Sunday, October 26, 2014

ကုန်ကြမ်းအရည်အသွေးမကောင်းခြင်းက ဈေးကွက်မထိုးဖောက်နိုင်သည့် အချက်တစ်ချက်ဖြစ်

Photo: ကုန်ကြမ်းအရည်အသွေးမကောင်းခြင်းက ဈေးကွက်မထိုးဖောက်နိုင်သည့် အချက်တစ်ချက်ဖြစ်

ပိန်းဇလုပ်    အောက်တိုဘာ   ၂၅

ဆန်၏သွင်ပြင်လက္ခဏာများ ကောင်းခြင်းနှင့် သန့်စင်မှုရှိခြင်းတို့သည် ဆန်အရည်အသွေးကောင်းခြင်း၏ အရေးပါသောအချက်ဖြစ်သည်။ ဆန်အရည်အသွေးကောင်းမှသာ ပြည်တွင်းစားသုံးမှုရော ပြည်ပတင်ပို့မှုတွင်ပါ မျက်နှာပန်းလှမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ ဆန်စပါး ထွက်ရှိမှုနှုန်း မြင့်မားနေသော်လည်း ကုန်ကြမ်းအရည်အသွေး  မကောင်း ခြင်းကြောင့် အရည်အသွေးကောင်း သည့် ဆန်အမျိုးအစား မထွက်ရှိသည့် အပြင် ဈေးကွက်ထိုး ဖောက်နိုင်မှုအတွက်  အဟန့်အတားဖြစ်စေကြောင်း  ပဲခူးတိုင်းဒေသကြီး  ပိန်းဇလုပ်မြို့ သမစိတ္တဆန်စက် တာဝန်ခံ ဦးအေးထက်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း  ဆန်အထွက် နှုန်းမြင့်မားနေသော်လည်း ပြည်ပ ဈေးကွက်ဝင် တန်းမြင့်ဆန်များကြိတ်ခွဲ ရန်အတွက် အရည်အသွေးမြင့်မားစွာ စိုက်ပျိုးထုတ်လုပ်နိုင်မှုနည်းပါးသည်ကတစ်ကြောင်း၊ လက်ရှိကာလတွင် ဆန်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်သမားများ အနေဖြင့်လည်း ပြည်တွင်းစားသုံးမှုနှင့် ကိုက်ညီသော ဆန်အဖြစ်သာကြိတ်ခွဲ နေကြကြောင်း၊ ယင်းသို့သောအချက်များကြောင့် ပြည်တွင်းပြည်ပဈေးကွက် များသို့ ဝင်ရောက်ထိုးဖောက်မှုအတွက် အဟန့်အတားများဖြစ်စေကြောင်း သိရသည်။

''ကျွန်တော်တို့ဆန်စက်က တန် ၆ဝ ကျတဲ့ စက်ပါ။ ဆန်ဈေးတွေကလည်း အတော်လေးကို ထိုးကျနေတယ်။ ဆန် အရောင်းအဝယ်သမားတွေလည်း အရှုံး ပေါ်နေတယ်။ ပြည်ပပို့ကုန်အရည် အသွေးမီအောင် ကြိတ်ခွဲနိုင်ပေမယ့် ပြည်ပပို့ဖို့ မလုပ်နိုင်သေးဘူး။ ကိုယ်ပိုင် ဈေးကွက်မရှိတဲ့ဆန်စက်တွေနဲ့ အရောင်း အဝယ်သမားတွေ ဈေးနှိမ်ခံနေရတယ်။ တန်းမြင့်ဆန်ရရှိအောင် ကြိတ်နိုင်ပေမယ့်    အခုထိစားသုံးသူလက်ထဲ အရောက် မထည့်နိုင်သေးတာတွေ့ရတယ်။ ကုန်ကြမ်းတွေကိုတော့ ဈေးကွက်ချောင်ရင် ချောင်သလို ပဲခူး၊ ပိန်း ဇလုပ်၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ကျောက်တံခါးစတဲ့ မြို့၊ ရွာတွေတင် မကဘဲ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ထိအောင်သွားရောက်ဝယ်ယူရပါတယ်။ ဓနအင်အားကြီးလုပ်ငန်းရှင်တွေကို မတိုးနိုင်သေးတာက တစ်ကြောင်း၊ ပြည်ပကို မတင်ပို့နိုင်တာကတစ်ချက် စတဲ့အခက်အခဲတွေ  ရှိနေတော့ အောက်ဝယ်လက်တွေ  ပျော်ဘွယ်၊ မိတ္ထီလာ၊ တောင်သာ၊ မန္တလေး အဲဒီမြို့ တွေအပြင် မူဆယ်ဘက်အထိ တင်ပို့ ရောင်းချကြရတယ်။ ဖြစ်နိုင်မယ်ဆိုရင် အဆင့်မြင့်ဆန်တွေကြိတ်ခွဲပြီး ပြည်ပ ကိုတင်ပို့နိုင်ဖို့နဲ့    စားသုံးသူတွေဆီ အရောက်ပို့နိုင်ဖို့ ရည်ရွယ်ထားပါတယ်'' ဟု ပိန်းဇလုပ်မြို့ သမစိတ္တဆန်စက် တာဝန်ခံ  ဦးအေးထက်ထွန်းက သူ့အမြင်ကို ရှင်းပြသည်။

မြန်မာ့ဆန်ကို ရုရှားနှင့် ဥရောပနိုင်ငံများက ပိုမိုဝယ်ယူကြသည်ဆိုသော် ငြားလည်း အဓိကဝယ်လိုအားရှိသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ သို့ရာ တွင် မြန်မာနိုင်ငံမှ  တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့နေပါသော်လည်း တရုတ်တွင်  ဆန်မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေခြင်းကြောင့်   တရုတ်သို့ တင်ပို့မှုမှာ အခက်အခဲဖြစ်ပေါ်နေပြီး တရားဝင်ဈေးကွက်တင်ပို့မှုဖြစ်လာ စေရန် မြန်မာနှင့် တရုတ်အစိုးရတာဝန် ရှိသူများ ညှိနှိုင်းခဲ့ပြီးနောက် တရုတ်ဘက်က ပထမဆုံးအကြိမ်အဖြစ် ဆန် တန်ချိန် ၂ဝဝဝဝဝ တရားဝင်ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း သိရသည်။

သတင်း-နိုင်လင်းကြည်
ဓာတ်ပုံ-ရာမည

No comments:

Post a Comment