ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေ၊ တင်းမေကျေးရွာအနီးတွင် မသင်္ကာဖွယ်လူတစ်စု ရောက်ရှိနေကြောင်း သတင်းအရ မတ် ၇ ရက် ညနေပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ ကျေးရွာအနီး လျှိုမြောင်အတွင်း၌ လူနေတဲအကြီးတစ်လုံး၊ အသေးသုံးလုံး တွေ့ရှိသဖြင့် ဆက်လက်ရှာဖွေရာ အနီးဝန်းကျင်တွင် ရောက်ရှိနေသော ကျောင်းတောင်ကျေးရွာမှ မော်လဝီ အဒူလာမိန် (၃၂) နှစ်နှင့် တင်းမေကျေးရွာနေ မာမတ်ဇူဘိုင် (၂ဝ) နှစ် တို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မာမတ်ဇူဘိုင်အား စစ်ဆေးမေးမြန်းရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင် သည့် ဦးလေးဖြစ်သူထံ တရားမဝင်ဆင်းကတ်ဖြင့် ဖုန်းဆက်ရန် ဖုန်းလိုင်းမိသည့် မဲဇလီကုန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ၎င်းအား ပို့ကုန်/သွင်းကုန် ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဆက်လက်၍ အဒူလာမိန်အား စစ်ဆေးချက်အရ ၎င်းသည် အကြမ်းဖက် သင်တန်းသားဖြစ်သည်ကို သိရှိရပြီး ဆက်လက်ဖော်ထုတ်ချက်အရ တင်းမေ ကျေးရွာ တင်းမေ (၃) ရပ်ကွက်နေ ရွာခန့်ကျောင်းဆရာ မာဆောင်းသည် ကျီးကန်းပြင် အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွား၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး ကူလူပါလောင် ဒုက္ခသည်စခန်းတွင် နေထိုင်သူ ငါးဦးအား အကြမ်းဖက်သင်တန်းပို့ချရန် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ဘူးသီးတောင် မြို့နယ် တင်းမေကျေးရွာသို့ ခေါ်ဆောင်ခဲ့ကြောင်း။
မာဆောင်းသည် တင်းမေ (၃) ရက်ကွက်နေ ရော်ဖီး၊ ရှောင်ရှုးအာလောင်၊ မော်လဝီ အဒူကော်ရိန်၊ မော်လဝီ မာမောက် (ခ) အီနုစ်တို့နှင့် တွေ့ဆုံပြီး ¤င်းတို့၏ လူ့အခွင့်အရေးနှင့် ပြောဆိုခွင့်များ ပြန်လည်ရရှိအောင် အကြမ်းဖက် တောင်းဆိုရေး၊ တောင်းဆိုရာတွင် လူတိုင်းပါဝင်ရန် တာဝန်ရှိသည်ဟု စည်းရုံး ဟောပြောခဲ့ကြောင်း။
ထိုသို့ ဟောပြောသဖြင့် မော်လဝီ အဒူကော်ရိန်နှင့် မော်လဝီ မာမောက် (ခ) အီနုစ်တို့သည် ကျေးရွာအတွင်း ငွေကြေးတတ်နိုင်သူများထံမှ သင်တန်း အတွက် ကုန်ကျမည့်ငွေများကို ပံ့ပိုးပေးရမည်ဟုဆိုပြီး အဘူလာရှိန်း၊ ရာမန်၊ မော်လဝီ အီဆု၊ နိုရာမိန်၊ မော်လဝီ မာဆောင်း၊ မာမောက်ရော်ဖီး၊ ဇာဘေ၊ ရော်ဖီး၊ မော်လဝီလော်တီ၊ မော်လဝီ နူရ်ရူလာမိန်၊ မော်လဝီ အဒူကော်ရိန်တို့ အပြင် အခြားသူများထံမှ ငွေကြေးများ လက်ခံရယူခဲ့ကြောင်း။
ထို့နောက် သင်တန်းသားတစ်ဦးလျှင် တစ်နေ့ ထောက်ပံ့ငွေကျပ် ၃ဝဝဝ ပေးမည်။ တက်ညီလက်ညီ တိုက်ပွဲဝင်ရမည်ဟု ရော်ဖီးနှင့် ရှောင်ရှုး အာလောင်တို့က ပြောဆိုစည်းရုံးခဲ့သဖြင့် သင်တန်းသား ၃၆ ဦးရရှိကာ ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင် အကြမ်းဖက်သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါသင်တန်းဖြစ်မြောက်ရေးအတွက် ရော်ဖီး၊ ဟာဘတ်ဆီးရာ၊ ရှောင်ရှုးအာလောင်တို့က သင်တန်းသားများ စုဆောင်းပေးခဲ့ကြပြီး နိုရာမိန်၊ အဘူလာရှိန်းတို့က ငွေကြေးထောက်ပံ့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အဒူလာမိန်နှင့် အပေါင်းပါများအား မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
ဖမ်းဆီးရမိသူ နိုရာမိန်၊ အဘူလာရှိန်းနှင့် သင်တန်းသား နူရိုလ်အာမိန်တို့ အား ထပ်မံစစ်ဆေးရာ အဘူလာရှိန်းသည် ငွေကျပ်တစ်သိန်းကို မော်လဝီ ဆော်လီမူလာထံသို့လည်းကောင်း၊ နိုရာမိန်သည် ငွေကျပ်တစ်သိန်းကို မော်လဝီမာမောက်(ခ)အီနုစ်ထံသို့လည်းကောင်း အကြမ်းဖက်သင်တန်းတွင် အသုံးပြုရန်အတွက် ပေးခဲ့သည်ဟု ထွက်ဆိုခဲ့ကြပြီး အခြားငွေကြေးထောက်ပံ့သူ များသည် တင်းမေရွာ မြောက်ဘက်တစ်ဝိုက် တောင်ကုန်းများတွင် ရှောင်တိမ်းနေကြောင်းသိရှိရသဖြင့် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ မတ် ၁၉ ရက် ညနေပိုင်းတွင် မသင်္ကာသူ ၁၃ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသည့် မသင်္ကာသူ ၁၃ ဦးအား မတရားအသင်းအက်ဥပဒေနှင့် ငြိစွန်းမှုရှိ၊ မရှိ စစ်ဆေးလျက်ရှိရာ မသင်္ကာတရားခံ ၁၃ ဦးအနက် ဆော်လီမူ လာ၊ အဒူရော်ကိန်း၊ ကေဖာဒူလာ၊ မာမောက်၊ အဒူဆလာမ်၊ အဒူရော်ရှီးတို့ ခြောက်ဦးမှာ အကြမ်းဖက်သင်တန်းတက်ရောက်နေသူများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပြီး ကျန် ခုနစ်ဦးအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ပါဝင်ပတ်သက် သည့်သူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သင်တန်းတက်ရောက်သူများအား ကိုယ်ခံပညာ၊ အခြေခံ စစ်ပညာ၊ အကြမ်းဖက် တိုက်ခိုက်နည်းသင်တန်းများ ပို့ချကြောင်း၊ သင်တန်း ပြီးပါက ရွာအတွင်း ပြန်လည်နေထိုင်ပြီး လိုအပ်ပါက မာဆောင်း၏ အစီအစဉ် ဖြင့် တစ်ဖက်နိုင်ငံမှ လက်နက်များ ယူဆောင်တပ်ဆင်ပေးကာ လုံခြုံရေး တပ်ဖွဲ့စခန်းများကို အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြံစည်သူများ၏ ဝန်ခံပြောကြားချက်အရ အကြမ်းဖက်သင်တန်း လေ့ကျင့်ရာနေရာများကို တင်းမေကျေးရွာ၊ ငမြင်းဘော် ကျေးရွာ၊ ယင်းမကျောက်တော်ကျေးရွာ၊ အင်းချောဘဒနာကျေးရွာစသည့် နေရာလေးနေရာတွင် ဖွင့်လှစ်ရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သင်တန်း ပထမဆုံးစတင်ဖွင့်လှစ်ခဲ့သည့် တင်းမေကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့များက ဖော်ထုတ်တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
(သတင်းစဉ်)

No comments:
Post a Comment