Saturday, November 1, 2014

အရာရှိများ အထူးတန်းမှလေယာဉ်စီးခြင်းကို အိန္ဒိယတွင်တားမြစ်ပိတ်ပင်




နယူးဒေလီ အောက်တိုဘာ ၃၁ 

 အိန္ဒိယအစိုးရက တင်းကျပ်သောစည်းကမ်းများ ချမှတ်လျက်ရှိရာ ဗြူရိုကရက်အရာရှိကြီးများ အထူးတန်းမှလေယာဉ်ဖြင့် ခရီးသွားခြင်း၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးများ၌ အစည်းအဝေးကျင်းပခြင်းနှင့်ကားများဝယ်ယူခြင်းတို့ကို ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ဘီဘီစီကယနေ့ဖော်ပြသည်။ 

ယင်းသို့ လုပ်ဆောင်ချက်သည် ဂျီဒီပီ၏ ၄ ဒသမ၁ရာခိုင်နှုန်း ဘတ်ဂျက်လိုငွေပြမှုကို အောင်မြင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ မကြာသေးမီနှစ်များက အိန္ဒိယနိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်းနှေးကွေးလျက်ရှိရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၄ဒသမ၇ ရာခိုင်နှုန်းသာရှိသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော ဝန်ကြီးချုပ်နရိန္ဒြာမိုဒီသည် မဲဆွယ်စည်းရုံးစဉ်က နိုင်ငံ၏စီးပွားရေးကိုပြန်လည်သုံးသပ်ရန် ကတိပြုခဲ့သည်။ 

ယခင် ကွန်ဂရက်ပါတီအစိုးရသည်လည်း ၂ဝ၁၂ခုနှစ်နှင့် ၂ဝ၁၃ခုနှစ်များတွင် လိုငွေပြမှု လျှော့ချရန်အတွက် အလားတူစည်းမျဉ်းများ အစပျိုးခဲ့ဖူးသည်။ 

ယခုနောက်ဆုံးထုတ်ပြန်သည့် တင်းကျပ်သောနည်းလမ်းများသည် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ရှိမှုကို မထိခိုက်စေဘဲ ဘဏ္ဍာရေးစည်းမျဉ်းများကို တိုးမြှင့်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ကြေညာချက်ကို ပီတီအိုင် သတင်းဌာနက ကိုးကားဖော်ပြသည်။ 

လက်ရှိ ဘဏ္ဍာရေးအခြေအနေအရ အသုံးစရိတ်များကို ဆက်လက်ဆန်းစစ်ရန်နှင့်ရရှိနိုင်သော အရင်းအမြစ်များကို အကျိုးရှိရှိ သုံးစွဲရန်လိုအပ်သည်ဟု ထပ်မံပြောကြားခဲ့သည်။ 

ဘီဘီစီ။

No comments:

Post a Comment