Tuesday, October 28, 2014

ကိုယ်တိုင်စိုက်ပျိုးမွေးမြူ၍ရရှိလာသော သနပ်ခါး၊ သစ်မွှေးနှင့် ပျားထွက်ပစ္စည်းများအတွက် အခွန်အခများ ကောက်ခံခြင်းရှိ၊ မရှိ မေးမြန်း

 Photo: ကိုယ်တိုင်စိုက်ပျိုးမွေးမြူ၍ရရှိလာသော သနပ်ခါး၊ သစ်မွှေးနှင့် ပျားထွက်ပစ္စည်းများအတွက် အခွန်အခများ ကောက်ခံခြင်းရှိ၊ မရှိ မေးမြန်း
==============================================

နေပြည်တော် အောက်တိုဘာ ၂၇

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

ဝက်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့်၏ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင် မတော်တဆပေါက်ကွဲမှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားနိုင်သည့် အလားအလာများကို ကြိုတင်သိရှိနိုင် ရေးအစီအမံများ ရေးဆွဲသတ်မှတ်နိုင် ခြင်းရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရာတွင် ပိုက်လိုင်း လုံခြုံစိတ်ချစေရေးအတွက် ပစ္စည်းအမျိုး အစားရွေးချယ်ခြင်း၊ ဒီဇိုင်းထုတ်လုပ်ခြင်း၊ ပိုက်လိုင်းတည်ဆောက်ခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာမှ လက်ခံကျင့်သုံးလျက်ရှိသည့် အမေရိကန်ရေနံအဖွဲ့အစည်းစံနှုန်း American Petroleum Institute (API) Standard နှင့် အမေရိကန် စက်မှုအင်ဂျင်နီယာ အသင်းစံနှုန်း American Society Of Mechanical Engineers (ASME) Standard အတိုင်းတိတိကျကျ လိုက်နာတည်ဆောက်ထားပါကြောင်း။

မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရဲတံခွန်၊ ရတနာနှင့် ဇောတိကပိုက်လိုင်းများ တွင် မတော်တဆမဖြစ်ပွားစေရေးနှင့် ကြိုတင်သိရှိနိုင်ရေးအတွက် ခေတ်မီစနစ်များ တပ်ဆင်အသုံးပြုလျက်ရှိပါ ကြောင်း၊ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု၊ လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းအသိပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအကြောင်း သိကောင်းစရာလက်ကမ်း စာစောင်များကို ပိုက်လိုင်းဖြတ်သန်းရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များမှ ပြည်သူများသို့ အသိပေးဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းဖြင့် ဖြေကြားခဲ့သည်။

မယ်စဲ့ မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း၏ ကိုယ်တိုင်စိုက်ပျိုးမွေးမြူ၍ ရရှိလာသော သနပ်ခါး၊ သစ်မွှေးနှင့် ပျားထွက်ပစ္စည်းများအတွက် အခွန်အခများ ကောက်ခံခြင်းရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေး မြင့်မောင်က သစ်တောနယ်မြေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေမှအပ ကျန်မြေများအပေါ်တွင် မိမိကိုယ်တိုင် စိုက်ပျိုးထွက်ရှိသော သနပ်ခါးအပေါ် အခွန်ကောက်ခံခြင်းမပြုဘဲကင်းလွတ်ခွင့်ပြုရန် သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနရုံးများတွင် စည်းကမ်းသတ်မှတ်ချက်ဖြင့် စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်သွားကြရန်ဖြစ်ပြီး ယင်းတို့အပေါ် အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ သဘောထားရယူ တင်ပြရန် တိုင်းဒေသကြီး၊ ပြည်နယ် သစ်တောဦးစီးဌာနများသို့ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနမှ စီမံပိုင်ခွင့်ရှိသောမြေမှအပ မိမိကိုယ်ပိုင်မြေပေါ်တွင် စိုက်ပျိုးထွက်ရှိသော သနပ်ခါးနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထား မှတ်ချက်များရရှိလာပါက ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အလားတူသစ်တောနယ်မြေနှင့် သဘာဝထိန်းသိမ်းရေးနယ် မြေမှအပ ကျန်မြေများပေါ်တွင် မွေးမြူပြီး ထွက်ရှိလာသော ပျားထွက်ပစ္စည်းများနှင့် ပတ်သက်၍ ပုဂ္ဂလိကပျားမွေးမြူသူ မှတ်ပုံတင်ဖြင့် မွေးမြူခြင်းမှရရှိထားကြောင်း ၊သက်ဆိုင်ရာ ပျားလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်ပါရှိပါကသစ်တော ဦးစီးဌာနမှ အခွန်ကောက်ခံခြင်း မရှိပါကြောင်းဖြင့် ဖြေကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် လိုက်လျောညီ ထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ် ရေးကော်မရှင်၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းက လက်ရှိကျင့်သုံးနေသည့် FPTP ရွေးကောက်ပွဲစနစ်အစား PR စနစ်ကိုပြောင်းလဲကျင့်သုံးမည်ဆိုပါ က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် FPTP စနစ်ကိုသာ ကျင့်သုံးရမည်ဖြစ်ပြီး အခြားနိုင်ငံများတွင်လည်း ရွေးကောက်ပွဲစနစ် ပြောင်းလဲမည် ဆိုပါကဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှသာ ပြောင်းလဲကျင့်သုံး ခဲ့သည်ကိုလေ့လာသိရှိရပါကြောင်း၊ အလားတူ ပြည်သူ့ဆန္ဒခံယူပွဲများကိုလည်း ကျင်းပပေးသွားရမည်ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲစနစ်ကို တိုင်းဒေသကြီးတွင်တစ်မျိုး၊ ပြည်နယ်များတွင်တစ်မျိုး မဆောင်ရွက်သင့်ပါကြောင်း၊ ယခုကာလအခြေ အနေအရ FPTP စနစ်မှလွဲ၍ အခြားရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် မသင့်ပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်က အောင်မြင်သည့် ရွေးကောက်ပွဲ တည်ဆောက်ခြင်းသည် နိုင်ငံရေးအဆောက်အအုံများကို ခြုံငုံ သုံးသပ်ခြင်းအပေါ်တွင် မူတည်ပြီး ယင်းစနစ် ၏ အစိတ်အပိုင်းတစ်ခု ပြောင်းလဲ လိုက်ခြင်းသည် စနစ်လုပ်ဆောင်ရာ အခြားအဆောက်အအုံများကိုလည်း ညှိယူရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်တင်မြှောက်မှု တရားမျှတခြင်း Concept မှာ ဥပဒေမူဘောင် စည်းနှောင်မှုထက်ပိုပြီး ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ထိန်းသိမ်းနိုင်ခြင်းနှင့် Stakeholder များအကြားဆောင်ရွက်မှုများကို သြဇာရှိသည့်ကြောင်းခြင်း ရာဖြစ်သည်ကို တွေ့ရှိပါကြောင်း။

မြန်မာ့ဒီမိုကရေစီဖော်ဆောင်မှု အုတ်မြစ်သည် Stakeholder များအကြား ယုံကြည်မှုပိုမိုစေနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကို တွက်ဆဆင်ခြင်ကာ မျက်မှောက်နှင့် ဆက်စပ် ကာလနိုင်ငံရေးပတ်ဝန်းကျင်တွင် ကိုက်ညီမည့် ရွေးကောက်ပွဲနည်းလမ်း ကို ရွေးချယ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း သုံးသပ်ခြင်းဖြင့် သင့်လျော်မည့် ရွေးကောက်ပွဲ နည်းလမ်းကို ရွေးချယ်သင့်ပါကြောင်း ဆွေးနွေးခဲ့သည်။

အလားတူ တာမွေမဲဆန္ဒနယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေက ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်မည့် ရွေးကောက်ပွဲ စနစ်ကျင့်သုံးရေးကို သုံးသပ်လေ့လာ ခဲ့ကြပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲ (၁၂) မျိုးကို ကျင့်သုံးနေပါကြောင်း၊ မိမိတို့နိုင်ငံနှင့် သင့်လျော်မည့် ရွေးကောက်ပွဲပုံစံ (၈)မျိုးကို ကော်မရှင်က လေ့လာတင် ပြထားပါကြောင်း၊ ကော်မရှင် အစီရင် ခံစာပါ ရွေးကောက်ပွဲ(၈)မျိုးအနက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတွင်းမှ ဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲ စနစ်(၄)မျိုးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အနည်းငယ်ပြင်ဆင်ပြီး ဆောင်ရွက်ရမည့် ပုံစံ(၄)မျိုးကို တွေ့ရှိရ ပါကြောင်း၊ ယင်းတင်ပြချက်(၈)မျိုး အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ရဘဲ ဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲ(၄)မျိုးအနက် မဲအများဆုံး အနိုင်ယူစနစ်နှင့်အချိုးကျစနစ်ကို ပေါင်းစပ်ထားသည့် ရွေးကောက်ပွဲစနစ်ပုံစံသည် ယနေ့ မိမိတို့နိုင်ငံနှင့် ကျင့်သုံးရန် အသင့်လျော်ဆုံးဖြစ်ကြောင်းဖြင့် ဆွေးနွေးသည်။

 (သတင်းစဉ်)
 
No comments:

Post a Comment