Wednesday, October 29, 2014

ကြေးမုံ စားတည်းရှုထောင့်



ဆေးဝါးသုံးစွဲမှုအလေးဂရုပြု

 
 ၂၉-၁ဝ-၂ဝ၁၄၊ ဗုဒ္ဓဟူးနေ့

ပြည်သူများကျန်းမာရေးအတွက် အရေးကြီးသော ဆောင်ရွက်မှုများတွင် နေထိုင်မှုပုံစံ၊ စားသောက်မှုအနေအထား၊ ဆေးဝါးသုံးစွဲမှုနှင့် ဆေးကုသမှုခံ ယူခြင်းစသည့် အချက်များသည် အဓိကကျသော အချက်များဖြစ်ပါသည်။ ထိုအနေအထားများကို ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက် တတ်မှသာ ကျန်းမာကြံ့ခိုင်သောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

ဆိုပါအချက်များအနက် ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် အရေးတကြီးလိုအပ်လာပါက ရှေးဦးစွာ အိမ်သုံးဆေးဝါးများကို တတ်ကျွမ်း နားလည်သူထံမှဖြစ်စေ၊ မိမိသိရှိနားလည်သလောက်ဖြင့် နီးစပ်ရာဆေးဆိုင် တစ်ဆိုင်ဆိုင်မှဖြစ်စေ အလွယ်တကူဝယ်ယူအသုံးပြုတတ်ကြသည်ကို တွေ့ရ ပါသည်။

ထိုသို့အသုံးပြုကြရာ၌ အနာနှင့်ဆေးတည့်သဖြင့် ပျောက်ကင်းသွား ကြသူများရှိသလို ဆေးဝါးအာနိသင် လိုအပ်ချက်၊ ဆေးဝါးသုံးစွဲခြင်း လွဲမှားမှု တို့ကြောင့် ဘေးထွက်ဆိုးကျိုးများနှင့် ကြုံတွေ့ကြရသူများလည်းရှိပါသည်။ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးဖြစ်ကြရပါသည်။ ထို့ကြောင့် ဆေးဝါးများကို သုံးစွဲမည်ဆိုပါက တတ်သိနားလည် ကျွမ်းကျင်သူများ၏ ညွှန်ကြားချက်နှင့်အညီ သုံးစွဲသင့်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဆေးဝါးအညွှန်းကိန်းထက်ဝက်ခန့်သည် သင့်လျော်မှန်ကန်မှုမရှိကြောင်း၊ ဆေးဝါးသောက်သုံးသူများ၏ ထက်ဝက်ခန့်သည်လည်း ဆေးညွှန်းအတိုင်း မသောက်သုံးကြကြောင်း၊ ပဋိဇီဝဆေးများကိုလည်း မလိုအပ်ဘဲအသုံးပြုနေကြ သည့်အတွက် ဆေးဝါးယဉ်ပါးမှုအဖြစ်များကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ ယနေ့ကာလတွင် ဆေးဝါးကဏ္ဍသည် အရေးပါသည့် အနေအထားတွင်ရှိလာသည်။ ယခင်က ပြည်သူများအနေဖြင့် ကျန်းမာရေး လိုအပ်ချက်အရ ဆေးကုသကြရာတွင် မိမိတို့၏ လူမှု ဘဝအခြေအနေအလိုက် လိုအပ်သောဆေးဝါးများကို သက်ဆိုင်ရာ၏ ညွှန်ကြားချက်နှင့်အညီ ဆေးစစ်ဆေးမှန်များ ရှာဖွေဝယ်ယူကြရာ၌ အချို့နေရာများတွင် ပြင်ပမှ ရောင်းချကြသော ဆေးဝါးများကို အားကိုးအားထားပြုခဲ့ကြရသည်။ ထိုအခါ ဆေးစစ်ဆေးမှန်များ ရရှိသုံးစွဲကြရသဖြင့် ရောဂါပျောက်ကင်းကြသလို မစစ်မှန်သောဆေးဝါးများ၊ စံချိန်မမီသောဆေးဝါးများကို သုံးစွဲလိုက်ရသဖြင့် ရောဂါမသက်သာသည့်အပြင် ဘေးထွက်ဆိုးကျိုးများနှင့် ကြုံရဖူးသူများလည်း ရှိသည်။

ယခုအခါ ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆေးနှင့်ဆေးဝါးဝယ်ယူခြင်း လုပ်ငန်းများကို ဗဟိုမှဝယ်ယူခြင်းအပြင် ဗဟို အဆင့်ဆေးရုံကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဆေးရုံအဆင့်များ၊ ကျန်းမာရေးဦးစီးဌာနမှူးများ၏ အစီအစဉ်ဖြင့်ဝယ်ယူမှုများကို ခွင့်ပြုပေးထားကြောင်း သိရသည်။ ထိုသို့ စီစဉ်ပေးနိုင်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၌ ပြည်သူများအတွက် ဆေးစစ်ဆေးမှန်များရရှိပြီး ရောဂါပျောက်ကင်းသက်သာလိမ့်မည်ဟု ယုံကြည်ပါသည်။

ထို့အပြင် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရ၏ ဆေးဝါး ဝယ်ယူရန် ခွင့်ပြုရန်ပုံငွေဖြင့် အခြေခံကျသော၊ အဓိကကျသော ဆေးဝါးများ ဝယ်ယူခဲ့ကာ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံအားလုံး၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲအားလုံးသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး အဆိုပါ ဆေးဝါးများဖြင့်ပင် လူနာများအား အခမဲ့ဆေးကုသဆောင်ရွက်ပေးမှုများ ပြုနေပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဆေးဝါးယဉ်ပါးမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ဆေးဝါး ညွှန်းသူများ၊ ဆေးဝါးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းများကို သိရှိစေပြီး လိုက်နာမှုရှိမရှိ ပြန်လည်ဆန်းစစ်ကာ လိုအပ်ပါက အရေးယူ ခြင်းတို့ကိုပါ ဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျန်းမာရေးလိုအပ်ချက်အရ ဆေးကုသသူများအနေဖြင့် ညွှန်ကြားချက်နှင့်အညီ ဆေးစစ်ဆေးမှန်များကို သုံးစွဲတတ်ရန်လိုအပ်သကဲ့သို့ ဆေးဝါးဖြန့်ဖြူးသူ၊ ရောင်းချသူများဘက်ကလည်း မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများကျန်းမာမှုကို အလေးဂရုပြုကြရမည် ဖြစ်ပါသည်။ ။

No comments:

Post a Comment