Sunday, October 26, 2014

စင်ကာပူ-ရန်ကုန်-စင်ကာပူ လေကြောင်းလိုင်းသစ် စတင်ပြေးဆွဲပျံသန်း

Photo: စင်ကာပူ-ရန်ကုန်-စင်ကာပူ လေကြောင်းလိုင်းသစ် စတင်ပြေးဆွဲပျံသန်း

ရန်ကုန်    အောက်တိုဘာ    ၂၆

ပွင့်လင်းရာသီဖြစ်လာသည်နှင့်အညီ ပြည်တွင်းပြည်ပ ခရီးသည်များ သွားလာမှုပိုမိုများပြားလာသဖြင့် လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲပျံသန်းလာကြရာ မြန်မာနိုင်ငံရှိ ရွှေမြန်မာလေကြောင်းလိုင်းနှင့် စင်ကာပူအခြေစိုက် Tigerair  လေကြောင်းလိုင်းတို့  ပူးပေါင်း၍ စင်ကာပူ-ရန်ကုန်-စင်ကာပူ တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ယနေ့စတင် ပြေးဆွဲပျံသန်းနေကြောင်း သိရသည်။

Tigerair လေကြောင်းလိုင်းကို ၂ဝဝ၄ ခုနှစ်ကတည်း က တည်ထောင်ခဲ့ပြီး အာရှနှင့် သြစတြေးလျရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံ၊ မြို့ ၅ဝ ကျော်ကို ပြေးဆွဲပျံသန်းလျက်ရှိကြောင်း၊ ရွှေမြန်မာလေကြောင်းလိုင်းနှင့်  ပူးပေါင်းပြီး စင်ကာပူ-ရန်ကုန်-စင်ကာပူ လေကြောင်းလိုင်းကို ယနေ့မှစတင်ကာ တိုးချဲ့ပျံသန်းခဲ့ပြီး ယဉ်ကျေးမှုအမွေအနှစ်နယ်မြေများဖြစ်သည့် မန္တလေးနှင့်ပုဂံကဲ့သို့ မြန်မာနိုင်ငံရှိ ခရီးသွားလာမှု များပြားသော ဒေသများကိုလည်း ထပ်မံပြေးဆွဲပျံသန်းရန် စီစဉ်ထားကြောင်း Tigerair လေကြောင်းလိုင်းမှ Com-mericial Director Mr.Robert Yang က ပြောသည်။

ရွှေမြန်မာလေကြောင်းလိုင်းသည် ၂ဝ၁၃ ခုနှစ်  ဧပြီလဆန်းမှ စတင်ကာ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းကို ခေတ်နှင့်အညီ ပြေးဆွဲပျံသန်းပေးလျက် ရှိကြောင်း၊ မကြာမီကာလအတွင်းတွင် လည်း ရွှေမြန်မာလေကြောင်းလိုင်းအနေဖြင့် လေကြောင်းလိုင်းသစ်များ ထပ်မံတိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း၊ ရွှေမြန်မာလေကြောင်းလိုင်းအနေဖြင့် Tigerair လေကြောင်းလိုင်းနှင့် Codeshare သဘောမျိုး ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် ရန်ကုန်-စင်ကာပူလေကြောင်းလိုင်းသစ် မိတ်ဆက်ပွဲအခမ်းအနားတွင် ရွှေမြန်မာလေကြောင်းလိုင်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကြီးက ပြောသည်။

အဆိုပါ စင်ကာပူ-ရန်ကုန်-စင်ကာပူ လေကြောင်းလိုင်းခရီးစဉ်ကို စင်ကာပူမှ ရန်ကုန်သို့လည်းကောင်း၊ ရန်ကုန်မှစင်ကာပူသို့လည်းကောင်း တစ်ရက်လျှင်တစ်ကြိမ်ဖြင့်  နေ့စဉ် တိုက်ရိုက်ပြေးဆွဲပျံသန်းမည်ဖြစ်ကြောင်း သိရသည်။    ဌေးအောင်(ကြေးမုံ)

No comments:

Post a Comment