Sunday, June 9, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်
Image may contain: 1 person, standing and indoor
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီစ်၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ ၁-၆-၂၀၁၉ ရက်နေ့မှ ၄-၆-၂၀၁၉ ရက်နေ့အထိ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံသို့ ၄-၆-၂၀၁၉ ရက်နေ့မှ ၇-၆-၂၀၁၉ ရက်နေ့အထိ အလုပ် သဘောခရီးစဉ် သွားရောက်ခဲ့သည်။
ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်အား တွေ့ဆုံ
၂။ ၃-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ချက်သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ အန်ဒရီး ဘားဘီစ်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာ-ချက် နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်သွားနိုင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲနိုင်မည့် အလားအလာများ ရှာဖွေရေး၊ က္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင် ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များအကြား အပြန်အလှန်လည် ပတ်မှုမြှင့်တင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်အား မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ကြားခဲ့ရာ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ဖိတ်ကြားချက်ကို ဝမ်းမြောက်စွာလက်ခံခဲ့သည်။
၃။ ဆွေးနွေးပွဲအပြီးတွင် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ပရာ့ဂ်မြို့ရှိ Hrzansky Palace ၌ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
ချက်သမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံ
၄။ ၄-၆-၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက် သမ္မတနိုင်ငံ သမ္မတရုံးတွင် သမ္မတ မစ္စတာ မီလိုဇီးမင်းနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ချက် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ၊ မြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်နေသည့် ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌက
ညစာဖြင့် တည်ခင်းဧည့်ခံ
၅။ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ လွှတ်တော်၌ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ဂျန်ဟော်နစ်က တည်ခင်းဧည့်ခံသော ညစာစားပွဲတက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ လွှတ်တော်ချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့သည်။
ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသော
အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်
၆။ ၄-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောမတ်စ် ပက်ထရစ်ချက်ခ်က တည်ခင်းဧည့်ခံသော အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ နံနက်စာစားပွဲတွင် နှစ်နိုင်ငံ ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြားဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက်ရေး ယ္တရားများမှတစ်ဆင့် နှစ်ဖက်ထိတွေ့ဆက်ဆံမှုမြှင့်သွားရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌက
နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ
၇။ ၄-၆-၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ရာဒက် ဗွန်ဒရာဆက် က တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဂုဏ်ပြုပန်းစည်းချခြင်း
၈။ ၃-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပရာ့ဂ်မြို့ရှိ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း H.E. Mr. Vaclav Havel ၏ ဂူဗိမာန်သို့ သွားရောက်၍ ဂုဏ်ပြုပန်းစည်းချခဲ့ပါသည်။
ချားလ်စ်တက္ကသိုလ်တွင် ဟောပြောပို့ချ
၉။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၃-၆-၂၀၁၉ ရက်နေ့တွင် ပရာ့ဂ်မြို့ရှိ ချားလ်စ်တက္ကသိုလ်တွင် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ကြုံတွေ့ရ သော စိန်ခေါ်မှုများ (Challenges of Transition) ခေါင်းစဉ်ဖြင့် ဟောပြော ပို့ချခဲ့သည်။ ထိုသို့ ဟောပြောပို့ချရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း များ၊ အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများနှင့် ပတ်သက်၍ နောက်ခံသမိုင်းဖြစ်စဉ်အကျဉ်းကို ထိုစဉ်က ချက်ကိုဆလိုဗေး ကီးယားနိုင်ငံ၏ သွေးထွက်သံယိုမရှိ၊ သိမ်မွေ့စွာ ကူးပြောင်းခဲ့သည့် ကတ္တီပါ တော်လှန်ရေးနှင့်နှိုင်းယှဉ်၍ ရှင်းလင်းပြောကြားခဲ့သည်။
၁၀။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန်ယူခဲ့ပြီးနောက် ဆက်ခံ တာဝန်ယူဖြေရှင်းနေရသည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားရာ၌ ဖွံ့ဖြိုးတိုး တက်မှုအနည်းပါးဆုံး ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က အသိုက်အဝန်း နှစ်ရပ်အကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတကာက အာရုံစိုက်လာကြ ကြောင်း၊ ပြဿနာ၏အခြေခံအရင်းအမြစ်ကို အလေးထားပြီး ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဒေသ တွင် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ထိခိုက်စေမည့်ကိစ္စရပ်များအား အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ရန် ဒေါက်တာကိုဖီအာနန် ခေါင်းဆောင် သည့် ကော်မရှင်ထံမှလည်း အကြံပြုချက် တောင်းခံခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဗျွှဗ အကြမ်းဖက်အဖွဲ့အစည်းမှ နယ်စပ်ဒေသရှိ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်မှုနှင့် တပ်မတော်၏ ပြန်လည်တုံ့ပြန်မှု များမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဖြစ်ရပ်များကြောင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ၏အာရုံစိုက်ရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကိစ္စရပ်ဖြစ်လာခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၁၁။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်အရေး ကိစ္စတို့မှာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်း များဖြစ်၍ နိုင်ငံတကာက အာရုံစိုက်မှုရရှိနေကြကြောင်း၊ သို့ရာတွင် အသွင်ကူး ပြောင်းမှုမှ မြန်မာပြည်သူများရရှိလိုသည့် ရာစုနှစ်ဝက်ကျော်ကြာ မျှော်လင့် ချက်များနှင့် လိုအင်ဆန္ဒများကိုမူ အလေးထားမှု၊ စိတ်ဝင်စားမှု အလွန်နည်းပါး ကြကြောင်း၊ ပြည်သူများ၏ အဓိကလိုအပ်ချက်များမှာ ရေရရှိရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်ဓာတ်အားလုံလောက်ရေး၊ ကောင်းမွန် သည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးတို့ဖြစ်ကြောင်း၊ ယင်းအခြေခံလိုအပ် ချက်များမှာ နိုင်ငံတကာမှ စိတ်ဝင်စားမှုမရှိသည့် သာမန် ကိစ္စရပ်များသာဖြစ်သော်လည်း မြန်မာနိုင်ငံအတွက်မူ အရေးကြီးသည့် ကိစ္စ ရပ်များဖြစ်ကြောင်းထောက်ပြခဲ့ပြီး ပြည်သူပြည်သားများ၏ အဆိုပါအဓိက လိုအပ်ချက်များ၊ မျှော်လင့်ချက်များအား ဖြည့်ဆည်းပေးရာ၌ တိုးတက်မှုများ ကို ရှင်းလင်းဖော်ပြကာ လွန်ခဲ့သည့် (၃)နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအခြေအနေကို အကဲဖြတ်သုံးသပ်ပြောကြားခဲ့သည်။
၁၂။ ဟောပြောပို့ချမှုအပြီးတွင် ချားလ်စ်တက္ကသိုလ် ပါမောက္ခချုပ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တက္ကသိုလ်၏ သမိုင်းဝင်ဆုတံဆိပ် (Historical Medal of Charles University) ကို ချီးမြှင့်ပေးအပ် ခဲ့သည်။ အဆိုပါ ဆုတံဆိပ်မှ စာပေသင်ကြားပို့ချမှုတွင် ထူးချွန်သူများ၊ သိပ္ပံ ပညာထူးချွန်သူများ၊ ချက်သမ္မတနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင် ရွက်ရန် ကြိုးပမ်းအားထုတ်သူများကို ချီးမြှင့်လေ့ရှိကြောင်း သိရှိရသည်။
ချက်-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်
၁၃။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သော ချက်-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါဖိုရမ်သို့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီစ်၊ ချက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး မစ္စတာ ကာရယ် ဟတ်လီစက်၊ ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာသောမတ်စ် ပက်ထရစ် ချက်ခ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသောင်းထွန်းတို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ချက်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ မစ္စတာ ဂျာရိုစ်လတ် ဟာနက်နှင့် လုပ်ငန်း ရှင်များ ပါဝင်တက်ရောက်ခဲ့သည်။
၁၄။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာတွင် ၁၉၆၀ ပြည့်နှစ်ကာလများတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ တွင် ချက်သမ္မတနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါ ကြောင်း၊ ယနေ့ကာလတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄ သန်းခန့်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုတိုးချဲ့ဆောင်ရွက်နိုင်မည့် အလားအလာများစွာ ရှိနေပါကြောင်း၊ ပရာ့ဂ်မြို့တွင် မြန်မာနိုင်ငံသံရုံး ပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်သွားနိုင်တော့မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေ သတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပထဝီအနေအထားအရ အချက်အချာ ကျသောနေရာတွင် တည်ရှိကြောင်း၊ လူဦးရေ(၅၄)သန်းရှိသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး နိုင်ငံတကာဈေးကွက်နှင့် ပေါင်းစည်းပူးပေါင်းဆောင်ရွက်ပါက အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်မားနေသော အရှေ့တောင်အာရှတွင်ပင် အမြင့်ဆုံးအဖြစ် ၆.၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေပြမှုနှင့် ငွေကြေးဖောင်းပွမှုကို လျှော့ချ၍ ကုန်သွယ်မှုပမာဏ ကို နှစ်စဉ် (၂၀) ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ မိုဘိုင်းဖုန်းအခြေခံသော ဘဏ္ဍာရေးဝန် ဆောင်မှုကဏ္ဍသည်လည်း တစ်လလျှင် (၃၀) ရာခိုင်နှုန်းတိုးမြှင့် ခဲ့ပြီး စမတ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်နှုန်းသည် က္ဘာတွင် အမြင့်ဆုံးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သီလဝါအပါအဝင် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူ များကို ဝင်ငွေခွန် (၇)နှစ် ကင်းလွတ်ခွင့်ပြုခြင်းအပါအဝင် အခြားအထူးအခွင့် အရေးများ ပေးထားပါကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း တိုယိုတာ မော်တော်ကားကုမ္ပဏီမှ မြန်မာနိုင်ငံတွင် မော်တော်ကား စက်ရုံတည်ထောင် ရန် ကြေညာခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု တဖြည်းဖြည်း မြင့်မားလာခြင်းကို ထင်ဟပ်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကိုချမှတ်၍ ဆင်းရဲမွဲတေမှုလျှော့ချသွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ခေါ် မှုများရှိနေသေး သော်လည်း ၂၀၁၁ ခုနှစ်မှစတင်ခဲ့သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၏ရလဒ်သည် သိသာထင်ရှား ပါကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံခြင်းသည် မြန်မာ-ချက်နှစ်နိုင်ငံအကြား ရှိပြီးသား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုအတွက် အခြေခံအစိတ်အပိုင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပရာ့ဂ်မြို့ မြန်မာနိုင်ငံသံရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၁၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပရာ့ဂ်မြို့ မြန်မာသံရုံး ပြန်လည် ဖွင့်လှစ်သည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ သံရုံးဖွင့်ပွဲသို့ ချက် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောမတ်စ် ပက်ထရစ်ချက်ခ်၊ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲ များ၊ ချက်နိုင်ငံရောက် မြန်မာ မိသားစုများ၊ ပညာတော်သင်များလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောမတ်စ် ပက်ထရစ် ချက်ခ်နှင့်အတူ သံရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။ ချက်သမ္မတနိုင်ငံသံရုံးကို ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသံရုံးကို ပရာ့ဂ်မြို့၌ ပြန်လည်ဖွင့်လှစ်နိုင်မှုသည် နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေမည့် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါသည်။
မြန်မာ့အလှဓာတ်ပုံပြပွဲအခမ်းအနားသို့ တက်ရောက်
၁၆။ ၄-၆-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ချက်သမ္မတနိုင်ငံ အမျိုးသား ပြတိုက်တွင်ပြုလုပ်သော The Beauty of Myanmar ဓာတ်ပုံပြပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ အဆိုပါဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံ၏ ရိုးရာဓလေ့ထုံးစံများ၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုများ၊ သာယာလှပသည့် သဘာဝရှုခင်းများ စသည်တို့ကို ချက်နိုင်ငံပြည်သူများ ပိုမိုသိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ချက်နိုင်ငံအမျိုးသားပြတိုက်ဝင်းအတွင်း ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှ သြဂုတ်လ ၁၆ ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။
၁၇။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ချက်သမ္မတနိုင်ငံမှ ဟန်ဂေရီနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့သည်။
ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ
၁၈။ ၅-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဘူဒါပတ်စ်မြို့ရှိ ဟန်ဂေရီဝန်ကြီးချုပ်ရုံးတွင် ဝန်ကြီးချုပ် မစ္စတာ ဗစ်တာ အိုဗန်နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ တို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ဟန်ဂေရီနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဒီမိုကရေစီအသွင် ကူးပြောင်းမှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးအခြေ အနေများ၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာအစိုးရမှ ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများ အပြန်အလှန်ဖွင့်လှစ်သွားနိုင်ရေးကိစ္စရပ်များ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။
ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံ
၁၉။ ဟန်ဂေရီဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၌ နိုင်ငံခြား ရေးနှင့် ကုန်သွယ်ရေးဝန်ကြီး မစ္စတာ ပီတာ ဆာဇ်ဂျာတိုနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန်အတွက် လုပ်ငန်းစဉ်များ ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားရေး၊ ဟန်ဂေရီနိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်ရန် ွှငနိ ဗငိ ဃမနိငအ ချေးငွေပေးအပ်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင်သာမက စိုက်ပျိုးရေး၊ ရေရရှိရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ဂေရီနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပညာတော်သင်ဆုများ တိုးမြှင့်ပေးအပ်သွားရေးကိစ္စရပ်များ၊ မြန်မာ နိုင်ငံနှင့် အီးယူအကြား ဆက်ဆံရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကာလတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပေါ် ဆွေးနွေးခဲ့ကြသည်။ ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်း အားထုတ်မှုများတွင် ဟန်ဂေရီနိုင်ငံမှ အပြုသဘောကူညီပံ့ပိုးပေးမှုနှင့် နားလည်မှုပြသခြင်းတို့အတွက် မြန်မာဘက်မှ ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးက တည်ခင်းဧည့်ခံ သော အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
National University of Public Service တွင် ဟောပြောပို့ချ
၂၀။ ၆-၆-၂၀၁၉ ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံ National University of Public Service ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ ပညာရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ မြန်မာ-ဟန်ဂေရီနှစ်နိုင်ငံ ပညာရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့် ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဟောပြောပို့ချခဲ့ပြီး မေးမြန်းချက်များကို ဖြေကြားခဲ့သည်။
ဟန်ဂေရီလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံ
၂၁။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံ လွှတ်တော်သို့သွားရောက်၍ ဟန်ဂေရီလွှတ်တော်ဒုတိယဥက္ကဋ္ဌ မစ္စစ် မာတာ မက်ရိုင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ဟန်ဂေရီ နှစ်နိုင်ငံအကြား ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တူညီစွာ ကြုံတွေ့ခဲ့ရ သည့် အတွေ့အကြုံများအား အပြန်အလှန်အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် လွှတ်တော်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ဟန်ဂေရီလွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌက နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံ
၂၂။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီ လွှတ်တော် နိုင်ငံခြားဆက် ဆံရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဇာအော့ နီမတ်က လွှတ်တော်တွင် တည်ခင်းဧည့်ခံသော နေ့လယ်စာစား ပွဲသို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံစီးပွားရေးဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်
၂၃။ ၆-၆-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံစီးပွားရေးဖိုရမ်သို့တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းကလည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှင်းလင်းခဲ့ပြီး မြန်မာ-ဟန်ဂေရီ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြသည်။
ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်ထမ်းများနှင့် မြန်မာပညာတော်သင်များ အား တွေ့ဆုံ
၂၄။ ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမျိုးအေးနှင့် သံရုံးဝန်ထမ်းများ၊ ဟန်ဂေရီနိုင်ငံရောက် မြန်မာပညာတော်သင်များအား တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
၂၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၈-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်

No comments:

Post a Comment