Sunday, November 2, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်သမ္မတ မစ္စတာ ဘားရက်အိုဘားမား စကားပြောကြေးနန်းဖြင့်ဆက်သွယ်ခဲ့ ဒီမိုကရေစီရေးနှင့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပေါ် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြား



နေပြည်တော် နိုဝင်ဘာ ၁ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်အိုဘားမားမှ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃ဝ ရက် ညပိုင်းတွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ် ခဲ့သည်။ 

ယင်းသို့စကားပြောကြေးနန်းဖြင့် ဆက်သွယ်စဉ် သမ္မတနှစ်ဦးတို့သည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး တို့သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်ကိစ္စ၊ လက်ရှိမြန်မာနိုင်ငံမှ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိစ္စ၊ မြန်မာအစိုးရမှ ဖော်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိစ္စ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိစ္စ၊ မြန်မာနိုင်ငံ နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပေါ် အမေရိကန်နိုင်ငံမှ ဆက်လက်၍ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားချက်အပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကြိုဆိုကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ (သတင်းစဉ်)

No comments:

Post a Comment