တောင်ငူ အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး တောင်ငူဒေသ ဆည်မြောင်းဦးစီးဌာနမှ စက်မှုတိုင်း(၂) ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊လက်ထောက်ညွှန်ကြား ရေးမှူးများဖြစ်ကြသော
ဦးထွန်းခင်သန်း၊ ဦးသက်ဝင်းနှင့်ဦးသိန်းကျော်တို့ ဦးစီးသော
တည်ဆောက်ရေး (၅)၊ ထိန်းသိမ်းရေးနှင့်စက်မှုတိုင်း (၂)တို့မှ
ဝန်ထမ်းစုစုပေါင်း ၂ဝဝ ခန့်တို့သည် အောက်တိုဘာ ၂၅ ရက် နံနက် ၇ နာရီမှ ၁၁
နာရီအထိ တောင်ငူမြို့ တိုင်းအထွေထွေ ရောဂါကုဆေးရုံကြီးဝင်းအတွင်း၊
အပြင်လုပ်အားပေးသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ
လုပ်အားပေးပွဲတွင် ဆည်မြောင်းဦးစီးဌာနမှ
မြက်ရိတ်စက်ရှစ်လုံး၊မြေတူးစက်အသေးတစ်စီး၊ မြေသယ်ယာဉ်ခြောက်စီးတို့ဖြင့်
ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဆိုးမြောင်းများ သန့် ရှင်းခြင်း၊
ရေနုတ်မြောင်းများတူး ဖော်ရှင်းလင်းခြင်းလုပ်ငန်းများကို
ဆောင်ရွက်ခဲ့ကြပြီး အမှိုက်များအားသတ်မှတ်နေရာများတွင် စနစ်တကျ
သွားရောက်စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။ ဆည်မြောင်းဦးစီးဌာနမှ
ဝန်ထမ်းများအနေဖြင့် တောင်ငူဒေသတွင် တာဝန်ထမ်းဆောင်သည့်ကာလအတွင်း
မြို့အတွက်အကျိုးဖြစ်စေမည့် ပရဟိတလုပ်ငန်းများတွင် တတ်စွမ်းသမျှ
ပါဝင်ဆောင်ရွက်ခြင်းဖြင့် အများပြည်သူအကျိုးကို တစ်ဖက်တစ်လမ်းမှ
ကူညီရာရောက်သည့် စိတ်ဆန္ဒဖြင့် ယခုကဲ့သို့
လုပ်အားပေးဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးစိုးနိုင်က
ပြောကြားခဲ့သည်။
အလားတူ လုပ်အားပေးပွဲတွင်ပါဝင်သော
လုပ်သားတစ်ဦးကလည်း ရုံးလုပ်ငန်း တာဝန်များနှင့် မအားလပ်သည့်ကြားမှ
နားရက်တွင် ယခုကဲ့သို့ ပရဟိတအလုပ်ကို လုပ်ဆောင်ခွင့်ရသည့်အတွက်
ကျေနပ်အားရမိကြောင်းနှင့်နောက်နောင် ယခုကဲ့သို့ လုပ်အားပေးပွဲမျိုး
ပြုလုပ်ပါကလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမှာ
ဖြစ်ကြောင်းပြောကြားသည်။
''ရှေ့လျှောက် ဒီလိုပရဟိတ အလုပ်တွေကို
တတ်နိုင်သမျှ လုပ်သွားမှာပါ။ မြို့ခံလူမှုရေးအသင်း အဖွဲ့တွေနဲ့လည်း
ပူးပေါင်းပြီး ထောက်ပံ့ကူညီသွားမှာပါ''ဟု လက်ထောက်ညွှန်ကြားရေးမှူး
ဦးထွန်းခင်သန်းက ပြောသည်။အဆိုပါသန့်ရှင်းရေး လုပ်အားပေးပွဲသို့
ခေါင်းလောင်းသံ (၄၈)အဖွဲ့က ဂေါ်ပြားများနှင့်အမှိုက်ပုံးများ
ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။
ကျော်လှ(တောင်ငူ)
No comments:
Post a Comment