Tuesday, October 28, 2014

အမျိုးသမီးသီးသန့်ယာဉ်လိုင်းအဖြစ် (၃၁)လိုင်းမှစတင်ပြေးဆွဲ စီးနင်းမှုအခြေအနေပေါ်မူတည်၍ တိုးချဲ့သွားရန်ရှိဟုဆို

Photo: အမျိုးသမီးသီးသန့်ယာဉ်လိုင်းအဖြစ် (၃၁)လိုင်းမှစတင်ပြေးဆွဲ
စီးနင်းမှုအခြေအနေပေါ်မူတည်၍ တိုးချဲ့သွားရန်ရှိဟုဆို
===================================

ရန်ကုန်  အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး  တောင် ဥက္ကလာပမြို့နယ်ရှိ ဘေလီတံတားအနီး မှ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း အထိပြေးဆွဲသောမထသ(၃၁)ယာဉ်လိုင်းတွင် အမျိုးသမီးသီးသန့်ယာဉ် လိုင်းအဖြစ် အောက်တိုဘာ ၂၇ ရက်မှ စတင်ပြေးဆွဲပေးပြီဖြစ်ကြောင်း  အဆိုပါ ယာဉ်လိုင်းမှသိရသည်။

ထိုအမျိုးသမီးသီးသန့်ယာဉ်လိုင်း  စတင်ပြေးဆွဲမှုကို ယာဉ်ငါးစီ်းဖြင့် စတင် ခဲ့ခြင်းဖြစ်ပြီး   နံနက်ပိုင်းရုံးတက် ချိန်တွင် ဂိတ်စဖြစ်သောဘေလီမှ နံနက် ၇ နာရီ မိနစ် ၂ဝ၊ နံနက် ၇ နာရီ ၃၅ မိနစ်၊ နံနက် ၇ နာရီ မိနစ် ၅ဝ၊ နံနက် ၈ နာရီ ဝ၈ မိနစ်နှင့် နံနက် ၈ နာရီ ၂၅ မိနစ်တို့တွင် ဆူးလေ-ဘုန်းကြီး လမ်းဘက်သို့  အသွားငါးစီးပြေးဆွဲ ပေးပြီး  ညနေ  ရုံးဆင်းချိန်တွင် ဘုန်းကြီးလမ်းဂိတ်ဆုံးမှ ညနေ ၄နာရီ ၁ဝ မိနစ်၊ ညနေ ၄ နာရီ ၂၅ မိနစ်၊ ညနေ ၄ နာရီ မိနစ် ၄ဝ၊ ညနေ ၄ နာရီ ၅၅ မိနစ်နှင့် ညနေ ၅ နာရီ ၁ဝ မိနစ်တို့ တွင် တောင်ဥက္ကလာပဘက်သို့ အပြန် ခရီးအဖြစ် အမျိုးသမီးသီးသန့်ယာဉ် ငါးစီးကိုပြေးဆွဲခြင်းဖြစ်သည်။

''ဒီနေ့ကအစဦးဆုံးဆွဲတဲ့ရက်ဖြစ်တာ ကြောင့်ရယ်၊ ဗိုလ်ချုပ်ဈေးပိတ်ရက် ဖြစ်တော့   လူသိပ်မသိသေးဘူး၊ နေ့စဉ်တစ်ရက်တာပြီးဆုံးတဲ့နောက်  ပိုင်းမှာအခြေအနေကိုသုံးသပ်ပြီးတော့ နောက်ပိုင်းမှာတိုးချဲ့ပြေးဆွဲပေးသွား မှာဖြစ်ပါတယ်''ဟုယာဉ်ပိုင်ရှင်တစ်ဦးကရှင်းပြသည်။ ထိုယာဉ်လိုင်းတွင် စာရင်းရှိယာဉ်စီးရေမှာ ၂၁ စီးရှိပြီး ယနေ့ ဂိတ်ထွက် ယာဉ်အစီးရေ ၁၉စီး အနက်မှ ငါးစီးကိုအမျိုးသမီးသီးသန့်ယာဉ်လိုင်းအဖြစ် ပြေးဆွဲပေးခြင်းဖြစ် ပြီးကျန် ၁၄ စီးကို ပုံမှန်အတိုင်းပြေးဆွဲ ပေးခြင်းဖြစ်သကဲ့သို့ ယာဉ်စီးခကိုလည်း ခရီးစဉ်တစ်လျှောက် ဘေလီမှ (၃၁) ဂိတ် ဟောင်း၊ ကျောက်ကုန်း၊ (ထ-၃)ကျောင်း ရှေ့၊ မင်္ဂလာဈေး၊ လမ်း၅ဝ၊ ဘုန်းကြီး လမ်းအဖြစ် ခရီးစဉ်များပိုင်းဖြတ်ကာတစ်ဖြတ်လျှင်ငွေကျပ် ၅ဝနှုန်းကောက် ခံကာခရီးစဉ်အစဆုံးကိုငွေကျပ်  ၂ဝဝ အဖြစ် မူလယာဉ်စီးခများအတိုင်း သတ် မှတ်ထားကြောင်း အဆိုပါယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထိုသို့ ပြေးဆွဲခြင်းမပြုမီက အတက် အဆင်းတစ်ဦးလျှင် ငွေကျပ် ၂ဝဝ (သို့မဟုတ်)ငွေကျပ် ၁ဝဝ နှုန်းဖြင့် တစ်ပိုင်းစီ ပိုင်းဖြတ်ကောက်ခံရန် တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့သော် လည်း မူလအတိုင်း ခရီးစဉ်တစ်ပိုင်း လျှင် ငွေကျပ် ၅ဝ နှုန်းဖြင့်သာပိုင်းဖြတ် ကောက်ခံပြေးဆွဲရန် ခွင့်ပြုချက်ပေး ခြင်းဖြစ်သည်။ ထို့ကြောင့် မူလအတိုင်း ယာဉ်စီးခငွေ သတ်မှတ်ချက်ဖြင့် တစ် လကြာစမ်းသပ်ပြေးဆွဲပေးသွားမည် ဖြစ်သကဲ့သို့ ခရီးသည်များ၏ စီးနင်း မှုပေါ်  မူတည်၍  နောက်ပိုင်းတွင် အမျိုးသမီးသီးသန့်ယာဉ်စီးရေကို တိုး ချဲ့သွားရန်   အစီအစဉ်ရှိကြောင်း သိရသည်။ လက်ရှိ ယနေ့နံနက်ပိုင်း ပြေးဆွဲမှုအခြေအနေအရ  ပုံမှန်ဝင်ငွေ ထက်အနည်းငယ် လျော့နည်းကြောင်း ကို တွေ့ရသော်လည်း တစ်လခန့်ကြာ မြင့်သည်အထိ အခြေအနေကို   စမ်းသပ် လုပ်ဆောင်သွားရန်  စီစဉ်ထားခြင်း ဖြစ်သည်။

ထိုယာဉ်လိုင်းသည် တောင်ဥက္ကလာပ (ဘေလီ)ဂိတ်စမှ  ကျောက်ကုန်း၊ တာမွေ၊ ယုဇနပလာဇာ၊ ပုဇွန်တောင် ဈေး၊ လမ်း ၅ဝ မှအနော်ရထာလမ်း အတိုင်းဆူးလေကိုဖြတ်သန်းမောင်းနှင် ခြင်းဖြစ်ပြီး စံပြရုပ်ရှင်ရုံအနီးရှိ ဘုန်း ကြီးလမ်း (ဂိတ်ဆုံး)တွင် ခရီးစဉ်ပြီး ဆုံးခြင်းဖြစ်သည်။ ထိုမှ အပြန်ခရီးတွင် ဗိုလ်ချုပ်လမ်းအတိုင်း ပုဇွန်တောင်ဈေး ဘက်ကို   ဖြတ်သန်းမောင်းနှင်ကာ လာရာလမ်းအတိုင်းဂိတ်စအထိ   ပြန် လည်ပြေးဆွဲခြင်းဖြစ်ကြောင်း   သိရ သည်။

''မနက်ပိုင်းကတော့ ၅ နာရီ ၁၅ မိနစ်လောက်ကနေ ၆နာရီအထိကို ၁၅ မိနစ်တစ်စီးနှုန်းနဲ့  လွှတ်ပါတယ်၊ ၆နာရီကနေ ၇ နာရီ ၁ဝ မိနစ်အထိကို ၁ဝ မိနစ်တစ်စီးနှုန်းလွှတ်ပါတယ်၊ ရုံးချိန်မှာတော့ ခရီးသည်များရင် များ သလို အချိန်ခပ်စိပ်စိပ်နဲ့   လွှတ်ပေး ပြီးတော့ ညပိုင်းဆိုရင် ညနေ ၆နာရီခွဲ လောက်အထိ တောင်ဥက္ကလာပဂိတ်စ ကနေမြို့ထဲဘက်ကို လွှတ်တာရှိပါ တယ်''ဟုအဆိုပါလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

သတင်းနှင့်ဓာတ်ပုံ
ထက်ခိုင်(စမ်းချောင်း)
 
No comments:

Post a Comment