Saturday, November 29, 2014

အသစ်ရေးဆွဲသည့် မီးသတ်တပ်ဖွဲ့ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့်အစီရင်ခံစာကို လွှတ်တော်ကအတည်ပြု

 Photo: အမျိုးသားလွှတ်တော်အစည်းအဝေး
=======================

အသစ်ရေးဆွဲသည့် မီးသတ်တပ်ဖွဲ့ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့်အစီရင်ခံစာကို လွှတ်တော်ကအတည်ပြု
================================

နေပြည်တော် နိုဝင်ဘာ ၂၈

အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ၁၉၉၇ ခုနှစ်  မီးသတ်တပ်ဖွဲ့ဥပဒေ ကိုရုပ်သိမ်း၍   အသစ်ရေးဆွဲသည့် မီးသတ်တပ်ဖွဲ့ဥပဒေကြမ်းနှင့် စပ် လျဉ်းသည့်အစီရင်ခံစာကို တင်သွင်း ပြီး ယင်းဥပဒေကြမ်းကို လွှတ်တော် က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြု သည်။

ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင်   (၁၁) ကြိမ်မြောက်   ပုံမှန်အစည်းအဝေး တွင် မေးခွန်းများမေးမြန်းခြင်း၊  ဖြေ ကြားခြင်း၊ အဆိုများ အစီရင်ခံစာများ နှင့်  ဥပဒေကြမ်းများတင်သွင်းခြင်း၊   ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းများ ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မေးခွန်းများ မေးမြန်းခြင်းကဏ္ဍတွင် ကြယ်ပွင့်ပြမေးခွန်း ၁၅၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၂၃၉ ခုတို့ကို မေးမြန်းခဲ့ရာ  သက်ဆိုင်ရာဝန်ကြီး ဌာနများမှ   ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက   လွှတ်တော် တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊  စာဖြင့် ပေးပို့ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း၊  အဆိုများတင်သွင်းခြင်း ကဏ္ဍတွင် အဆိုကိုးခုတင်သွင်းခဲ့ရာ အဆိုခြောက်ခုကို အတည်ပြုနိုင်ခဲ့ပြီး အဆိုနှစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပါ ကြောင်း၊ လာမည့်အစည်းအဝေးတွင်   အဆုံးအဖြတ်ပြုမည့်   အဆိုတစ်ခု ကျန်ရှိပါကြောင်း။

ဥပဒေကြမ်း တင်သွင်းခြင်းကဏ္ဍတွင် အမျိုးသားလွှတ်တော်၌ စတင် ဆွေးနွေးနိုင်ရန် ပြည်ထောင်စုလွှတ် တော်ကပေးပို့သည့်  ဥပဒေကြမ်း ၁ဝ ခု၊   လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသည့်   ဥပဒေကြမ်းသုံးခု၊ အမျိုးသားလွှတ်တော်က အတည်ပြု ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ရန်ပေးပို့ထားသည့်   ဥပဒေကြမ်း ကိုးခု၊ ပြည်သူ့လွှတ်တော်တွင် စတင် တင်သွင်းပြီး   အတည်ပြုချက်ဖြင့် အမျိုးသားလွှတ်တော်တွင်  ဆွေးနွေး နိုင်ရန် ပေးပို့ခဲ့သည့် ဥပဒေကြမ်း ၁၂ ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍ၌ အစီရင်ခံစာ သုံးခုတင်သွင်းနိုင်ခဲ့ပြီး နှစ်ခုအား   မှတ်တမ်းတင်နိုင်ခဲ့ပါ ကြောင်း။

အမျိုးသားလွှတ်တော်ကော်မတီ အစည်းအဝေး(၁၁၈)ကြိမ်နှင့် ကော် မရှင်အစည်းအဝေး  အကြိမ်(၂ဝ) ပြုလုပ်ခဲ့ပါကြောင်း၊ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များ သိရှိ လိုသည့် သတင်းအချက်အလက် ၁၄ စောင်ကို ပြုစုပေးခဲ့ပါကြောင်း၊ အမျိုး သားလွှတ်တော်    ကိုယ်စားလှယ် များ စွမ်းရည်မြင့်မားစေရေးအတွက် Public Policy Making and Ca-pacity Building  ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါ ကြောင်း၊   အမျိုးသားလွှတ်တော် စာကြည့်တိုက်၌  စုစုပေါင်းစာအုပ် ၁ဝ၅၃ဝ အုပ်  စုဆောင်းရရှိထားပြီး ဖြစ်ပါကြောင်းနှင့်   ကိုယ်စားလှယ် အားလုံး မိမိတို့နေရပ်သို့ အဆင်ပြေ ချောမွေ့စွာ  ပြန်လည်ရောက်ရှိကြပြီး ပြည်သူတို့၏ ဆန္ဒလိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ကြပါစေဟု ဆုမွန် ကောင်းတောင်းပါကြောင်းဖြင့် ပြော ကြားသည်။

ယနေ့တွင် ပထမအကြိမ် အမျိုး သားလွှတ်တော်   (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး   အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းနှင့်   (၁၂)ကြိမ် မြောက်    ပုံမှန်အစည်းအဝေးကို ၂ဝ၁၅ ခုနှစ်   ဇန်နဝါရီလတွင်   ကျင်းပရန် လျာထားကြောင်း သိရ သည်။  

             (သတင်းစဉ်)
 
အမျိုးသားလွှတ်တော်အစည်းအဝေး

No comments:

Post a Comment