Wednesday, September 18, 2019

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်




Image may contain: 5 people, people smiling, people standing and suit
နေပြည်တော် စက်တင်ဘာ ၁၇




အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံသို့ တက်ရောက်သည်။
ညီလာခံကို''ကမ္ဘောဒီးယား လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများ အကာ အကွယ်ပေးရေးကိုဦးတည်၍ လူမှုဖူလုံရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ခြင်း'' ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ညီလာခံသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားဘုရင့်နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က အမှာစကား ပြောကြားသည်။
ယင်းနောက် ညီလာခံသဘာပတိအဖြစ်ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ အလုပ်သမားနှင့် သက်မွေးဝမ်းကျောင်းသင်တန်းဝန်ကြီးဌာန ဝန်ကြီး Mr. Ith Samhengက ဆောင်ရွက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများက အမှာစကား ပြောကြားကြသည်။
ညီလာခံတွင် ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ အတွက် လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင် သော အလုပ်သမားဝန်ကြီးအဆင့် ကြေညာစာတမ်းကို ဦးတည် ဆောင်ရွက်မည့် ဆီရမ်ရိ လမ်းပြမြေပုံနှင့် ''ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမား များ အကာအကွယ်ပေးရေးကို ဦးတည်၍ လူမှုဖူလုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း'' ဆိုင်ရာ တတိယအကြိမ်မြောက် အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှု အလုပ်သမားဝန်ကြီး အဆင့်ညီလာခံ၏ ရလဒ်များအပေါ် ပူးတွဲကြေညာချက်ကို အလုပ်သမားဝန်ကြီးများက အတည်ပြုချမှတ်ခဲ့သည်။
ဝန်ကြီးအဆင့် ညီလာခံမတိုင်မီ စက်တင်ဘာ ၁၆ ရက်တွင် (၅) ကြိမ်မြောက် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ အစည်းအဝေး ကိုကျင်းပခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံမှ ကိုယ်စား လှယ်အသီးသီးက ရွှေ့ပြောင်းအလုပ်သမားများအတွက် အကျိုးခံစားခွင့်လွှဲပြောင်းရယူနိုင်သည့် လူမှုဖူလုံရေးစနစ်သို့ ဦးတည်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့် တင်ပြမှုများ ပြုလုပ်ခဲ့သည်။
ဒုတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အလုပ်သမားဝန်ကြီးအဆင့် ညီလာခံကို ၂၀၁၇ ခုနှစ် ဩဂုတ် ၁ ရက်မှ ၂ ရက်ထိ ဗီယက်နမ်နိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့စွမ်းအားအရင်းအမြစ် နှင့် အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပြီး တိုက်တွန်းချက် ၉ ခုပါဝင်သည့် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်စဉ်ကာလ အတွင်း ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ အလုပ်သမားနှင့် သက်မွေး ဝမ်းကျောင်းသင်တန်းဝန်ကြီးဌာန ဝန်ကြီး Mr. Ith Samhengနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအလုပ်သမားရေးရာ ကိစ္စရပ်များကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment