Saturday, November 29, 2014

ငြိမ်းချမ်းဝေစည် ကြွယ်ဝချမ်းသာမည်



ကြေးမုံ စာတည်းရှုထောင့်


ဒေသတစ်ခု၏ ပထဝီဝင်အနေအထားကိုအခြေပြု၍ လူမှုဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးသည် အခြေခံကျသည့် အချက်တစ်ခုဖြစ်သည်။ ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လည်း လျော့နည်း စေမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာသောကြောင့် နိုင်ငံအတွင်း၌သာမက ဒေသတွင်းမှာပါ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လျော့နည်းသွားသည်ဟု ဆိုနိုင်ပါသည်။ တစ်ချိန်သောကာလက လမ်းပန်းဆက်သွယ်ရေးမကောင်းသောကြောင့် ဒေသတွင်း စည်ပင်ဖွံ့ဖြိုး တိုးတက်မှုကွာဟချက်ကို မြင်တွေ့ခဲ့ကြရမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး ကောင်းမွန်မှုအပေါ်တွင် အခြေခံထားသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍နေသည်။ ဒေသတွင်း ပို့ဆောင်ရေးစနစ်၊ ပို့ဆောင်ရေးနည်းလမ်း၊ ပို့ဆောင်ရေးဆိုင်ရာ အင်စတီကျူးရှင်းများပါဝင်သော ပို့ဆောင်ရေးကဏ္ဍသည် ယင်းတို့ကို များစွာအထောက်အကူပြုသည်။ မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားများအရ ပို့ဆောင်ရေးကဏ္ဍတွင် ထူးခြားကောင်းမွန်သည့် အခွင့်အလမ်းများကို ပိုင်ဆိုင်ထားသည်။

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှအပြင် တောင်အာရှတို့နှင့်ပါ ဆက်သွယ်ရေးလမ်းကွန်ရက်များ၊ ပို့ဆောင်ရေးနည်းလမ်းများ သဘာဝအလျောက် ချိတ်ဆက်ထားပြီးဖြစ်သည်။ ယင်းအချက်ကိုပင် အာဆီယံနှင့် ဒေသတွင်း နိုင်ငံများက ဖော်ဆောင်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် များမကြာမီ ကာလတွင် မြန်မာနိုင်ငံသည် ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးအတွက် အချက်အချာကြသည့် ဒေသတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသည့်နိုင်ငံများကို ပြန်ကြည့်မည်ဆိုပါက ဝေးလံပြီး တောတောင်ထူထပ်သည့်ဒေသတွင် နေထိုင်ကြသည့်သူများသည် ကားလမ်းမရှိ၊ ရထားလမ်းမရှိ၊ လေယာဉ်ကွင်းမရှိနှင့် ဖွံ့ဖြိုးမှုနောက်ကျ၍ ဆင်းရဲတွင်းနက်ကြရသည်။ ထိုအခါ အာဟာရချို့တဲ့မှု၊ မိခင်နှင့်ကလေးသေနှုန်း မြင့်မှု၊ ကျောင်းမနေနိုင်မှု၊ စာမတတ်မြောက်မှုတို့ ဖြစ်ပေါ်နေကြောင်း တွေ့ရသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောအခါ ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များပါ ကောင်းမွန်လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင်လည်း အချို့ဒေသများ၌ ထိုလိုအပ်ချက်များ ကျန်ရှိနေသေးသည်။ အာဆီယံအသိုက်အဝန်း၏ ၂ဝ၁၅ အလွန်ရည်မှန်းချက်တွင် ထိုအချက်များပါလာခဲ့သည်။ မျက်မှောက်ကာလ သယ်ယူပို့ဆောင်ရေး ကွန်ရက်များနှင့် အခြေခံအဆောက်အအုံ အရည်အသွေးနှင့် အရေအတွက် ဖွံ့ဖြိုးရေးအတွက် အရေးတကြီးဆိုလာကြသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ရည်မှန်းချက်ပြည့်မီရေးအတွက် အမျိုးသားသယ်ယူပို့ဆောင်ရေး မဟာစီမံကိန်းကို ဂျပန်အစိုးရ၏အကူအညီဖြင့် ရေးဆွဲနေသည်ဟုသိရသည်။ ထိုမဟာစီမံကိန်းတွင် ကုန်းလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး နည်းလမ်းများ ပါဝင်သည်ဟုဆိုထားသည်။ ယင်းသည် နိုင်ငံတိုးတက်ဖို့နှင့် ပြည်သူများဘဝ မြှင့်တင်ဖို့ဟုဆိုထားသည်။ ရည်ရွယ်ချက်ကောင်းမွန်သဖြင့် ပြည်သူတို့အတွက် ကြီးမားသောမျှော်လင့်ချက်များပင်ဖြစ်သည်။

အာဆီယံ၏ ရည်မှန်းချက်ဖြစ်သည့် ''ငြိမ်းချမ်းဝေစည်၍ ကြွယ်ဝ ချမ်းသာသော အသိုက်အဝန်းပေါ်ထွန်းရေး''အဆိုကို ကျွန်ုပ်တို့မျက်မြင်ဒိဋ္ဌ တွေ့ကြရတော့မည်။ ယင်း၏အခြေခံအချက်တစ်ချက်ဖြစ်သည့် နိုင်ငံတွင်း သာမက ဒေသတွင်းကိုပါ အကျိုးဖြစ်ထွန်းစေမည့် ပို့ဆောင်ရေးစနစ်ကို အကြိမ်(၂ဝ)မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးမှ ဖော်ဆောင်နေသည်။ ထိုမှတစ်ဆင့် အသီးအပွင့်များ ပေါ်ထွက်လာမည်ဟု မျှော်လင့်မိပါသည်။

ထို့ကြောင့် ဒေသတွင်းငြိမ်းချမ်းဝေစည် ကြွယ်ဝချမ်းသာစေမည့် မဟာစီမံကိန်းများတွင် အားလုံးဝိုင်းဝန်းပူးပေါင်း၍ တက်တက်ကြွကြွ ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment