နေပြည်တော် အောက်တိုဘာ ၂၆
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောတက္ကသိုလ်သည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်လျက် သစ်တောပညာရပ်များ သင်ကြားပေးလျက်ရှိသော်လည်း ယခုအခါ သစ်တောပညာ ဘွဲ့ရကျောင်းသားများ အတွက်အလုပ်အကိုင်အခွင့် အလမ်းများ နည်းပါးလျက်ရှိကြောင်း သိရသည်။
''၂ဝဝ၆-၂ဝဝ၇ ပညာသင်နှစ် မှာ ကျောင်းသားဦးရေကို ၁ဝဝ နဲ့ စခေါ်ပြီး ၂ဝဝ၇-၂ဝဝ၈ ပညာသင် နှစ်မှာတော့ ကျောင်းသားဦးရေကို ၂ဝဝ အထိတိုးပြီး လက်ခံခဲ့ပါတယ်။
အဲဒီနောက် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်ကစပြီး ကျောင်းသားဦး ရေကို ၁ဝဝ ပဲ ပြန်လက်ခံခဲ့ပါတယ်။ ဒီလိုလျှော့ခေါ်လိုက်ရတာကတော့ သစ်တောတက္ကသိုလ်ကနေဘွဲ့ရသွား တဲ့ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းနေ လို့ဖြစ်ပါတယ်။ နောင်မှာ ကလေးတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေများလာမယ်ဆိုရင်တော့ ဒီထက်တိုးပြီးလက်ခံနိုင်မှာပါ။ သစ်တောတက္ကသိုလ်ရဲ့ အဓိကရည်ရွယ် ချက်ကတော့ လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ သစ်တောကဏ္ဍအတွက် အရည်အချင်းပြည့်ဝတဲ့ ပညာရှင်တွေ မွေးထုတ်ပေးရန်၊ သစ်တောပညာ ရပ်ဆိုင်ရာဗဟုသုတများတိုးပွား လာစေရန်၊ သုတေသနလုပ်ငန်းများမှတစ်ဆင့် သစ်တောပညာဖွံ့ဖြိုး တိုးတက်စေရန်နှင့် သစ်တောကဏ္ဍအတွက် ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုတွေပေးနိုင်ရန်ဆိုပြီး ဖြစ်ပါ တယ် '' ဟု သစ်တောတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်ဦးက ပြောကြားသည်။
၂ဝဝ၇-၂ဝဝ၈ ပညာသင်နှစ်မှ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် အထိ သစ်တောတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် သစ်တောဘွဲ့ရ ကျောင်းသားဦးရေမှာ ၁၈ဝ ကျော်ရှိ ပြီဖြစ်သည်။သစ်တောဘွဲ့ရ ကျောင်းသားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဝန်ထမ်းအဖြစ် ခေါ်ယူခန့်ထားမှု ရှိခဲ့သော်လည်း ခန့်ထားနိုင်မှုအရေအတွက် နည်းပါးသည့်အတွက် သစ်တောတက္ကသိုလ်၌ ကျောင်းသား ဦးရေကို ၁ဝဝ ထိသာ သတ်မှတ်ထားရကြောင်း သိရသည်။ ပြင်ပပုဂ္ဂလိက သစ်တောစိုက်ခင်းများရှိသော်လည်း ဘွဲ့ရတစ်ယောက်ကို သစ်ပင်စိုက်ရန်၊ အလုပ်ကြီးကြပ်ရန်အတွက်သာ ခန့်ထားနိုင်သည့်အတွက် သစ်တော ဘွဲ့ရကျောင်းသားများအဖို့ ရေရှည်မျှော်လင့်ချက်မရှိ ဖြစ်နေသည်ကို တွေ့ရသည်။ ပြင်ပ NGO အဖွဲ့ အစည်းများတွင်လည်း အလားတူပင် ဖြစ်နေသည်။
''သစ်တောတက္ကသိုလ်ကို တက် မယ်ဆိုရင် အမှန်တကယ် သစ်တော ပညာရပ်ကိုစိတ်ဝင်စားပြီး ကျောင်းသားကိုယ်တိုင် သုတေသနလုပ်နိုင် အောင်ကြိုးစားဖို့လိုပါတယ်။ ဆရာတွေကိုယ်တိုင်ကလည်း သုတေသနတွေ အမြဲလုပ်နေနိုင်ရင်ပိုကောင်း ပါတယ်။သင်တန်းကာလမှာ စာတွေ့နဲ့ လက်တွေ့ကွင်းဆင်းလုပ်ကိုင်ခြင်း တွေကိုပါ ထည့်သွင်းသင်ကြားပေးပါတယ်။လက်တွေ့အနေနဲ့ လနဲ့ ချီပြီးတော့ သစ်တောကဏ္ဍနဲ့ ဆိုင်တာတွေကို တောဆင်းပြီးလေ့လာ ရပါတယ်။ ဒီကျောင်းကို လာရောက် ပညာသင်ကြားတဲ့ ကျောင်းသား အများစုကတော့ မြန်မာနိုင်ငံအလယ် ပိုင်းကများပါတယ်။ယခုလက်ရှိ သင်ကြားနေတဲ့  Search Learning တွေကိုလည်း တဖြည်းဖြည်းနဲ့ ပြုပြင်သွားမှာပါ''ဟု ဒေါက်တာမြင့်ဦးကဆက်လက်ပြောကြားသည်။
သစ်တောတက္ကသိုလ်သို့ တက်ရောက်ပညာ သင်ကြားလိုသူများသည် တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံရမှတ် ၃၆ဝ ရရှိရမည်ဖြစ်ပြီး သင်တန်းသားခေါ်ဆိုမှု၏ ၂၅ ရာခိုင်နှုန်းကို မိန်းကလေးများ ကိုလက်ခံသွားမည်ဖြစ်သည်။ ရေးဖြေအောင်မြင်သူများကို လူတွေ့ စစ်ဆေးခြင်း၊ မိုင် ၂ဝ လမ်းလျှောက် စွမ်းရည်စစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများပြုလုပ်သွားမည် ဖြစ်သည်။ ပညာသင်နှစ်တစ်နှစ်တွင် နှစ်ဝက်နှစ်ခုခွဲ၍ သင်ကြားပြီး ပထမနှစ်တွင် အခြေခံဘာသာရပ် များကိုလည်းကောင်း၊ ဒုတိယနှစ်တွင် သစ်တောနှင့် ဆက်စပ်ဘာသာရပ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်များကို လည်းကောင်း သင်ကြားပို့ချပေးပြီး လက်တွေ့ကွင်း ဆင်းခြင်းလုပ်ငန်းများကို တတိယနှစ်မှ နောက်ဆုံးနှစ်အထိ လက်တွေ့ကွင်းဆင်းဆောင်ရွက်ရကြောင်း သိရသည်။ ၂ဝ၁၁-၂ဝ၁၂ ပညာသင် နှစ်မှစ၍ သင်တန်းကာလကို ခြောက်နှစ်သို့ ပြန်လည်တိုးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ် အဆင့် သစ်တောဘာသာရပ်များကို ၁၉၂၃ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် သစ်တောပညာဌာနမှ တာဝန်ယူသင်ကြားပေးခဲ့ သည်။ ၁၉၈၅ ခုနှစ်တွင် သစ်တော ပညာဌာနကို ရန်ကုန်တက္ကသိုလ်မှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သစ်တောတက္ကသိုလ်အား သီးခြားတက္ကသိုလ်အဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနလက်အောက်တွင် ထားရှိခဲ့သည်။
No comments:
Post a Comment