Friday, November 28, 2014

ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးအဆိုတွင်ပါရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် နည်းဥပဒေမထွက်သေးဆိုသည့်အချက် မှားယွင်းကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပြန်လည်ရှင်းလင်း

Photo: ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးအဆိုတွင်ပါရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်
ပတ်သက်သည့် နည်းဥပဒေမထွက်သေးဆိုသည့်အချက် မှားယွင်းကြောင်း 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပြန်လည်ရှင်းလင်း

နေပြည်တော်   နိုဝင်ဘာ   ၂၇

ပထမအကြိမ်   ပြည်ထောင်စု လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့ ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၌ ဆက်လက်ကျင်းပရာ ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင် ဆန်းစုကြည်က    ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ၆၆ တွင်ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ   ပြည်ထောင်စုလွှတ်တော်က  ပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများကို နိုင်ငံတော်၏လိုအပ်ချက် နှင့်အညီ အကောင်အထည်ဖော်နိုင် ရေးအတွက် နည်းဥပဒေများ၊စည်းမျဉ်း စည်းကမ်းများ စသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ဆောလျင်စွာ ထုတ်ပြန်ဆောင်ရွက်ပေးရန်  ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း အရေးကြီး အဆိုကို တင်သွင်းခဲ့သည်။

ထိုကဲ့သို့တင်သွင်းရာတွင် မိမိတို့ ဥပဒေပြုရေး  မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်၏   အဓိကတာဝန်မှာ  ပြည်သူနှင့်နိုင်ငံကို  အကျိုးပြုသည့် ဥပဒေများပြဋ္ဌာန်းပေးနိုင်ရန် ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းဥပဒေများသည် ထိရောက်မှုရှိပါမှ ပြည်သူများ၏ဘဝပေါ်တွင် ထိရောက်မှုရှိမှသာ မိမိတို့သည် ပြည်သူအကျိုးပြု သည်ဟု ဆိုနိုင်မည်ဖြစ်ပါကြောင်း။

ဦးဇော်မြင့်ဖေ  တင်ပြခဲ့သည့် အခါတွင် ကောင်းသောအုပ်ချုပ်မှုစနစ်အတွက် နည်းဥပဒေများ  လိုအပ်သည်ဟုဆိုကာ   ပြောကြားသွားပါကြောင်း၊ မိမိအနေဖြင့် ဒီထက်ပို၍ ကျယ်ကျယ်ဝင့်ဝင့်ပြောလိုပါကြောင်း၊ ဥပမာအချို့ဖြင့် ပြောလိုပါကြောင်း၊ ဥပမာအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဥပဒေကို ၂-၁၁-၂ဝ၁၂ ရက် တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း ပြီးဖြစ်ပါကြောင်း။

သို့သော်လည်း  ယခုထက်ထိ  နည်းဥပဒေများ မထွက်ပေါ်လာနိုင်ခြင်းကြောင့်      မိမိတို့နိုင်ငံ၌ လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို   လိုအပ်သလောက်မရ    ဖြစ်နေပါကြောင်း။ 

မိမိတို့မြန်မာနိုင်ငံ၌    ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် ရောက်လာသည့် လုပ်ငန်းရှင်အချို့သည် နည်းဥပဒေ များမရှိခြင်းကြောင့်   စဉ်းစားသာ စဉ်းစားကာ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ဘဲ  ပြန်သွားကြသည်မှာ တော်တော်များများရှိနေသည်ကိုလည်း မိမိတို့  မြင်တွေ့နေရပါကြောင်း၊ ၃၁-၇-၂ဝ၁၃ မှစတင်ပြီး    ငွေကြေးသက်သေခံ လက်မှတ်များ   လဲလှယ်ခြင်းနှင့်  ရောင်းဝယ်ရေး   ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် လည်း ယင်းဥပဒေနှင့်  ပတ်သက်လာပါက နည်းဥပဒေနှင့် စည်းမျဉ်း စည်း ကမ်းများ မထွက်လာသေးပါကြောင်း။

အလုပ်သမားများနှင့် ပတ်သက်၍  ဦးဇော်မြင့်ဖေက အနည်းဆုံးလခ၊ အနည်းဆုံး  အခကြေးငွေဥပဒေကို ပြောသွားပါကြောင်း၊ ယင်းဥပဒေများ သည်  ထုတ်သာထုတ်ထားသော်ငြား ပြဋ္ဌာန်းထားမှုများ   ရှိနေသော်ငြား နည်းဥပဒေများ မထွက်သေးကြောင်း၊  စည်းမျဉ်းစည်းကမ်းများ မထွက်သေး ပါကြောင်း၊  တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေကို ၈-၁ဝ-၂ဝ၁၃ ရက်ကတည်းက ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊  သို့ရာတွင် ယင်းဥပဒေသည် လည်း နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ မထွက်ပေါ်လာသေးသောကြောင့်   ထိရောက်မှု   မရှိသေး ပါကြောင်း။

သတင်းမီဒီယာနှင့်  ပတ်သက်သည့် ဥပဒေဆိုပါကလည်း ယခုနှစ် အစောပိုင်းတွင်   ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် ယခုထက် တိုင် နည်းဥပဒေများ   စည်းမျဉ်း စည်းကမ်းများ   မထွက်သေးသည့် အတွက်  ယင်းမီဒီယာဥပဒေသည်လည်း   သက်ရောက်မှုမရှိသေးပါကြောင်း၊ ပြီးပြည့်စုံပြီဟု ပြောနိုင်စေရန်အတွက် နည်းဥပဒေ၊  စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ပေးနိုင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

အဆိုပါ   ဆွေးနွေးချက်နှင့် ပတ်သက်၍   ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၂ဝ၁၂ နိုဝင်ဘာလ တွင် ပြဋ္ဌာန်းခဲ့သည့်    ဥပဒေနှင့်  ပတ်သက်၍  ရှင်းလင်းတင်ပြလိုပါ ကြောင်း၊   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂ဝ၁၂ နိုဝင်ဘာလ ၂ ရက် တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ  နည်း ဥပဒေကို   အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု   ဝန်ကြီး ဌာနအနေဖြင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်နေ့ရက်စွဲဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မိမိ ကိုယ်တိုင် လက်မှတ်ရေးထိုးထုတ်ပြန် ခဲ့ပြီးဖြစ်ပါကြောင်း။

အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်   နည်းဥပဒေနှစ်ခုစလုံးကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ပူးတွဲ ရိုက်နှိပ်ပြီး စာအုပ်များထုတ်ပြန်ထား ပြီးဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဥပဒေဆိုင်ရာ  လုပ်ထုံးလုပ်နည်း များကိုလည်း စာအုပ်များ   ရိုက်နှိပ် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊  ထို့ အတွက် အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံ  မှုဥပဒေနှင့် သက်ဆိုင်သည့်  နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို  သတ်မှတ်ထားသည့် ရက်အတွင်းတွင် အမျိုးသားစီမံကိန်းနှင့် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေ ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်းနှင့် အဆိုပါ  ထုတ်ပြန်ထားပြီးသော စာအုပ်စာတမ်းများကို တင်ပြပေးမည် ဖြစ်ပါကြောင်းဖြင့်   ရှင်းလင်းဖြေ ကြားသည်။

ယင်းနောက်   ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားရာ တွင် ဝန်ကြီးတင်ပြသွားသကဲ့သို့  မိမိ တို့ ပြန်ကြည့်သည့်အခါတွင် ၇-၁၁-၂ဝ၁၄ ရက်အထိ နောက်ဆုံးထားသည့် မှတ်တမ်းအမှတ်စဉ်(၈)တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ၊  စီမံ/ စီးပွားက ပေးပို့သည့် ရက်က ၃၁-၁-၂ဝ၁၃ အမိန့်ကြော်ငြာစာကို ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် တို့က ၁-၂-၂ဝ၁၃ ရက်တွင် ဖြန့်ဝေပါ ကြောင်း၊ ထို့အတွက် ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တွင် ရှိကြသည့် လွှတ်တော်ကိုယ်စားလှယ် များက ပေးပို့လာသော နည်းဥပဒေ၊ အမိန့်ကြော်ငြာစာကို ပြင်ဆင်ချက်ရှိ ပါကြောင်း၊ ယင်းမှာ ၂၅-၃-၂ဝ၁၃ ရက်နေ့တွင် ပြင်ဆင်ချက်နှင့် အတည် ပြုပြီးဖြစ်ပါကြောင်း၊ ထို့အတွက် မိမိ တို့ထံတွင်ရှိသည့်    မှတ်တမ်းမှာ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ကံဇော်၏ ဝန်ကြီးဌာနမှ ထုတ်ပြန်ပေးသည်ကို   တွေ့ရှိရပါကြောင်း ဖြင့် ပြောကြားခဲ့သည်။

အဆိုနှင့်  ပတ်သက်၍ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အနည်းဆုံးအခကြေးငွေ နည်းဥပဒေ များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၂ဝ-၆-၂ဝ၁၃ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့  စိစစ်အကြံပြုခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက   ယင်း နည်းဥပဒေများကို  ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ လူမှုဖူလုံရေး နည်းဥပဒေများကို  ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၂၆-၆-၂ဝ၁၃ ရက် တွင်  သက်ဆိုင်ရာဝန်ကြီးဌာနသို့ စိစစ်အကြံပြုခဲ့ပြီး   သက်ဆိုင်ရာ ဝန်ကြီးဌာနက ယင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တောင် သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့်   အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေများကို   ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၄-၄-၂ဝ၁၄ ရက် တွင်  ပထမအကြိမ်၊ ၂၅-၇-၂ဝ၁၄ ရက်တွင် ဒုတိယအကြိမ်  စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြု ခဲ့ပြီးဖြစ်ပါကြောင်း၊   သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်လည်း  အမြန် ဆုံးထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။

ငွေချေး  သက်သေခံလက်မှတ် ရောင်းဝယ်ရေး နည်းဥပဒေများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၁၄-၈-၂ဝ၁၄ ရက်တွင်  သက်ဆိုင်ရာ ဝန်ကြီးဌာနသို့  စိစစ်အကြံပြုခဲ့ပြီး သတင်းမီဒီယာ  နည်းဥပဒေများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၂၁-၁ဝ-၂ဝ၁၄ ရက်တွင်လည်းကောင်း၊ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ  နည်း ဥပဒေများကို ၁၇-၁ဝ-၂ဝ၁၄   ရက် တွင်လည်းကောင်း လက်ခံရရှိခဲ့ပြီး အမြန်ဆုံး စိစစ်အကြံပြုပေးပို့နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနများအနေဖြင့် ထုတ်ပြန်ရန်လိုအပ်သည့် နည်းဥပဒေများ ကို အချိန်မီထုတ်ပြန်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်  ရှိကြသော်လည်း လက်တွေ့နည်းဥပဒေများ ရေးဆွဲရာ တွင် ဥပဒေနှင့်အညီ ချောချောမွေ့မွေ့ အကောင်အထည်    ဖော်နိုင်ရန် အတွက် အသေးစိတ် ကျယ်ကျယ် ပြန့်ပြန့်ရေးဆွဲရခြင်း၊   လိုအပ်လျှင် ပုံစံဇယားများ ထည့်သွင်းဖော်ပြရခြင်း၊ နည်းဥပဒေတွင် ပါဝင်မည့်  အချက် အလက်များနှင့် စပ်လျဉ်း၍ ဆက်စပ် သည့်ဌာန၊   အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်း၊   အချို့ ဥပဒေများမှာ  အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သက်ဆိုင်သဖြင့် ယင်း အဖွဲ့အစည်းများနှင့်  ညှိနှိုင်းဆောင် ရွက်ရခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များ၏   ဥပဒေရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်မှု အားနည်းနေသေးခြင်း စသည်တို့ကြောင့်  ဝန်ကြီးဌာနများ အနေဖြင့် အချိန်မီထုတ်ပြန်နိုင်ရေးမှာ အခက်အခဲများလည်း ရှိနေပြီး ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးကလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

တင်ပြရလျှင် ယခု နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ပြည်ထောင်စု ဝန်ကြီးဌာန (၂၂)ခုမှ စုစုပေါင်း ၄၄ ဦး ပါဝင်ပြီး ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် UNDP တို့ ပူးပေါင်း၍ ဥပဒေ ရေးဆွဲရာတွင် အထောက်အကူပြု နိုင်ရေးအတွက် အရည်အသွေးမြှင့် တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရွှေ နန်းတော်ဟိုတယ်တွင်  ဆောင်ရွက်လျက်ရှိပါကြောင်း။

အလားတူ ပထမအကြိမ်ကိုလည်း ပြည်ထောင်စု   ရှေ့နေချုပ်ရုံးနှင့် UNDP ပူးပေါင်းကာ ဥပဒေရေးဆွဲ ရေးနှင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ၂၃-၁ဝ-၂ဝ၁၃ ရက်မှ ၁-၁၁-၂ဝ၁၃ ရက် အထိ ကျင်းပခဲ့ပါကြောင်းကို တင်ပြ လိုပါကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။  (သတင်းစဉ်)

No comments:

Post a Comment