အမြန်လမ်းမကြီးအဆင့်မီအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြိုးပမ်းနေသလို
ခရီးသွားများ၏ လုံခြုံရေး၊ယာဉ်မတော်တဆမှု လျော့နည်းပပျောက်အောင်လည်း
အမြန်လမ်းရဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အမြန်လမ်းရဲတပ်ဖွဲ့မှူးနှင့်တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
''အမြန်လမ်းဆိုပေမယ့် အမြန်လမ်းတစ်ခုရဲ့ စံချိန်စံညွှန်းတွေ
မမီသေးဘူး။အဝေးပြေးလမ်းမကြီးအဆင့်ပဲ ရှိသေးတယ်။သို့သော်ငြားလည်း
ရန်ကုန်နဲ့မန္တလေးသွားဖို့ အမြန်ဆုံးနဲ့အတိုဆုံးလမ်းဆိုတာတော့
ဖြတ်သန်းသွားတဲ့ယာဉ်တွေ တစ်နေ့တခြားပိုမိုများပြားလာတာကို
ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အနေနဲ့လည်း
တပ်ဖွဲ့ဝင်တွေကို ယမန်နှစ်က နှစ်မိုင်ကို တစ်ယောက်နှုန်းကနေ ယခုအခါ
တစ်မိုင်ကို နှစ်ယောက်နှုန်း၊ ယာဉ်တွေဆိုရင်လည်း အရင်က ၁၂ မိုင်ကို
တစ်စီးနှုန်းကနေ ယခုရှစ်မိုင်ကို တစ်စီးနှုန်း၊ ငါးမိုင်မှာ ကင်းစခန်းငယ်လေး
တစ်ခုစီချထားပြီး မတော်တဆမှုတွေဖြစ်လာတဲ့အခါ တစ်နာရီမိုင် ၆ဝ နှုန်းနဲ့
အခင်းဖြစ်တဲ့ နေရာကို ငါးမိနစ်အတွင်း သွားနိုင်အောင် စီစဉ်ထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းအတွက် ရဲတပ်ဖွဲ့ဝင်တွေကို လူနာသယ်ဆောင်နည်း၊
ရှေးဦးသူနာပြုစုနည်းသင်တန်းတွေ ပို့လွှတ်သင်ကြားပေးပြီး လူနာတင်ယာဉ်၊
မီးသတ်ယာဉ်၊ ဝန်ထမ်းများနဲ့အမြန်လမ်းမကြီး လုံခြုံချောမွေ့စေရေး၊
ဘေးအန္တရာယ်ကင်းရှင်းလျော့နည်းစေ ရေးဆောင်ရွက်လျက်ရှိပါတယ်'' ဟု အမြန်လမ်း
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ပြောကြားခဲ့သည်။
''လမ်းမကြီးနှင့် ယာဉ်များလုံခြုံရေးအတွက် ဆောင်ရွက်ရာမှာ
ယာဉ်များခဲပေါက်ခံရခြင်း၊ တိရစ္ဆာန်များ၊ ဆိုင်ကယ်များနဲ့ပတ်သက်ပြီး
အရေးပေါ်ဖုန်းနံပါတ်(၁၈၈ဝ)ကို ချက်ချင်ဆက်သွယ်သတင်းပေးပို့ပါ။ ဒါ့အပြင်
ဖုန်း နံပါတ်-ဝ၉-၄၂ဝ၈၈၈၈ဝ၁ ကနေ ဝ၉-၄၂ဝ၈၈၈၈၇ဝ အထိ ဖုန်းအလုံး ၇ဝ
ဖွင့်ထားပါတယ်။ အဲဒီဖုန်းနံပါတ်တွေကို ချက်ချင်းဆက်သွယ်တိုင်ကြားပါ။
အဲဒါဆိုရင် ကျွန်တော်တို့ကလည်း ချက်ချင်းတုံ့ပြန်မှုတွေလုပ်ဆောင်
နိုင်မှာဖြစ်ပါတယ်။ အဲလိုမျိုး သတင်းပေးပို့တာကို
ကြိုဆိုတယ်။အမှုမှန်ပေါ်ပေါက်ဖို့ အာမခံတယ်။ ဖြစ်ခဲ့ပြီးတဲ့အမှုတွေလည်း
မလွတ်ဘူး။ အားလုံးမိတယ်။ တစ်ခုတော့ရှိတယ်၊ ယာဉ်တစ်စီးက
ခဲပေါက်ခံရတယ်ဆိုပြီး ၁၇ ရက်လောက်ကြာမှ လာတိုင်တယ်။ ဒီလိုမျိုး
ဖြစ်စဉ်ကိုတော့ ကျွန်တော်တို့အနေနဲ့
ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။နောက်ပြီး လမ်းမကြီးပေါ် တက်ခွင့်မရှိတဲ့
ဆိုင်ကယ်၊ ထော်လာဂျီ၊ အနှေးယာဉ်တွေကို စည်းကမ်းဖောက်ဖျက်မှုနဲ့အရေးယူထားတာ
အမှုပေါင်း ၅၄၄၂ မှု ရှိပါ တယ်'' ဟု ရဲမှူးကြီးက ဆက်လက်ပြောကြားသည်။
အမြန်လမ်းမကြီးတစ်လျှောက် ၂ဝ၁၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁ဝ၃ မှု
ဖြစ်ပွားခဲ့ကာ ၅၇ ဦး သေဆုံး၍ ၁၆၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်း
၂၅၉ မှု ဖြစ်ပွားခဲ့ကာ ၁၁၃ ဦးသေဆုံးပြီး ၆၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။ယခု ၂ဝ၁၄
ခုနှစ် အောက်တိုဘာ ၂၅ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၃၃၈ မှု ဖြစ်ပွားခဲ့ပြီး
၁၂ဝ သေဆုံးခဲ့ကာ ၆၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။ကာလတူနှိုင်းယှဉ်ကြည့်မည်ဆိုပါက
၂ဝ၁၃ ခုနှစ်ကာလထက် ယာဉ်မတော်တဆမှု နှစ်ဆနီးပါး ပိုမိုဖြစ်ပွားခဲ့သည်ကို
တွေ့ရှိရသည်။သို့သော်၂ဝ၁၂ ခုနှစ်ကာလများအတွင်းက အမြန်လမ်းအသုံးပြုသည့်
ယာဉ်အစီးရေမှာ တစ်ရက်လျှင် ၅ဝဝဝ ခန့်သာရှိပြီး လက်ရှိ ၂ဝ၁၄ ခုနှစ်အတွင်း
တစ်ရက်လျှင် ယာဉ်စီးရေ ၁၂ဝဝဝ ကျော် ဖြတ်သန်းလျက်ရှိသည်ကိုလည်း
သတိပြုရမည်ဖြစ်သည်။ယင်းကို တွက်ဆကြည့်ခြင်းအားဖြင့် ယာဉ်မတော်တဆမှုဖြစ်စဉ်
ပိုများသည်ဟု အမှတ်တမဲ့ထင်မြင်ရသော်လည်း တိုးတက်လာသည့်
ယာဉ်စီးရေနှင့်နှိုင်းစာကြည့်မည်ဆိုပါက ယာဉ်မတော်တဆမှုဖြစ်စဉ်များ
လျော့ကျလာသည်ကို တွေ့ရှိရသည်။
မတော်တဆမှုများ လျော့နည်းစေရန်မှာ
လူ၊ ယာဉ်၊ လမ်း၊ ရာသီဥတု ဟူသော အကြောင်းလေးချက်တွင် လူကြောင့်ဖြစ်ပွားမှု
ဖြစ်သော (အရှိန်လွန်/အရှိန်ပြင်း) မောင်းနှင်မှုကြောင့်
မတော်တဆမှုဖြစ်ပွားနှုန်းသည် အများဆုံးဖြစ်နေရာ (အရှိန်ထိန်းစနစ်)
ရန်ကုန်-မန္တလေး ခရီးသွား Expressယာဉ်ကြီးများ ရပ်နားချိန်နှစ်ခါနှင့်
မောင်းချိန် ၈ နာရီ ၄၅ မိနစ်သတ်မှတ်ထား၍ ၈ နာရီ ၁၅ မိနစ် ထက်စောရောက်လျှင်
အရေးယူခြင်း(အရှိန် ထိန်းစနစ်-မြန်)တွင် ခရီးသည်တင်ယာဉ်များ တစ်နာရီ ၈ဝ
ကီလိုမီတာနှုန်းထက်ကျော်လွန် မမောင်းရန်၊ ကိုယ်ပိုင်ယာဉ်ငယ်များ ၁ဝဝ ကီလို
မီတာနှုန်းထက် ပိုမမောင်းရန်နှင့် သတ်မှတ်နှုန်းထက်ပိုမောင်းလျှင်
လျှို့ဝှက်နေရာ အမျိုးမျိုးမှ အရှိန်တိုင်းကိရိယာဖြင့် ဖမ်းဆီးအရေးယူခြင်း၊
(အရှိန်ထိန်းစနစ်-နှေး)တွင် လမ်းမကြီးပေါ်တက်ခွင့်မရှိသည့်
အရှိန်နှေးယာဉ်များဖြစ်သည့် ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးများကို
အရေးယူခြင်းများ ပြုလုပ်လျက်ရှိသကဲ့သို့ ယာဉ်များ၏ ဥပဓိ၊ တာယာ၊
အောက်ပိုင်း၊ ယာဉ်မောင်းအခြေအနေ၊ လိုင်စင်သက်တမ်းစသည်ဖြင့်
စစ်ဆေးကြပ်မတ်လျက်ရှိသည်။
''ယာဉ်မောင်းသူများဟာ
လမ်းမကြီးတစ်လျှောက် ကျေးရွာတွေရှိနေတယ်။အချိန် မရွေးဖြတ်သွားတဲ့ လူ၊ ယာဉ်၊
တိရစ္ဆာန်တွေနဲ့တွေ့နိုင်တယ်။ ယာဉ်ကို အရှိန်လွန်မောင်းနှင်ခြင်းမပြုဘဲ
သတိနဲ့ယာဉ်ကို ကိုယ့်လက်တွင်းမှာ ထိန်းချုပ်နိုင်တဲ့အနေအထားနဲ့
မောင်းနှင်ကြ၊ စည်းကမ်းလိုက်နာကြရင် မတော်တဆမှုတွေ တစ်စတစ်စ
လျော့ပါးလာပါမယ်''ဟု ရဲမှူးကြီးက မှာကြားခဲ့သည်။
အလားတူပင်
ဆောက်လုပ်ရေးဝန်ကြီး ဌာနမှလည်း လမ်းမကြီးကို အဆင့်မီလမ်းမကြီးအဖြစ်
ဖြစ်ပေါ်လာစေရေးအတွက် တံတားများ တိုးချဲ့ခြင်း၊ ခရီးသွားလာမှု
ညင်သာငြိမ့်ညောင်း စေရန်အတွက် ကတ္တရာခင်းခြင်း၊ အချိုးအကွေ့များတွင်
ညအချိန် ယာဉ်မောင်းများကို အထောက်အပံ့ပြုနိုင်သော ရောင်ပြန်မီးများ
တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိနေသော်လည်း လိုအပ်ချက်များက
ရှိနေသေးသည်။ သို့သော် မည်သည့် အခြေအနေတွင်မဆို ခရီးစဉ်တစ်ခုတွင်
ယာဉ်မောင်းသည်သာ အခရာဖြစ်သည်။
''လမ်းအနေနဲ့ပြောရရင်
အချိုးအကွေ့တွေမှာ ယာဉ်ကို ဟန်ချက်ညီအောင်လမ်းက
ပံ့ပိုးမပေးနိုင်ဘူး။ညအချိန်မှာ လမ်းနဲ့အချိုး အကွေ့တွေ
ပြတ်ပြတ်သားသားမြင်ရမယ့် ရောင်ပြန်မီးတွေလိုနေသေးတယ်။ရာသီဥတု
အခြေအနေအရဆိုရင်လည်း မိုးရာသီမှာ ရေတင်တတ်တယ်။ အရှိန်နဲ့မောင်းနှင်နေရာက
ရေထုထဲတိုးဝင်တဲ့အခါ ယာဉ်ဟာတစ်ဖက်ကို ဆွဲသွားတတ်တယ်။ ဆောင်းဝင်လာပြီး
တောင်ကြောတစ်လျှောက် ညနေပိုင်း၊ မနက်လင်းခါနီးကနေ ရုံးတက်ချိန်အထိ
မြူတွေထူထပ်စွာ ကျတတ်တယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့က လွယ်ပါတယ်။100 km
မောင်းခွင့်ပြုတဲ့နေရာတွေမှာ80 km ပဲ မောင်းမယ်။ 80 km ပေးထားတဲ့နေရာတွေမှာ
70 km နဲ့ မောင်းမယ်။လုံးဝမြင်ကွင်းမကောင်းတော့ရင်
ကားကိုလမ်းဘေးလွတ်ရာချထားပြီး အခြေအနေ ကောင်းလာတဲ့အထိ စောင့်ရမယ်။ကိုယ့်ကို
ကျော်တက်တဲ့ယာဉ်ရှိရင်လည်း သူကျော်တက်ချိန်
နည်းနည်းအရှိန်လျှော့ပေးလိုက်မယ်။တင်းခံနေတာ၊ ယှဉ်မောင်းနေတာမျိုး
မလုပ်ဘူး။ ဒီလိုလုပ်ပေးနေလျက်နဲ့ကပ်ဆွဲတာမျိုး ကပ်ဝင်တာမျိုးလုပ်လာရင်လည်း
သူရဲ့ မယဉ်ကျေးမှုကို နားလည်ခွင့်လွှတ်ပေးလိုက်ရမယ်။ တစ်လကို နှစ်ကြိမ်ကနေ
ငါးကြိမ်ထိ ယာဉ်အမျိုးအစားပေါင်းစုံ (အင်ဂျင်ပါဝါအမျိုးမျိုးနဲ့)မောင်းပြီး
ဒီလမ်းကသွားနေရတော့ ဘယ်သူမဆင်ခြင်ခြင်
ကိုယ်ကိုယ်တိုင်ဆင်ခြင်တုံတရားရှိမှသာ ဘေးအန္တရာယ်ကင်းမှာပါ'' ဟု
သက်လတ်အရွယ် ယာဉ်မောင်းဦးကိုလင်းက သူ့အတွေ့အကြုံကိုမျှဝေသည်။
သို့ဖြစ်ခြင်းကြောင့် ယာဉ်မောင်းများအနေဖြင့်လည်း အသိရှိရှိ၊
သတိရှိရှိမောင်းနှင်သွားလာ ကာလမ်းမကြီး၏ ဂုဏ်သိက္ခာ မြင့်တက်လာအောင်
ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုပါသည်။သို့ဖြစ်သည်နှင့်အညီ မော်တော်ယာဉ်၏
ကြံ့ခိုင်မှု၊လမ်း၏ ပကတိအခြေအနေ၊ လမ်းတစ်လျှောက်ဖြစ်ပေါ်နေသည့်
ရာသီဥတုအခြေအနေ၊ အလင်းရောင်ကောင်းစွာ ရှိမှု/မရှိမှု အခြေအနေ၊
ငိုက်မျဉ်းတတ်မှု ရှိ/မရှိ အခြေအနေ၊ သတ်မှတ်လမ်းညွှန်ဆိုင်းဘုတ်များကို
လိုက်နာမှု ရှိ/မရှိ အခြေအနေ၊ သတ်မှတ် မိုင်နှုန်းအပေါ် လိုက်နာမှု ရှိ/ မရှိ
အခြေအနေ အစရှိသည်တို့ကို ချိန်ထိုးသုံးသပ်ဆုံးဖြတ်၍ ယာဉ်စည်းကမ်း
လမ်းစည်းကမ်း၊ ယာဉ်မောင်း ကျင့်ဝတ်တို့နှင့်အညီ လိုက်လျောညီထွေ
မောင်းနှင်မည်ဆိုပါက ယာဉ်မတော်တဆမှု ဖြစ်စဉ်များမှ ရှောင်လွှဲနိုင်လိမ့်မည်ဟု
ယူဆပါကြောင်း.....။ ။
သတင်း- ကိုကိုနေ၊ နိုင်လင်းကြည်
ဓာတ်ပုံ - ရာမည
ဓာတ်ပုံ - ရာမည
No comments:
Post a Comment