Thursday, October 30, 2014

တီဘီရောဂါတိုက်ဖျက်ရေး ကွင်းဆင်းစစ်ဆေးပညာပေး




နေပြည်တော် အောက်တိုဘာ ၂၉

 ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့က ပူးပေါင်းဆောင်ရွက်သော တီဘီလူနာကွင်းဆင်း ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ်ကို နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 နေပြည်တော် ကောင်စီနယ်မြေ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှလှကြည်နှင့် ပျဉ်းမနားမြို့နယ် တီဘီတိုက်ဖျက်ရေးအဖွဲ့၊ဇေယျာသီရိ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသီတာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းအင်အား ၂ဝ ပါဝင်သော တီဘီရောဂါတိုက်ဖျက် ရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ်အတွင်း ပြည်စံအောင်၊ ခေတ်အေး၊ နန်းသြ အစရှိသော ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံပြည်သူများကို တီဘီရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ တီဘီရောဂါရှာဖွေရေးအတွက် သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ်ဆေး ခြင်းများကိုပြုလုပ်၍ ရောဂါတွေ့ရှိ သူများအား ရောဂါပျောက်ကင်းသည်အထိ အခမဲ့ကုသနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

တီဘီရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ ဒေသခံ ၁ဝ၄ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဒေသခံများကို တီဘီရောဂါ ရှာဖွေစစ်ဆေးပေးခဲ့သည်။ ဇေယျာသီရိမြို့နယ်အတွင်း ကျန်ရှိနေသေးသော ကျေးရွာများသို့လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကိုနေ
ဓာတ်ပုံ - အောင်ကျော်ဝင်း

No comments:

Post a Comment