ပါကစ္စတန်သမ္မတဟောင်း ဇာဒါရီကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီး

ပါကစ္စတန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို ( NAB) က သမ္မတ ဟောင်း အဆစ်ဖ်အလီဇာဒါရီကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဒေသ္တရမီဒီယာများက ရေးသားဖော်ပြသည်။
အထောက်အထားပြသနိုင်ခဲ့
သတင်းများအရ အစ္စလာမ္မာဘတ်တရားရုံးချုပ်က သမ္မတဟောင်း ဇာဒါရီ၏ အမြဲတမ်းအာမခံဖြင့်နေထိုင်ခွင့်ကို ပယ်ချကာ စစ်ဆေး မေးမြန်းမှု ထပ်မံပြုလုပ်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို အား ဖမ်းဆီးခွင့်ပေးပြီးနောက် ၎င်းမှာ နေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုမှ တာဝန်ရှိသူများက ဇာဒါရီမှာ အပြစ်ရှိကြောင်း အထောက်အထားပြသနိုင်ခဲ့ပြီးနောက် တရားရုံးက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။
ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ခေါင်းဆောင်နှင့် ကွယ်လွန်သူ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ ခင်ပွန်းဖြစ်သူ ဇာဒါရီမှာ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဗျူရိုသည် ဇာဒါရီကို မဖမ်းဆီးမီ အောက်လွှတ်တော် ဥက္ကဋ္ဌထံမှ ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း သိရသည်။ မေလအစောပိုင်း တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုဥက္ကဋ္ဌ ဂျာဗတ်အက်ဘယ် က ဇာဒါရီကိုဖမ်းဆီးရန် ဖမ်းဝရမ်းကို အတည်ပြုခဲ့သော်လည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဗျူရိုက တရားရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းခဲ့သည်။
ဖမ်းဆီးမိန့်ထုတ်ပြန်
ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ မေးခွန်းများဖြေကြားရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုရှေ့မှောက် လာရောက်ရန် ဇာဒါရီက သုံးကြိမ်တိုင်တိုင် ငြင်းဆန်ပြီးနောက် ဖမ်းဆီးမိန့် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး
No comments:
Post a Comment