Thursday, November 27, 2014

အမြန်လမ်းမှာ ယာဉ်အန္တရာယ်ကင်းစေဖို့



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး စတင်ဖွင့်လှစ်ချိန်မှ စ၍ ဖြတ်သန်းသွားလာသည့် ယာဉ်အရေအတွက် တဖြည်းဖြည်း တိုးပွားလာလျက်ရှိရာ ယခုအခါ နေ့စဉ်ယာဉ်စီးရေ ၁၃ဝဝဝ ကျော်အထိ ဖြတ်သန်းသွားလာလျက်ရှိသည်။ ထိုသို့ အမြန်လမ်းမ တစ်လျှောက် ယာဉ်သွားလာမှုများပြားလာသည်နှင့်အမျှ ယာဉ် မောင်းများ၏ ပေါ့လျော့စွာမောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်းစွာမောင်းနှင်မှု၊ မကျွမ်းကျင်မှု၊ ယာဉ်မောင်းနှင့် ယာဉ် ကြံ့ခိုင်မှုအားနည်းမှု စသည့်အကြောင်းများကြောင့် ယာဉ်မတော် တဆမှုများ ပိုမိုဖြစ်ပွားလျက်ရှိပါသည်။

အမြန်လမ်းတစ်လျှောက်ဖြစ်ပွားသော ယာဉ်မတော်တဆ မှုများကို စိစစ်ရာတွင် ၂ဝ၁၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁ဝ၃ မှု၊ သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရသူ ၁၈၆ ဦး၊ ၂ဝ၁၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၂၅၉ မှု၊ သေဆုံးသူ ၁၁၃ ဦး၊ ဒဏ်ရာရသူ ၆၂၂ ဦးနှင့် ၂ဝ၁၄ ခုနှစ်အတွင်း နိုဝင်ဘာ ၁၄ ရက်အထိ ယာဉ်မတော်တဆမှု ၃၆၂ မှု၊ သေဆုံးသူ ၁၂၈ ဦး၊ ဒဏ်ရာရသူ ၇၂၇ ဦးရှိခဲ့သည့်အတွက် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ နှစ်စဉ်ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပွားလျက် ရှိကြောင်း တွေ့ရှိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ဖြစ်ပွားခဲ့ သည့် ယာဉ်မတော်တဆမှုများအနက် လိုက်ထရပ်(ခေါ်)အပေါ့စား ကုန်တင်ယာဉ်ငယ်များ ယာဉ်တိုက်မှုပမာဏမှာ စိုးရိမ်ဖွယ်ရာအခြေ အနေဖြစ်ကြောင်း တွေ့ရှိရသည်။ ၂ဝ၁၂ ခုနှစ်အတွင်း လိုက်ထရပ် ယာဉ်တိမ်းမှောက်မှု ခုနစ်ကြိမ်ဖြစ်ပွားရာ ငါးဦးသေဆုံးပြီး ဒဏ်ရာ ရသူ ၄၇ ဦးရှိခဲ့သဖြင့် ယာဉ်မတော်တဆမှုအားလုံး၏ ၆ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်။ ၂ဝ၁၃ ခုနှစ်အတွင်း လိုက်ထရပ်ယာဉ် မတော်တဆမှု(၄၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးကာ ၂၁၉ ဦးဒဏ်ရာရခဲ့သဖြင့် ယာဉ်မတော်တဆမှုအားလုံး၏ ၁၆ ရာခိုင်နှုန်း ကျော် ဖြစ်ပွားခဲ့သည်။ ထို့အတူ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်အထိ လိုက်ထရပ်ယာဉ်မတော်တဆမှုပေါင်း ၄၆ မှုဖြစ်ပွားခဲ့ပြီး ၁၄ ဦးသေဆုံးကာ ၁၇၂ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ယာဉ်မတော်တဆမှု အားလုံး၏ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လိုက်ထရပ်ယာဉ်ကြောင့်ဖြစ်ပွားသော ယာဉ်မတော်တဆ မှုများတွင် ယာဉ်ပေါ်တွင်လိုက်ပါသူ အရေအတွက်များပြား၍ ဝန်ချိန်ပမာဏများပြားကာ ထိန်းကျောင်းရန်မလွယ်ကူခြင်း၊ သတ်မှတ်အမြန်နှုန်းထက်ပိုမောင်းခြင်း၊ ယာဉ်ကိုယ်ထည် အောက်ပိုင်း ကြံ့ခိုင်မှုအားနည်းခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက် ခြင်းတို့ကြောင့်ဖြစ်ရကြောင်း လေ့လာတွေ့ရှိရသည်။

သို့ပါ၍ အမြန်လမ်းမပေါ်တွင် ယာဉ်အန္တရာယ်လျော့နည်း စေရေးအတွက် သတိပြုမောင်းနှင်ရန် လိုအပ်ပါသည်။ အထူး သဖြင့် လိုက်ထရပ်ယာဉ်များ တစ်နာရီကီလို ၈ဝ အထိသာ မောင်းနှင်သင့်ပါသည်။ လိုက်ထရပ်ယာဉ်များပေါ်တွင် ကုန်နှင့် လူများ အလေးချိန်များစွာတင်ဆောင်၍ မောင်းနှင်ခြင်းမပြုရန်လို ပါသည်။ ထို့အပြင် ယာဉ်၏ကိုယ်ထည်အောက်ပိုင်းနှင့် တာယာများကြံ့ခိုင်မှု အပြည့်အဝရှိစေရန် အမြဲမပြတ်စစ်ဆေးကာ ယာဉ်မောင်းများကျွမ်းကျင်စွာ မောင်းနှင်ခြင်းဖြင့် ယာဉ်အန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment