Tuesday, October 28, 2014

မူလမြေကွက်ချထားပေးစဉ်က ကန့်သတ်ချက်များကို ဖောက်ဖျက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ရန်မရှိ

 Photo: မူလမြေကွက်ချထားပေးစဉ်က ကန့်သတ်ချက်များကို ဖောက်ဖျက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ရန်မရှိ
================================================

နေပြည်တော် အောက်တိုဘာ ၂၇

အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ရှင်းလင်းဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ် Óဏစိုး၏ ''အိမ်၊ ခြံ၊ မြေ ဈေးကစား ဆောင်ရွက်နေသူများကို ဖော်ထုတ်၍ ထိရောက်သောအရေးယူမှုများ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိနှင့် အိမ်၊ ခြံ၊ မြေ ပါမစ်များချထားပေးရာ၌ အမှန်တကယ် နေထိုင်ခြင်းမရှိဘဲ အမြတ်ယူ တစ်ဆင့်ပြန်လည် ရောင်းချသူများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ'' မေး ခွန်းနှင့်စပ်လျဉ်း၍ အိမ်ခြံမြေရောင်း ဝယ်နေသူများ ရင်းနှီးလုပ်ကိုင်သည့် ငွေကြေးမှာ တရားဝင်ငွေများဖြစ်ပြီး ၎င်းတို့ရရှိသည့် မြတ်စွန်းငွေများအပေါ် ဝင်ငွေခွန်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ထားပါက အဆိုပါ အိမ်ခြံမြေရောင်းဝယ်သူတို့အား အရေးယူဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ သို့သော် တရားမဝင် သောနည်းလမ်းဖြင့် ရရှိသောငွေ ကြေးကိုအသုံးပြု၍ အိမ်ခြံမြေဝယ်ယူခြင်း၊ အိမ်ခြံမြေရောင်းဝယ်ရာတွင် ပေးဆောင်ရမည့်ဝင်ငွေခွန်များအား တိမ်းရှောင်ခြင်း၊ ဘဏ္ဍာရေးဆောင်ရွက်ချက်နှင့် စီမံချက်များကို ထိခိုက်စေရန်ကြံရွယ်ခြင်းတို့ ကျူးလွန်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်ပါကြောင်း။

သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သီးခြားတာဝန်ပေးအပ်ခံရသည့် အိမ်ရာမြေချထားရေးအဖွဲ့များမှ အငြိမ်းစားများအပါအဝင် ဝန်ထမ်းများနှင့် အိမ်ရာမြေစီမံကိန်းအရ ပြောင်းရွှေ့သူများအား နေရာချထားပေးပါကြောင်း၊ မြေကွက်များချထားပေးရာတွင် အချို့မှာ အိမ်ရာဆောက် လုပ်နေထိုင်ကြသော်လည်းအချို့မှာ ငွေကြေးအခက်အခဲအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ သဘောဆန္ဒအရ ပြန်လည်ရောင်းချခြင်းများ ရှိပါကြောင်း၊ ထိုသို့ ပြန်လည်ရောင်းချရာတွင် ၎င်းတို့တရားဝင် ပိုင်ဆိုင်ခွင့်ရှိသော ပုဂ္ဂလိကပိုင် အိမ်ခြံမြေအဆောက် အအုံများကို ကိုယ်ပိုင်သဘောဆန္ဒဖြင့် လွတ်လပ်စွာရောင်းချခြင်းဖြစ်သဖြင့် မူလမြေကွက်ချထားပေးစဉ်က ကန့်သတ်ချက်များကို ဖောက်ဖျက်ခြင်း မရှိပါက အရေးယူဆောင်ရွက်ရန် မရှိပါကြောင်းဖြင့် ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁၂)မှ ဦးလှဆွေ၏ ''ဟိုတယ်သစ်များအား အရက်ရောင်းချခွင့်လိုင်စင် ချပေးခြင်း/မချ ပေးခြင်းအား အသေးစိတ်လေ့လာ တွက်ချက်၍ ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနအနေဖြင့် ယစ်မျိုးလိုင်စင် အရေအတွက်များကို တစ်နှစ်ထက် တစ်နှစ်လျှော့ချ၍ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တိုးတက်များပြားလာမှုနှင့်အညီ ဧည့်သည်များတည်းခိုရန် ဟိုတယ်များတိုးတက်များပြားလာခဲ့ပါကြောင်း၊ဟိုတယ်သဘောသဘာဝအရ ဧည့်သည်များအား ဝန်ဆောင်မှုပေးရန် ယမကာကောင်တာများ ထားရှိပါကြောင်း။

လက်ရှိ အခြေအနေတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ဟိုတယ်ဖွင့်လှစ်ခွင့်လိုင်စင်ရယူထားသော ဟိုတယ် ၉၃၁ လုံးရှိပါကြောင်း၊ အဆိုပါ ဟိုတယ် ၉၃၁ လုံးအနက် ဟိုတယ်၂၁၃ လုံးမှာ ယစ်မျိုး လိုင်စင်ရယူထားရှိပြီး ဟိုတယ် ၇၁၈ လုံး မှာ ယစ်မျိုးလိုင်စင်ရယူထားခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းလိုင်စင် ရယူဖွင့်လှစ်လျက်ရှိသော ဟိုတယ်များအနေဖြင့်ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ဟိုတယ်ဖွင့်လှစ်ခွင့်ပြုထားကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်း ရှင်များအသင်း၏ ထောက်ခံချက်တို့နှင့်အတူယစ်မျိုးလိုင်စင် လျှောက်ထားလာပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။

ထို့နောက်အမျိုးသားလွှတ် တော်ကယ်ဆယ်ရေးနှင့်ကူညီစောင့် ရှောက်ရေးကော်မတီက ကော်မတီ၏ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် ခရီးစဉ်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကူညီစောင့်ရှောက်မှု အစီရင်ခံစာ (၅/၂ဝ၁၄)ကိုတင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီအနေဖြင့် ကော်မတီ၏ (၅/၂ဝ၁၄)အစီရင်ခံစာပါ လုပ်ငန်းအားလုံးအတွက် ကူညီဆောင်ရွက်ရာတွင် တန်ဖိုးငွေကျပ် စုစုပေါင်း ၁ဝ၁၈၅၅ဝ၃၅ဝ လှူဒါန်းကူညီနိုင်ခဲ့ကြောင်းနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဒေသဆိုင် ရာလိုအပ်ချက်များကို တတ်စွမ်းသမျှ ဆက်လက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(သတင်းစဉ်)
 
No comments:

Post a Comment