Wednesday, October 29, 2014

ပြည်သူ့ အကျိုးပြုဒီမိုကရေစီ



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

 ဒီမိုကရေစီစနစ်၏ အနှစ်ချုပ်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် လူတိုင်းတန်းတူအခွင့်အရေး ရရှိရေးပင်ဖြစ်ပါ၏။ တစ်နည်းအားဖြင့် ဒီမိုကရေစီသည် ပြည်သူကိုဗဟိုပြုသည်။ ပြည်သူသည်သာ အဓိကဖြစ်၏။ ပြည်သူအားလုံးသည်တန်းတူ ညီတူ အခွင့်အရေးခံစားနိုင်ရေးပင်ဖြစ်၏။ ထို့ကြောင့်လည်း ကျွန်ုပ်တို့နိုင်ငံ၌ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် ပြည်သူကိုဗဟိုပြု၍ ဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ဆောင် ရွက်လာနိုင်ခြင်းကပင် ပြည်သူအားလုံးသည် ဒီမိုကရေစီ၏ အသီးအပွင့်များကို အချိုးညီမျှတစွာ ခံစားလာကြရပေသည်။

သိသာထင်ရှားသော ဒီမိုကရေစီအသီးအပွင့်တစ်ခုကား ဆက်သွယ်ရေးကဏ္ဍပင်ဖြစ်၏။ ဆက်သွယ်ရေးကဏ္ဍမှ ပြည်သူ များအားလုံး တန်းတူအကျိုးရှိစွာ ခံစားနေရပြီဖြစ်သည်။ မြို့ပြ များ သာမက ကျေးလက်များအထိ မိုဘိုင်းဖုန်းများ အသုံးပြု လာနိုင်ပြီဖြစ်ပါသည်။ ဒီမိုကရေစီ စီးပွားရေးစနစ်သည် အားပြိုင်မှု ရှိ၏။ အချင်းချင်းအားပြိုင်ကြရာမှ ပြည်သူကို အကျိုးသက်ရောက်မှုများရှိလာ၏။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည်သာမက အော်ရီဒူးနှင့် တယ်လီနောတို့အပြိုင်အဆိုင် ဝန်ဆောင်မှုများပေးလာနိုင်၍ ဆင်းကတ်များကို ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေးလာ၏။ ဖုန်းပြောဆိုခများ အပြိုင်အဆိုင် လျှော့ချလာ၏။ ယခုအခါ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့် ပြောဆိုလာနိုင်၏။ ဒီမိုကရေစီစနစ် စီးပွားရေးသည် အပြိုင် အဆိုင်ကြားမှ ပြည်သူကိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးလာနိုင်သည်ဟု ဆိုထားပါသည်။

ဆက်သွယ်ရေးကဏ္ဍသည်သာမက အခြားသောကဏ္ဍများစွာတို့သည်လည်း ယှဉ်ပြိုင်လာနိုင်ရမည်ဖြစ်၏။ ပြည်တွင်း ကုမ္ပဏီ၊ ပြည်တွင်းလုပ်ငန်းများသာမက ပြည်ပကုမ္ပဏီများလည်း ဝင်ရောက်ယှဉ်ပြိုင်လာနိုင်ရမည်ဖြစ်၏။ အရည်အသွေးပြည့်ဝ သော ပြည်ပကုမ္ပဏီများ၊လုပ်ငန်းများကိုယှဉ်ပြိုင်ရင်း ပြည်တွင်း လုပ်ငန်းများတိုးတက်လာရမည်ဖြစ်၏။ ယှဉ်ပြိုင်မှုမရှိလျှင် တိုးတက်မှုလည်း ရှိလိမ့်မည်မဟုတ်ပေ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အစစအရာရာ နယ်ပယ်ကဏ္ဍစုံတွင် ပြည်ပကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှ တိုးတက်မည်သာဖြစ်၏။ ယှဉ်ပြိုင်မှုကို ကြောက်ရွံ့နောက်ဆုတ်နေ၍ ရမည်မဟုတ်ပေ။ ရဲဝံ့ပြတ်သားစွာ ယှဉ်ပြိုင်ရဲမှ တိုးတက်မှုများ ရရှိလာနိုင်မည်ဖြစ်ပါသည်။

ကုန်ပစ္စည်းများကို အပြိုင်အဆိုင် ထုတ်လုပ်ခြင်း အားဖြင့် အရည်အသွေးကောင်းသောပစ္စည်းများ ပြည်သူများ ဈေးနှုန်းချိုသာစွာ သုံးစွဲလာနိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်မှု လုပ်ငန်းများကို အပြိုင်အဆိုင်ပေးကြရာမှ ပြည်သူများ ကောင်းမွန်သော ဝန်ဆောင်မှုများကို ဈေးနှုန်းသက်သာစွာခံစား ရရှိလာနိုင်မည် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများကို အပြိုင် အဆိုင် ယှဉ်ပြိုင်လုပ်ကိုင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပါသည်။ အရာရာယှဉ်ပြိုင်မှုများကြားမှ တိုးတက်လာပြီး ပြည်သူကိုအကျိုးရှိစေရမည်ဖြစ်ပါသည်။ သို့ပါ ၍ ဆက်သွယ်ရေးကဏ္ဍကဲ့သို့ အခြားသော စီးပွားရေးလုပ်ငန်းများ သည်လည်း အပြိုင်အဆိုင် ယှဉ်ပြိုင်လုပ်ကိုင်ကြခြင်းဖြင့် ပြည်သူကိုအကျိုးပြုကာ ဒီမိုကရေစီစနစ်အတွင်း လူတိုင်းတန်းတူ အကျိုးကိုခံစားလာနိုင်ကြမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment