်မတီဥက္ကဋ္ဌ  ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား၊ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားများကို တစ်နိုင်ငံလုံးအနေဖြင့် ယခင်အတိုင်း  ဆောင်ရွက်မည်ဖြစ်သော်လည်း ယခုနှစ်တွင် နေပြည်တော်၌ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအဖြစ် ဆောင်ရွက်ရန် ဗိုလ်ရှုခံအခမ်းအနားကျင်းပရေး ဗဟိုကော်မတီက သီးခြားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ 

လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို အများပြည်သူမြင်သာအောင် ဆိုင်းဘုတ်ကြီးများ ခံ့ညားထည်ဝါစွာရေးဆွဲပြီး သတ်မှတ်နေရာများ တွင် စိုက်ထူရန် ဆပ်ကော်မတီတစ်ခုမှ တာဝန်ယူသွားရန် လိုအပ်ပါကြောင်း၊ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို  အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် ဆွေးနွေးအကြံပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။ 

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားဆောင်ရွက်ရန်လျာထားမှုနှင့် ဗိုလ်ရှုခံစင်မြင့် ရှေ့တွင် စစ်ရေးပြအခမ်းအနားဆောင်ရွက်ရန် လျာထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍  ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က ဆပ်ကော်မတီအသီးသီး  ဖွဲ့စည်းတာဝန်ပေးအပ် ထားမှုကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများက ဆပ်ကော်မတီ အလိုက် ဆောင်ရွက်နေသည့် ဧည့်ခံရေး၊ လုံခြုံရေး၊  ပြန်ကြားရေး၊ သဝဏ်လွှာ ပြုစုရေး၊ ကျန်းမာရေးနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးအတွက် ကြိုတင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို တင်ပြကြပြီး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့သည်။ 

၂ဝ၁၅ ခုနှစ်  (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု  မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး မျက်ခြည်မပြတ် ထိန်းသိမ်းကာကွယ်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြည်ထောင်စုကြီးအတွင်း၌ ဥမကွဲသိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့စွမ်းအားဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရေး စသည့်အမျိုးသားရေးဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။                                     (သတင်းစဉ်)
 
No comments:

Post a Comment