ရန်ကုန် အောက်တိုဘာ ၂၆
မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော စီးပွားရေးမူဝါဒများကြောင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များသည် စီးပွား ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လာကြသည်။ နိုင်ငံအတွင်းသို့ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာသည့်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ဟိုတယ်လုပ်ငန်းသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်လာသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာရပ်ကွက်၌ ယနေ့ အသစ်ဖွင့်လှစ်လိုက်သည့် UPTOWN Hotel သည် မလေးရှားနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များမှ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သော ဟိုတယ်ဖြစ်ကြောင်း သိရသည်။
UPTOWN Hotel မှ မန်နေဂျင်း ဒါရိုက်တာ Mr. Jaffery Lee Ban Seng က'' မလေးရှားနိုင်ငံမှာလည်း UPTOWN Hotel ရှိတယ် ဒါ့ကြောင့် UPTOWN Hotel လို့ နာမည်ပေးတာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံး ဟိုတယ်လုပ်ငန်း စလုပ်ဖြစ်တာပါ။ ဒီနေရာလေးကိုလည်း သဘောတွေ့ကြတယ်။ အရှေ့မှာ RiverView ရှိတဲ့ အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်တွေကြိုက်မယ်ထင်ပါတယ်။ တခြားနေရာတွေမှာလည်း ဟိုတယ်လုပ်ငန်း တိုးချဲ့လုပ်ကိုင်ဖို့ အစီအစဉ်ရှိပါတယ်'' ဟုပြောသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ၏ လုံခြုံရေးကိုလည်း အထူးကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက'' နိုင်ငံက အခုမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာ၊ ဟိုတယ်တွေမှာ လုံခြုံရေးကိုချမှတ် ထားတဲ့ စည်းကမ်းအတိုင်းဆောင်ရွက် စေချင်တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှလည်း Tourism Police ဆိုပြီး ဖွဲ့ထားပြီးဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသည်တွေ စိတ်ချလက်ချ သွားလာနိုင်အောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဟိုတယ်တွေအနေနဲ့လည်း လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး ဒါကိုတော့ ဂရုတစိုက် ဆောင်ရွက်စေချင်တယ်။ လုံခြုံရေးအထောက်အကူပြု ပစ္စည်းတွေကိုလည်း တပ်ဆင်ပြီး အသုံးပြုစေချင်တယ်''ဟု ပြောသည်။
၂ဝ၁၂-၂ဝ၁၃ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ဟိုတယ်အလုံးရေနှင့် အခန်းအရေအတွက် နည်းပါးသည့် အတွက်ခရီးသွားလုပ်ငန်းတွင်ဂယက် ရိုက်ခဲ့သည့်အတွက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းအနေဖြင့် ဟိုတယ်များတည် ဆောက်ရေးကို တွန်းအားပေးဆောင် ရွက်နေပြီး သတ်မှတ်ထားသည့်နေရာများတွင် တည်ဆောက်ရန်လမ်းညွှန်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ရွှေက ပြောသည်။
နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံ ဖွင့်လှစ်ခြင်းဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့် အလမ်းများနှင့် နည်းပညာကျွမ်းကျင်မှုများ ရရှိလာမည်ဖြစ်သည်။
ယခု အသစ်ဖွင့်လှစ်လိုက်သည့် UPTOWN Hotel သည် မလေးရှားကုမ္ပဏီမှ အနှစ် ၂ဝ ငှားရမ်းလုပ်ဆောင်ခြင်းဖြစ်ပြီး အခန်းပေါင်း ၉၁ ခန်းရှိကာ ကြယ်သုံးပွင့် (3 Star)အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး သာကေတ မြို့နယ်တွင် အကြီးဆုံး ဟိုတယ်ကြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်ပေါင်း ၁ဝ၇၃ ရှိပြီး ဟိုတယ်အခန်းပေါင်း ၄၁၈၆၈ရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ် ၂၇၈ လုံးနှင့် အခန်းပေါင်း ၁၂၇၆၇ ခန်းရှိကြောင်း သိရသည်။
သတင်း -သီသီမင်း
ဓာတ်ပုံ -ခင်မောင်ဝင်း
No comments:
Post a Comment