Saturday, November 1, 2014

ရင်းနှီးချစ်ကြည်အမျိုးသားအောင်ပွဲဆီ





ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ထွန်းစေရေး၊ အခြေတည်ခိုင်မာရေးနှင့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုများ ဆက်လက်ဖြစ်ထွန်းရေး၊ ညင်သာသည့်အသွင်ကူးပြောင်းမှု ဆက်လက်ရှင်သန်ပေါ်ပေါက်ရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုရှိရေး စသည့် ဦးတည်ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြု လုပ်ခဲ့သည့် အမျိုးသားနိုင်ငံရေးအင်အားစုငါးဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံ့ရေးရာဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ၏အမြင်များကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ပါ တယ်။ နောင်ကိုလည်း အခုလို ပွဲမျိုး တွေရှိဦးမယ်လို့ မျှော်လင့်ရပါတယ်။ အခုဆွေးနွေးမှုမှာ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ဆင်မယ့် သဘော ထားတွေ တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် လယ်ယာမြေတွေကို စက်မှုလယ်ယာစနစ်ပြောင်းလဲတပ်ဆင် ပေးနိုင်ဖို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆောင်ရွက်ကြဖို့ အားလုံး က တိုက်တွန်းကြပါတယ်။ ရလဒ် အနေနဲ့ကတော့ ကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုလိုတွေ့ဆုံ ဆွေးနွေးတာဟာ မဆွေးနွေးတာ ထက်စာရင် အများကြီးကောင်းပါတယ်။ ပထမအကြိမ်ဖြစ်လို့ ဘယ်လောက် အထိ အကျိုးရလဒ်ပြန်ရမလဲဆိုတာ တော့ မသိသေးဘူးပေါ့။

အဖွဲ့အစည်းအသီးသီးရဲ့ သဘော ထားတွေကို အကုန်ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့အခါကျတော့ သွားနေတဲ့ လမ်းကြောင်းတွေက ဆန့်ကျင်ဘက် မရှိဘူးဆိုတာ တွေ့လာရပြီလေ။ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ် ထိုးဖို့ ကျန်နေတဲ့သူတွေကိုလည်း နိုင်ငံရေးဆွေးနွေးပွဲအထိ ထည့်သွင်း ဆွေးနွေးသွားကြဖို့၊ အပစ်အခတ် ရပ်စဲရေးမှာ လက်မှတ်ရေးထိုးလိုက် ကြဖို့ ဝိုင်းပြီးတိုက်တွန်းတာတွေလည်း အများကြီးပါပါတယ်။ ဒါတွေကို ပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ အားလုံးသိသွားကြမယ်ဆိုရင် နိုင်ငံတော်နဲ့နိုင်ငံရေးပါတီ တွေ၊ အကြီးအကဲတွေအားလုံးက ဒီဖြစ်စဉ်ကို တစ်ညီ တည်းသွားနိုင်မယ့်အနေအထားမှာ ရှိနေမယ်ဆိုတာကိုထုတ်ပြသလိုဖြစ်သွားပြီးတော့ နိုင်ငံရေးယုံကြည်မှုရရှိ သွားနိုင်မယ်လို့ ထင်ပါတယ်။

နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးကို လည်း ဘယ်သူကမှမဆန့်ကျင်ကြပါဘူး။ ဒါတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ အလိုလားဆုံးကိစ္စ ဖြစ်နေတဲ့အတွက် ဒီကိစ္စဟာအကောင်းဘက်ကကြည့်မယ် ဆိုရင် တော်တော်လေးကို ကောင်းတဲ့အနေအထားကို ရောက်မယ်လို့ ပြောနိုင်ပါလိမ့်မယ်။ အားလုံးကိုခြုံငုံ သုံးသပ်ပြီး ပြောပြရရင် ဒီလိုမျိုးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး ဆွေးနွေးချက်တွေကို တကယ်လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တပ်မတော်၊ လွှတ်တော်၊ အစိုးရအဖွဲ့တွေအားလုံးကပါ ထည့်သွင်းအသုံးချသွားရင် ပိုအကျိုးရှိမယ်လို့ထင်မြင်ပါတယ်။

ဦးဌေးဦး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

နဂိုကတည်းက လူတွေကလည်း သိပြီးသားပါပဲ၊ ပထမဆုံးဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတဲ့အတွက် ပိုပြီးတိုးတက်မှုဖြစ်ပေါ်လာမှာပါ။ ဒါပေမယ့် ဒီဆွေးနွေးပွဲက အစပဲရှိသေးတယ်။ တကယ်လက်တွေ့ လုပ်ရဦးမှာအများကြီးပဲ။ ဒီလောက်နဲ့ မလုံလောက် သေးဘူး။ ဆက်လုပ်ရဦးမယ်။ ကျွန်တော်ထင်ပါတယ် အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့တူတာတွေကို ပေါင်းလုပ်ကြ၊ မတူတာတွေကို ညှိနှိုင်းကြဆိုတဲ့အချက်ပေါ် အခြေခံတာပဲလေ။ ဒီတော့ ကောင်းရမှာပေါ့။ လွှတ်တော် ကလည်း လွှတ်တော်ရဲ့တာဝန်ကို ထမ်းဆောင်ရမှာပဲ၊ အကုန်လုံးက ပူးပေါင်းဆောင်ရွက်မှုတွေရှိကြမှာပါ။ အခုလည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိသလို အပြန်အလှန် ထိန်းကျောင်းမှုတွေလည်းရှိမှာပေါ့။ အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေါ်မူတည်ပြီး ယုံကြည်လာရင် ကျန်တာလုပ်လို့ရပါတယ်။ ဒါမျိုး ဆွေးနွေးပွဲတွေက ကောင်းပါတယ်။ မကြာခဏလုပ်နိုင်ရင် ပိုကောင်းတာပေါ့။ နောက်ပြီး လက်တွေ့လည်း လုပ်နိုင်ဖို့လိုပါတယ်။

ဦးသိန်းထွန်း(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

နိုင်ငံရဲ့လက်ရှိအခြေအနေ ပိုမိုတိုးတက်ကောင်းမွန် လာစေဖို့ရော၊ ရေရှည်အတွက်ရော အများကြီးအကျိုးရှိတဲ့ ဆွေးနွေးပွဲပါ။ အကျိုးရှိပါတယ်။ သမ္မတကြီး ဦးဆောင်ပြီး တော့ အစိုးရရော၊ လွှတ်တော်ရော၊ တပ်မတော်ရော၊ ရွေး ကောက်ပွဲကော်မရှင်ရော၊ နိုင်ငံရေးပါတီတွေပါ စုံစုံညီညီ ဆွေးနွေးကြတဲ့အခါ လက်ရှိကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမို ကရေစီအသွင်ကူးပြောင်းဖို့ လုပ်ငန်းစဉ်တွေ အခြေတည် နေတာကို ပိုပြီးတော့တိုးတက်ဖို့၊ ဒီလိုတိုးတက်ဖို့ အဓိက လိုအပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အောင်မြင်ဖို့၊ ဒီအခြေခံကနေ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့၊ ဒီလိုအခြေခံ ကောင်းတွေနဲ့ ၂ဝ၁၅ အချိုးအကွေ့ကို အခင်းအကျင်း ကောင်းကောင်းနဲ့ ကျော်လွှားပြီးတော့ ၂ဝ၁၅ ရွေးကောက် ပွဲကြီး အောင်မြင်ပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ချောမွေ့ စေဖို့အတွက် အများကြီးအကျိုးသက်ရောက်မှုရှိတဲ့ ဆွေးနွေးပွဲပါ။ ကျွန်တော်တို့လည်း ဒီအချက်တွေအပေါ်မှာ အပြုသဘောနဲ့ အများကြီးဆွေးနွေးခဲ့ပါတယ်။ ဒီလို ပါဝင်ဆွေးနွေးခဲ့ရတဲ့အတွက်လည်း သိပ်ကျေနပ်ပါတယ်။ သမ္မတကြီးရဲ့ လမ်းညွှန်ထားတဲ့ အချက်(၃)ချက်အပေါ်မှာ ကျွန်တော်အတတ်နိုင်ဆုံး ပြည့်ပြည့်ဝဝနဲ့ ဆွေးနွေးနိုင်ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)

သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ''ဒီလို တွေ့ဆုံတယ်ဆိုတာ ကောင်းပါတယ်။ ရေရှည်အကျိုးရှိဖို့ အတွက်တော့ စနစ်တကျလုပ်ဖို့လိုပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ရွေးကောက်ပွဲ ဆိုင်ရာတွေအကြောင်းကို အသေးစိတ်ပြောပါတယ်။ ဒါက ပါတီတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ရွေးကောက်ပွဲကို မျှမျှတတလုပ်မယ်။ ဘယ်လိုပုံစံနဲ့ မဲရရှိမှုတွေကို ထုတ်ပြန် ကြေညာနိုင်ဖို့ ကြိုးစားနေပါတယ် ဆိုတာရယ်။ ဒီမိုကရေစီ နိုင်ငံရေးမှာ ပါတီတွေက ဘယ်လောက်အဓိကကျ အရေးပါတယ်ဆိုတာကို ပြောသွားပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုပြီးတော့ ဖက်ဒရယ်ဆန်အောင် ပြောင်းလဲဖို့လိုတယ်ဆိုတာကို ပြောသွားပါတယ်''ဟု ပြောပြခဲ့သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ ဦးတည်လျှောက်လှမ်းနေသော အခါသမ တွင် ပြည်ထောင်စုတစ်ဝန်းလုံး အေးချမ်းသာယာစည်ပင် ဝပြောစေရန်အတွက် နိုင်ငံတော်၊ ပြည်သူနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများက အားတက်သရော စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိပေသည်။

ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမချင်း စိတ်ဝမ်း မကွဲဘဲ ချစ်ကြည်တူမျှသည့် စိတ်နှလုံးသားကိုယ်စီဖြင့် ပြည်ထောင်စုကြီးအဓွန့်ရှည်စေရန် ဝိုင်းဝန်းလက်တွဲ စောင့်ရှောက်ကာကွယ်နိုင်ကြစေရန် ရည်သန်ရင်း အမျိုး သားနိုင်ငံရေးအင်အားစု(၅)ဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံရေးရာဆွေးနွေးပွဲကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။

သတင်း-ညီညီထွန်း၊ အောင်နိုင်၊ သူရဇော် (သတင်းစဉ်)
ဓာတ်ပုံ-သန်းဦး (သတင်းစဉ်)

No comments:

Post a Comment