Saturday, November 29, 2014

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် သတင်းမီဒီယာနည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ထားမှု အခြေအနေ

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သည် ၎င်းတို့ရေးဆွဲသော သတင်းမီဒီယာဥပဒေမူကြမ်းကို ရန်ကုန် တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် မှတစ်ဆင့် ၁၉-၈-၂ဝ၁၃ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၂)ဖြင့် သတင်းမီဒီယာဥပဒေကို ၁၄-၃-၂ဝ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။
သတင်းမီဒီယာဥပဒေပြဋ္ဌာန်းပြီးနောက် ဝန်ကြီးဌာနသည် နည်းဥပဒေများကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ စတင်ရေးဆွဲရေး ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ၂၈-၆-၂ဝ၁၄ ရက်နေ့တွင် သတင်းမီဒီယာနည်းဥပဒေများ ပထမမူကြမ်းကို ပေးပို့ခဲ့ပါသည်။

နည်းဥပဒေများ မူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ အကြိမ်ကြိမ်ညှိနှိုင်းပြင်ဆင် ရေးဆွဲခဲ့ရာ ၂ဝ-၉-၂ဝ၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်များနှင့် နောက်ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လိုအပ်သည်များ နှစ်ဖက်ထပ်မံညှိနှိုင်း အတည်ပြုပြီး သတင်းမီဒီယာနည်းဥပဒေများ မူကြမ်းကို ၁၆-၁ဝ-၂ဝ၁၄ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့၍ ဥပဒေဆိုင်ရာအကြံပြုချက်သဘောထား တောင်းခံထားဆဲဖြစ်ပါသည်။ ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ အကြံပြုချက်နှင့် သဘောထားမှတ်ချက်များရရှိပါက ပြင်ဆင်ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူကာ သတင်းမီဒီယာနည်း ဥပဒေများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment