Monday, June 17, 2019

တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့် ယီမင်စစ်ပွဲနှင့် နောက်ဆက်တွဲပြဿနာများ ခေါင်းစဉ်တို့ဖြင့် ကမ္ဘာရေးရာဆွေးနွေးပွဲ ကျင်းပ




Image may contain: 4 people, people sitting, table and indoor
ရန်ကုန် ဇွန် ၁၆




မြန်မာလေ့လာရေးအဖွဲ့မှ အကြီးတန်း သုတေသနမှူး ဦးအေးမောင်ကျော်နှင့် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးတို့ ဦးဆောင်ဆွေးနွေးသည့် ကမ္ဘာရေးရာဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ အမှတ် (၂၁၂) သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း(ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
ဝိုင်းဝန်းဆွေးနွေးအကြံပြု
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးပွဲမျိုးကို ဖြစ်နိုင်ပါက နှစ်ပတ် တစ်ကြိမ် ကျင်းပစေချင်ကြောင်း၊ တခြားနေရာဒေသများတွင်လည်း ပြုလုပ် စေချင်ကြောင်း၊ မန္တလေးနှင့် နေပြည် တော်တို့တွင် စိတ်ပါဝင်စားသူများရှိပါက မိမိတို့အဖွဲ့နှင့် ပူးတွဲဆောင်ရွက်စေလို ကြောင်း၊ ယနေ့ဆွေးနွေးပွဲ၌ ဝိုင်းဝန်းပါဝင် ဆွေးနွေးအကြံပြုခြင်း၊ ဝေဖန်ထောက်ပြ ခြင်း ပြုလုပ်စေလိုကြောင်း၊ နောင်တွင် လည်း ဆွေးနွေးလိုသည့်အကြောင်းအရာ ရှိပါကလည်း ဦးဆောင်ဆွေးနွေးရန် ဖိတ်ခေါ်ချင်ကြောင်း။
ကမ္ဘာရေးရာအကြောင်းအရာများ ဆွေးနွေးရာတွင် ကမ္ဘာတွင် ဖြစ်ပျက်နေ သည့် အနေအထားများကိုမပြတ်လေ့လာ ဝေဖန်သုံးသပ်နိုင်မှသာလျှင် ကမ္ဘာ့ အပြောင်းအလဲကြီးများကို ကိုယ်တိုင် ပါဝင်ပြီး ကြိုတင်ပြင်ဆင်လုပ်ဆောင်ရန် အခွင့်အလမ်းများနှင့် အသိဉာဏ်များ တိုးပွားမည်ဖြစ်ကြောင်း။
သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် ယခုလို နိုင်ငံတကာနှင့် ဆက်နွှယ်သက်ရောက် လာနိုင်သည့် အကြောင်းအရာများကို စဉ်းစားတွေးခေါ်၍ အသိအမြင်၊ ဗဟုသုတ များရှိနေရန်အတွက် ယခုကဲ့သို့ ဆွေးနွေး ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြား သည်။
တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ
ထို့နောက် မြန်မာလေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော်က တရုတ် - အမေ ရိကန် ကုန်သွယ်ရေးစစ်ပွဲခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ လတ်တလောအခြေ အနေများ၊ မဟာဗျူဟာပြိုင်ဆိုင်မှုနှင့် လုံခြုံရေးခြိမ်းခြောက်မှု၊ ဂျပန်နိုင်ငံ၏ အတွေ့အကြုံများကို တရုတ်နိုင်ငံက သင်ခန်းစာယူပုံ၊ တရုတ်နိုင်ငံ ကာကွယ် ရေးအသုံးစရိတ်ကို အမေရိကန်နိုင်ငံနှင့် နှိုင်းယှဉ်ခြင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု တိုးတက် ခြင်းအခြေအနေ၊ အမေရိကန်နိုင်ငံ၏ ဘဏ်လုပ်ငန်းအမြတ်နှုန်း၊ တရုတ်နိုင်ငံက ဆင်းရဲမွဲတေမှု တိုက်ထုတ်နိုင်ခဲ့ပုံ၊ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ အပြန်အလှန် ပို့ကုန်နှိုင်းယှဉ်ချက်၊ တစ်က္ဘာလုံးနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးအချိုးအစား၊ စီးပွားရေး ဆိုင်ရာ သတင်းအချက်အလက်များ ခိုးယူမှုပြဿနာ၊ အမေရိကန်နိုင်ငံ၏ မူဝါဒရေးရာဆိုင်ရာများ၊ နိုင်ငံခြားရေးရာ ဆိုင်ရာမူဝါဒများ၊ ဟွာဝေးဖုန်းကုမ္ပဏီ၏ အမြတ်အစွန်းနှင့် လက်ရှိရင်ဆိုင်နေရ သည့်အခြေအနေ စသည့်အကြောင်း အရာများကို ဆွေးနွေးသည်။
ယီမင်စစ်ပွဲနှင့် နောက်ဆက်တွဲပြဿနာ
ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးက ယီမင် စစ်ပွဲနှင့် နောက်ဆက်တွဲပြဿနာ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယီမင် နိုင်ငံ၏ နောက်ခံပထဝီဝင်အနေအထား၊ နိုင်ငံတကာကြားဝင်ပတ်သက်မှု၊ ယီမင် နိုင်ငံ လူမျိုးစုများ၏ အထွေထွေ ကျပ်တည်းမှုများ၊ မျိုးနွယ်စုများအပေါ် အခြေခံသည့် အကြောင်းတရားများ စသည့် ယီမင်နိုင်ငံ၏ ပြည်တွင်းပြဿနာ နှင့် အကျိုးဆက်များအကြောင်းကို ဆွေးနွေးသည်။
ပြန်လည်ရှင်းလင်း
ထို့နောက် ကမ္ဘာရေးရာဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလို သည့်အကြောင်းအရာများကို ကဏ္ဍအလိုက် မေးမြန်းဆွေးနွေးရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယနေ့ကျင်းပသည့် ကမ္ဘာရေးရာ ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေး ဦးစီးဌာန၊ မြန်မာလေ့လာရေးအဖွဲ့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာလေ့လာရေးအဖွဲ့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သတင်း မီဒီယာများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲ ကျင်းပမည်
ယနေ့ ဆွေးနွေးပွဲကျင်းပသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်) ၏ ရွှေဥဒေါင်းခန်းမကို စာအုပ်မိတ်ဆက် ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာပေ ဟောပြောပွဲများနှင့် စကားဝိုင်းများ စသည့် စာပေဆိုင်ရာလှုပ်ရှားမှုများ ကျင်းပနိုင်ရန်အတွက် အခမဲ့ငှားရမ်း အသုံးပြုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဩဂုတ်လအတွင်း အဆိုပါခန်းမ၌ မြန်မာ ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment