Monday, October 27, 2014

ငွေလိမ်ချေးသောသူဌေး ဗီယက်နမ် ရဲတပ်ဖွဲ့ဖမ်းဆီး




ဟနွိုင် အောက်တိုဘာ ၂၆

 ဗီယက်နမ်နိုင်ငံတွင် ကြွေးနစ်နေသော ဘဏ်လုပ်ငန်းကို ဖြေရှင်းရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများအား အာဏာပိုင်များက နှိမ်နင်းရာတွင် နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို လိမ်လည်ငွေချေးယူမှု ကျူးလွန်သည်ဟု သံသယရှိသည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့ အေပီသတင်းတွင် ဖော်ပြသည်။

ပုဂ္ဂလိကပိုင် အိုးရှင်းဘဏ်ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဟောင်း ဟာဗန်သမ်ကို ငွေချေးခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေများကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဟနွိုင်မြို့တွင် ရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့နှောင်းပိုင်းတွင် ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ရဲတပ်ဖွဲ့က ၎င်း၏ နေအိမ်နှင့်ရုံးခန်းများကို ဝင်ရောက်ရှာဖွေခဲ့သည်။

 သမ်သည် ၂ဝ၁၂ ခုနှစ်တွင် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သည့် ပုဂ္ဂလိကပိုင်ကုမ္ပဏီ တစ်ခုကို အာမခံပစ္စည်း အခိုင်အမာမပါရှိဘဲ နှင့်အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းနှင့်ညီမျှသော ဒေါင် ဘီလီယံ ၅ဝဝကို ထုတ်ချေးရန် အတည်ပြုခဲ့ကြောင်း သွိုင်ထီးသတင်းစာက စနေနေ့တွင် ထုတ်ဖော်တင်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံက ၎င်း၏ ဘဏ်လုပ်ငန်း တွင် ကြွေးဆုံးမှုပမာဏ မြင့်မားနေခြင်းကို ရှင်းလင်းရန် ကြိုးစားလျက်ရှိရာမှ သမ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ယင်းသို့ကြွေးဆုံး မြင့်မားနေခြင်းက မကြာသေးမီ နှစ်များအတွင်း စီးပွားရေးတိုးတက်မှုကို နှေးကွေးစေခဲ့ပြီး ပြည်သူလူထုကိုလည်း ဒေါသဖြစ်စေခဲ့သည်။

 ဗီယက်နမ်ဗဟိုဘဏ် ကိန်းဂဏန်းများအရ ကြွေးဆုံးသည်ယခုနှစ်ဇူလိုင်လအထိ ရရန်ရှိသော ကြွေးမြီများ၏ ၈ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ဗဟိုဘဏ်က ယခုနှစ်ကုန်တွင် ၆ ရာခိုင်နှုန်းအထိ လျော့ကျသွားရန် ရည်မှန်းထားသည်။

သမ်သည် အရေးကြီးသော ဥပဒေများကို ချိုးဖောက်ကြောင်း တွေ့ရပြီးသည့်နောက်ဘဏ်၏ လုပ်ငန်းများဆုံးရှုံးမှု မဖြစ်ပေါ်စေရန်၊ တည်ငြိမ်စေရန်နှင့်ဥပဒေနှင့်အညီ ဖြစ်စေရန်အတွက် ၎င်းကို အိုးရှင်းဘဏ်ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း ဗဟိုဘဏ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 သမ်သည် အိမ်ခြံမြေလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများတွင် စီးပွားရေးအကျိုးစီးပွားများရှိသည့်နည်းတူ ''အိုးရှင်း အုပ်စုကော်ပိုရေးရှင်း'' ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

 အိုးရှင်းအုပ်စုသည် အိုးရှင်းဘဏ်တွင် စာရင်းမဝင်သော ရှယ်ယာအများဆုံးပိုင်ဆိုင် သူဖြစ်သည်။ 

 ဘီဘီစီ။

No comments:

Post a Comment