နေပြည်တော် အောက်တိုဘာ ၂၆
နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ဧရာဝတီအသင်းသည်
အပြီးသတ်ကစားသမား ၁၈ ဦးကို ရွေးချယ်လိုက်ပြီဖြစ်သည်။
အပြီးသတ်ရွေးချယ်ရာတွင် နိုင်ငံခြားသား
ကစားသမားသုံးဦး အပါအဝင် အမာခံကစားသမား အစုံအလင် ပါဝင်လာသော်လည်း
လက်ရွေးစင်နှင့် ယူ-၁၉ကစားသမားများကို ရွေးချယ် နိုင်ခြင်းမရှိခဲ့ပေ။ပြိုင်ပွဲဝင်မည့် ဧရာဝတီအသင်းတွင် အုပ်ချုပ်သူ ဦးလင်းရောင်၊ နည်းပြချုပ် ဦးဆန်းဝင်း၊ လက်ထောက် နည်းပြ များအဖြစ် ဦးအောင်ခိုင်၊ ဦးမိုးဟိန်း မြင့်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော် ကျော်၊ ကစားသမားများအဖြစ် ဂိုး-ချမ်းငြိမ်းကျော်၊ နေလှိုင်၊ နောက်တန်း-စံမျိုးဦး၊ မိုးဝင်း၊ ကလစ်ဖို့ဒ်၊ ဟိန်းသီဟ ဇော်၊ ရွှေလှိုင်ဝင်း၊ နေလင်းအောင်၊ အလယ်တန်း နိုင်လင်းဦး၊ ဖြိုးကိုကို သိန်း၊ အေးကိုကိုမောင်၊ အောင်ကျော် မျိုး၊ နေလင်းထွန်း၊ သီဟဇော်၊ ကင်မ် ဆောင်မင်၊ ရှေ့တန်း-ကိုနေး၊ စိုးကျော် ကျော်နှင့်ရန်ပိုင်စိုးတို့ ပါဝင်ကြသည်။
၂ဝ၁၄ရာသီ MFF Cup ရှုံး၊ထွက် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် ဧရာဝတီအသင်းသည် နိုင်ငံတကာ ကလပ်အသင်းပြိုင်ပွဲနှစ်ခုကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည့် မဲခေါင်တိုယိုတာကလပ်အသင်း ပြိုင်ပွဲနှင့် နိုဝင်ဘာ ၇ ရက်မှ ၁၆ ရက် အထိ ကျင်းပမည့် BTV Cup ပြိုင်ပွဲတို့ဖြစ်ပြီး ပြိုင်ပွဲနှစ်ခုစလုံးကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။
မဲခေါင်တိုယိုတာ ဖလားပြိုင်ပွဲကို အသင်းလေးသင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပုံစံဖြင့် ကစားကာ အနိုင်ရရှိသောနှစ်သင်းမှာ ဗိုလ်လုပွဲတက်ရမည်ဖြစ်သည်။ ဆီမီးပွဲစဉ်အဖြစ် မြန်မာကိုယ်စားပြု ဧရာဝတီအသင်းမှာ လာအိုကလပ် Hoang Atin Attapeu အသင်းနှင့် တွေ့ဆုံနေပြီး အခြားပွဲစဉ်အဖြစ် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်စရောင်းအသင်းနှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆီမီးပွဲစဉ်များကို အောက်တိုဘာ ၃၁ ရက်နှင့် ဗိုလ်လုပွဲကို နိုဝင်ဘာ ၂ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။
BTV Cup ဘောလုံးပြိုင်ပွဲကို အသင်းရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဗွီလိဂ်ပြိုင်ပွဲမှ အဆင့်တစ်မှ လေးအထိ လေးသင်း၊ ဧရာဝတီ အသင်း၊ ကိုရီးယားတက္ကသိုလ်လက်ရွေးစင် အသင်း၊ ဘရာဇီးပထမတန်းအသင်း တစ်သင်းနှင့် အာဆီယံဒေသတွင်းမှ ကလပ်အသင်း တစ်သင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဧရာဝတီအသင်းမှာ ၂ဝ၁၅ AFC Cup ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် အသင်းလည်းဖြစ်သည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-ရှိုင်းထက်ဇော်
No comments:
Post a Comment