အမရပူရ အောက်တိုဘာ ၂၆
ခေတ်တိုင်းတွင် ယဉ်ကျေးမှုရှိနေသည်။ ခေတ်တိုင်းတွင် ပြုလုပ်ပြောဆိုခဲ့သောအရာများနှင့် ပြုလုပ်ခဲ့သော အနုပညာလက်ရာများစွာသည် ထိုခေတ်၏ သမိုင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် ရှေးဟောင်းလက်ရာသမိုင်းအမွေအနှစ်များနှင့် သဘာဝအလှအပများကို လေ့လာလေ့ရှိကြသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့လာ ချင်အောင်ဆွဲဆောင်နိုင်သည့် သဘာဝအရင်းအမြစ်အလှ အပ၊ ဓလေ့ယဉ်ကျေးမှုများစွာရှိနေသည်။
မန္တလေးမြို့သို့လာရောက်လည်ပတ်သော ဧည့်သည်များသည် သာသနိကအဆောက်အအုံများနှင့် ရှေးခေတ် ဘိုးဘေးဘီဘင်တို့၏ ကောင်းမှုမှတ်တမ်းကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ခေါင်းလောင်းများကို အထူးစိတ်ဝင်စားကြပြီး ဆိုင်ကယ်တက္ကစီများဖြင့် လာရောက်လေ့လာကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးမြို့ တောင်ဘက်ကပ်လျက်ရှိသော ရှေးခေတ်မင်းနေပြည်တော် အမရပူရမြို့ရှိ သမိုင်းဝင်ပစ္စည်းများ၊ အနုပညာပစ္စည်းများ၊ အနုပညာမြောက်လက်ရာများနှင့် ကမ္ဘာကျော်သစ်သား တံတားဖြစ်သည့် ဦးပိန်တံတားကိုလည်း နှစ်သက်သဘောကျကြသည်။
အမရပူရနန်းတော်ဟောင်းနေရာ၏ အနောက်တောင်ယွန်းယွန်းနေရာတွင် ဘကြီးတော်ဘုရားတည်ထား ကိုးကွယ်ခဲ့သော မဟာဝိဇယရံသီပုထိုးတော်ကြီးဘုရား ဝင်းအတွင်း မဟာရံတံတိုင်း၏ အရှေ့မြောက်ထောင့် နေရာတွင် စေတီတော်ကြီးသမိုင်းရေးထိုးထားသော ကြေးပိဿာချိန် ၁၅ဝဝဝ ရှိသည့် ခေါင်းလောင်းကြီးရှိသည်။ ခေါင်းလောင်းကြီးကို ''မဟာမေရုမကုဋဃဏ္ဍ ရာဇာ''ဟု ခေါ်သည်။
ခေါင်းလောင်းကြီးသည် မဟာဝိဇယရံသီပုထိုးတော် ကြီး၏သမိုင်းကိုရေးထိုးထားသော သမိုင်းဝင်အဖိုးတန် အမွေအနှစ်ပင်ဖြစ်သည်။ ထိုအဖိုးတန်အနုပညာလက်ရာကို နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လေ့လာကြသည်။ မြန်မာတို့၏ အဖိုးတန်အနုပညာလက်ရာများကို နိုင်ငံတကာမှ ခရီးသွားဧည့်သည်များလေ့လာနိုင်စေရန် ဧည့်လမ်းညွှန်များကလည်း ကူညီလျက်ရှိသည်။ ယခုအခါတွင် အမရပူရမြို့မှ နှစ်ပေါင်း ၁၉ဝ ကျော် သက်တမ်းရှိ ကြေးပိဿာချိန် ၁၅ဝဝဝ ရှိသော သမိုင်းဝင်ခေါင်းလောင်းကြီးအား နိုင်ငံတကာခရီးသွားဧည့်သည်များ နေ့စဉ်လာရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
(တိမ်တမန်)
No comments:
Post a Comment