Sunday, November 2, 2014

သတင်းအချက်အလက်နည်းပညာသုံးစာကြည့်တိုက်များအဖြစ် ပြောင်းလဲရန်Beyond Access Myanmar စီမံကိန်းစတင်




ရန်ကုန် နိုဝင်ဘာ ၁

မြန်မာနိုင်ငံရှိ စာကြည့်တိုက်များအား သတင်းအချက် အလက်နည်းပညာအသုံးပြုနိုင်သော စာကြည့်တိုက်များ အဖြစ် ပြောင်းလဲရန်Beyond Access Myanmar စီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါ စီမံကိန်းကို ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ အင်တာနက်ကွန်ရက်ရရှိသော ခရိုင်နှင့်မြို့နယ် စာကြည့် တိုက် ၅၅ ခုတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ ၂ဝ၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင် ရွက်သွားနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

  မြန်မာနိုင်ငံရှိ အများပြည်သူစာကြည့်တိုက်များကို ခေတ်သစ်ရပ်ရွာ အကျိုးပြု ဗဟိုဌာနများအဖြစ် ပြောင်း လဲသွားမည့် အဆိုပါ စီမံကိန်းကို Myanmar Book Aid and Preservation Foundation(MBAPF)၊Ooredoo၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်IREX နိုင်ငံတကာအဖွဲ့ အစည်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

Beyond Access Myanmar စီမံကိန်းသည် အများပြည်သူစာကြည့်တိုက်စနစ် အားကောင်းလာစေရန် စာကြည့်တိုက်မှူးများအား နည်းပညာနှင့် ပြည်သူဗဟိုပြု စာကြည့်တိုက်ဝန်ဆောင်မှုများ လေ့ကျင့်သင်ကြားပေး ခြင်း၊ နည်းပညာအသုံးပြုရန်လိုအပ်သော နည်းပညာ ဆိုင်ရာပစ္စည်းများ တပ်ဆင်ပံ့ပိုးခြင်း၊ နည်းပညာသုံး စာကြည့်တိုက်များ အဆင့်မြင့်မွမ်းမံခြင်းများကို စာကြည့် တိုက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

''မြန်မာပြည်မှာ သတင်းအချက်အလက်ရရှိမှု ခက်ခဲ တာဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ အများပြည်သူစာကြည့် တိုက်များပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ စာကြည့်တိုက်မှူး တွေကို ဝန်ဆောင်မှုအသစ်တွေပေးနိုင်ဖို့ အင်တာနက်နဲ့ နည်းပညာသုံးပြီး လိုအပ်တဲ့သတင်းအချက် အလက်တွေ ရယူတတ်ဖို့ လေ့ကျင့်သင်ကြားပေးသွားမှာပါ။ စာကြည့် တိုက်တွေအတွက် လိုအပ်တဲ့စာအုပ်တွေ၊ နောက်ဆုံးထွက် ရှိတဲ့ စာအုပ်တွေကအစ ပံ့ပိုးပေးဖို့နဲTablet တွေမှာ မြန်မာစကားနဲ့သင်ကြားတဲ့ Application ကိုလည်း ပံ့ပိုး ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒီစီမံကိန်းအရ ပထမဆုံး အနေနဲ့ လူ ၂၂ဝဝဝ က အင်တာနက်သုံးပြီး အိုင်စီတီ နည်းပညာတွေကို သင်ကြားခွင့်ရမှာပါ။ သင်တန်းဆရာ စာကြည့်တိုက်မှူးတွေကိုလည်း Tabletအသုံးပြုပုံနှင့် နည်းပညာဆိုင်ရာအခြေခံအားလုံးသင်ကြားပေးမှာပါ။ ဒီလို Tablet သုံးတာကြောင့် လျှပ်စစ်မီးမရှိတဲ့နေရာတွေမှာပါ အသုံးပြုနိုင်တဲ့အားသာချက်ကို ရရှိမှာပါ။ အစိုးရရော၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကပါ သတင်းအချက် အလက်ရရှိဖို့ အထူးစိတ်ဝင်စားတာတွေ့ရတဲ့အတွက် ဒီစီမံကိန်းအောင်မြင်မယ်လို့ ယုံကြည်ပါတယ်''ဟုMBAPF၏အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော် ကောင်းက ပြောကြားသည်။

''မိုဘိုင်းအော်ပရေတာဖြစ်တဲ့Ooredoo က စာကြည့်တိုက် ၅၅ ခုမှာ Pilot Project အနေနဲ့ လိုအပ်တဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေကို ပံ့ပိုးပေးတာပါ။ နောက် နှစ်မှာ ဒီထက်များအောင်တိုးချဲ့သွားချင်ပါတယ်။ မြန်မာ့ လူမှုအသိုက်အဝန်းတိုးတက်ကောင်းမွန်အောင် ဆောင် ရွက်မှုတွေမှာ Ooredoo အနေနဲ့ ဆက်လက်ပါဝင်သွားမှာ ဖြစ်ပါတယ်''ဟု Ooredooမှ မန်နေဂျာ မသီရိကြာညိုက ပြောကြားသည်။

ယခုနှစ် စီမံကိန်းတွင်ပါဝင်သော စာကြည့်တိုက် ၅၅ ခုတွင် တက်ဘလက်ကွန်ပျူတာများ၊3G Wireless Routers များနှင့် မြန်နှုန်းမြင့်အင်တာနက်များ တပ်ဆင် ပံ့ပိုးပေးခြင်းကို Ooredoo ဆက်သွယ်ရေးကုမ္ပဏီက ပံ့ပိုး ပေးမည်ဖြစ်ကာ စီမံကိန်းကိုစီမံခန့်ခွဲခြင်းနှင့် လေ့ကျင့် သင်ကြားမှုတွင် ညှိနှိုင်းဆောင်ရွက်ခြင်းများကိုMBAPF က ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးလေ့ကျင့်ပေးသူ များအဖြစ် ဆောင်ရွက်မည့်ဝန်ထမ်းများနှင့် နည်းပညာ သုံးစာကြည့်တိုက်များကို အဆင့်မြင့်မွမ်းမံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက်IREX နိုင်ငံတကာအဖွဲ့အစည်းက ကူညီပံ့ပိုးသွားမည်ဖြစ် သည်။IREX ၏ Beyond Access စီမံကိန်းသည် အများပြည်သူစာကြည့်တိုက်များကို ခေတ်မီနည်းပညာသုံးစာကြည့်တိုက်များဖြစ်အောင် ဆောင်ရွက်နေသော ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် အများပြည်သူစာကြည့်တိုက်ပေါင်း ၅ဝဝဝ နီးပါးရှိပြီး ယခုစီမံကိန်းကို စာကြည့်တိုက်အားလုံးတွင် ၂ဝ၁၅ ခုနှစ် အတွင်း လွှမ်းခြုံနိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းစတင်ခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပ ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့်ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း-မိုးသူဇာစိုး
ဓာတ်ပုံ-တင်အေး(ပြန်/ဆက်)

No comments:

Post a Comment