Monday, October 27, 2014

မမြတ်လေးပညာရေးငွေပဒေသာပင် အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပ



 ရန်ကုန် အောက်တိုဘာ ၂၆

 မမြတ်လေးပညာရေးငွေပဒေသာပင် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် တက္ကသိုလ်စိန်ရတုခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများနှင့်အလှူရှင်မိသားစုဝင်များ တက်ရောက်ကြသည်။

  အစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဂုဏ်ပြုစကားပြောကြားသည်။

 ယင်းနောက် စာရေးဆရာမကြီး မမြတ်လေး၏မြေး ဦးကျော်ဒေဝက မမြတ်လေးပညာရည်ချွန်ဆု၊ မမြတ်လေးအခြေခံအုတ်မြစ်ဆုနှင့် မမြတ်လေးအခြေခံအုတ်မြစ်(အားကစား)ဆုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 ထို့နောက် ပညာရေးဝန်ကြီးဌာနသို့ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမဆင့်) ဗိုလ်မှူးချုပ် စည်သူတင်ဖေ(ငြိမ်း)နှင့်ဇနီး ဒေါ်သိန်းဆိုင်(စာရေးဆရာမကြီး မမြတ်လေး)၏ မိသားစုဝင်များက ငွေကျပ်သိန်း ၃ဝ၊ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဦးထွန်းထွန်းဦးမိသားစုက ငွေကျပ်သိန်း ၅ဝ၊Net & Rays Co.,Ltd. မှ ဒေါ်ခင်မာလာ မိသားစုကငွေကျပ် ၁ဝ သိန်း၊ ဒေါ်ခင်ခင်လေး(MRTV-4) မိသားစုက ငွေကျပ် ၁ဝ သိန်း အပါအဝင် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က လက်ခံပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 ယင်းနောက် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၏ဇနီး ပါမောက္ခဒေါက်တာဒေါ်ခင်ဆွေမြင့် (ခင်ဆွေမြင့်-မြန်မာစာ)က ဂုဏ်ပြုစကားပြောကြားသည်။ 

 (ခင်ချိုဝင်း )

No comments:

Post a Comment