နန္ဒာဝင်း(သတင်းစဉ်)
စားဝတ်နေရေးအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကို အသုံးပြု၍ နေ့စဉ် သွားလာလှုပ်ရှားနေကြရရာ သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် မြို့ပြအင်္ဂါရပ်နှင့်ကိုက်ညီစွာ ခေတ်မီတိုးတက်ရန် လိုအပ်သည်။
''ဆိပ်ကမ်းသို့ သင်္ဘောကပ်လျှင်ကပ်ချင်း လုတက်ကြသော ခရီးသည်တို့သည် ဆင်းသွားသော ခရီးသည်များ စွန့်ပစ်သွားသည့် အမှိုက်ထဲ၊ ဖုန်ထဲတွင်တိုးဝှေ့၍ ခင်းကျင်းထိုင်ကြရသည်။ သင်္ဘောပေါ်၌ အမှိုက် တသောသော၊ ဖုန်တသောသောရှိသည့်အတွက် စိတ်မသန့်ခြင်း၊ မျက်စိရှုပ်ခြင်းမရှိကြ။ ညစ်ပတ်ခြင်းတွင် အရေထူကာ အစွမ်းကုန် ကျင့်သားရနေကြသည်''ဟူ၍ ပြည်တော်သာခေတ် ဧရာဝတီမီးသင်္ဘောဖြင့် ရန်ကုန်မြို့မှ မြစ်ဝကျွန်းပေါ်သို့ ခရီးသွားရာ၌ စိတ်အနှောင့် အယှက်ဖြစ်ရပုံများကို ဝတ္ထုတိုတစ်ပုဒ်တွင် ဂျာနယ်ကျော်မမလေးက ရေးဖွဲ့ခဲ့ဖူးသည်။
အားထား
လူနှင့် ကုန်စည်များကို ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် အများပြည်သူ အားထားရသည့် ပို့ဆောင်ရေးကဏ္ဍတစ်ခုဖြစ်ရန် ယနေ့ခေတ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြုပြင်ပြောင်းလဲ လျက်ရှိသည်။
လူမှုဘဝဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်ရန်၊ ရေရှည်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အပြည်ပြည်ဆိုင်ရာ စံညွှန်းများနှင့်ညီညွတ်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန် ယခင် က သီးခြားစီဖွဲ့စည်းထားသည့် ဝန်ကြီးဌာန များကို ပေါင်းစည်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ဌာန၊ အဖွဲ့ အစည်း ၁၈ ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ADB ပညာရှင်များနှင့် ညှိနှိုင်း
''လူမှုစီးပွားတိုးတက်နိုင်မှု အခြေအနေ တွေနဲ့ ကိုက်ညီအောင် ADB ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး လက်ရှိနိမ့်ကျနေတဲ့ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံ စတဲ့ တိုင်းပြည်ရဲ့ သယ်ယူပို့ဆောင်ရေးမူဝါဒကို မေလအတွင်းမှာ ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ်ပါ တယ်။ အဓိကရည်မှန်းချက်ကတော့ ထိရောက် ပြီး စရိတ်ကျဉ်းသော သယ်ယူပို့ဆောင်ရေးစနစ် ထူထောင်ဖို့ဖြစ်ပါတယ်''ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
အဆိုပါမူဝါဒများနှင့်အညီ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က ရေးဆွဲထားသည့် အမျိုးသား သယ်ယူပို့ဆောင်ရေးပင်မစီမံကိန်း (National Transport Master Plan 2016-2040) နှင့် လိုက်လျောညီထွေဖြစ်ရန် သက်ဆိုင်ရာလေကြောင်း၊ ရေကြောင်း၊ ရထားကဏ္ဍများ အလိုက် ငါးနှစ်စီမံကိန်းကို အသေးစိတ်ရေးဆွဲ ထားသည်။
ယခုနှစ်အတွက် ယခင်အစိုးရလက်ထက်က ရေးဆွဲထားသည့် ဘတ်ဂျက်ဘောင်ထဲမှ ပြည်သူလူထုအကျိုးမရှိသည့် လုပ်ငန်းများကိုရပ်ပြီး မြန်မြန်နှင့် ရေရှည်အကျိုးရှိနိုင်မည့် လုပ်ငန်းများကို ပြင်ဆင်သုံးစွဲရန် စီစဉ်နေသည်ဟုလည်း သိရသည်။
လုံခြုံစိတ်ချစွာ ပျံသန်း
လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်၏ စံညွှန်းသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ဘေးအန္တရာယ်ကင်းစွာ ပျံသန်းနိုင်ရေး ၊ လုံခြုံစိတ်ချစွာပျံသန်းနိုင်ရေး၊ စွမ်းအားပြည့်ပျံသန်းနိုင်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာသို့ လေကြောင်းပျံသန်းနိုင်ရန် နှစ်နိုင်ငံလေကြောင်းစာချုပ် ၄၈ ခု ချုပ်ဆိုထားပြီးဖြစ်သည်။ အာဆီယံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) လေးနိုင်ငံဒေသတွင်း မူဘောင်သဘောတူစာချုပ် များကိုလည်း လက်မှတ်ရေးထိုးထားသည်။ တစ်နှစ်တာကာလအတွင်း မြန်မာ-ဘူတန် လေကြောင်းသဘောတူစာချုပ်၊ မြန်မာ-နယ်သာလန် လေကြောင်းသဘောတူစာချုပ် တို့ကို ချုပ်ဆိုခဲ့ပြီး မြန်မာ-အင်ဒိုနီးရှား စာချုပ်သစ် ချုပ်ဆိုရန် မူကြမ်းရေးဆွဲနိုင်ခဲ့သည်။
ယခု လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်း ၃၂ လိုင်း၊ ပြည်တွင်းလေကြောင်းလိုင်း ၁ဝ လိုင်း ပျံသန်း လျက်ရှိသည်။ အစိုးရသစ်လက်ထက်တွင် Hong Kong Express Airlines ၊ Thai Lion Air ၊ Emirates Airline နှင့် Air KBZ နိုင်ငံတကာလေကြောင်းလိုင်း လေးလိုင်းကိုလည်း တိုးချဲ့ပျံသန်းနိုင်ခဲ့သည်။
စင်းလုံးငှားခရီးစဉ်
မြန်မာအမျိုးသားလေကြောင်းသည် ကော်ပိုရေးရှင်းအသွင်ပြောင်းလဲ၍ ပြည်တွင်း၊ ပြည်ပ လေကြောင်းခရီးစဉ်နှင့် စင်းလုံးငှား ခရီးစဉ်များပြေးဆွဲခြင်း၊ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ခြင်းအပါအဝင်ဝင်ငွေ တိုးတက်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းလေဆိပ် ၂၈ ခုသို့ ပုံမှန်ခရီးစဉ်များ ပျံသန်းလျက်ရှိပြီး ပြည်ပခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲလျက်ရှိသည်။ ရန်ကုန်- စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး-ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို စက်တင်ဘာတွင် လည်းကောင်း၊ ဗုဒ္ဓဂယာခရီးစဉ်နှင့် ရန်ကုန်-ဟောင်ကောင် ခရီးစဉ်တို့ကို အောက်တိုဘာတွင်လည်းကောင်း၊ ချင်းမိုင်ခရီးစဉ်ကို နိုဝင်ဘာတွင်လည်းကောင်း စတင်ပျံသန်းခဲ့သည်။
''ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က ခရီးသည် ငါးသိန်းနှစ်သောင်းကျော်သာရှိခဲ့ပေမယ့် အခု ဘဏ္ဍာရေးနှစ်မှာတော့ ဇန်နဝါရီလကုန်အထိ ခရီးသည် ရှစ်သိန်းခွဲကျော် ပို့ဆောင်ပေးနိုင် ခဲ့ပါတယ်။ လေယာဉ်လက်မှတ်ကိုလည်း Online စနစ်နဲ့ တစ်ကမ္ဘာလုံးက ဝယ်ယူနိုင်အောင် စီစဉ်ထားလို့ နှစ်ကုန်ရင်တော့ ခရီးသည် နှစ်ဆတိုးတက်ပို့ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။
ATR လေယာဉ်များ အကြီးစားပြုပြင် ထိန်းသိမ်းရေးအတွက် ပြီးခဲ့သည့်နှစ် ဧပြီတွင် နိုင်ငံခြားအင်ဂျင်နီယာနှင့် မြန်မာအင်ဂျင် နီယာများပူးပေါင်း၍ ATR လေယာဉ်တစ်စင်း ကို ပထမအကြိမ် အကြီးစားပြင်ဆင်နိုင်ခဲ့သည်။
အသိအမှတ်ပြု
လာမည့် မေလတွင် ဥရောပလေကြောင်း ဘေးကင်းလုံခြုံမှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့ လာရောက်စစ်ဆေးထုတ် ပေးမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ပသို့ လေယာဉ်များ ပို့ဆောင်ပြင်ဆင်ရန် မလိုအပ် တော့သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ပြီး အခြားလေကြောင်းလိုင်းများမှ လေယာဉ်များကိုပါ ပြင်ဆင်ပေးနိုင်သည့်အတွက် နိုင်ငံခြားငွေများ တိုးတက်ရှာဖွေနိုင် တော့မည်ဖြစ်သည်။
ပြည်သူလူထု သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လူနှင့်ကုန်ပစ္စည်းများကို ရေကြောင်းမှ သယ်ယူခြင်းသည် စရိတ်စကအသက်သာဆုံး ဖြစ်သည်။ မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေး လုပ်နိုင်သည့်မြစ်များဖြစ်သော Nav-igable River ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ ကုလားတန် စသည်ဖြင့် များစွာရှိသော်လည်း တောပြုန်းခြင်း၊ တောင်ပြုန်းခြင်း၊ စည်းကမ်းမဲ့ သတ္တုတူးခြင်း၊ ရွှေတူးခြင်းများရှိသဖြင့် မြစ်ကြီးများ တိမ်ကောလာပြီး ရေကြီးနစ်မြုပ်ခြင်း၊ ကမ်းပါးပြိုခြင်းတို့ကြောင့် မြစ်ကြောင်းပြောင်း လဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။
''မိုးအခါ ရေကြီးပြီး နွေအခါ သောင်ထွန်း မှုတွေဟာ နှစ်ပေါင်းများစွာမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနဲ့ထိန်းသိမ်းမှု (Waterway Channel Management နဲ့ River Training) တွေ မလုပ်ခဲ့လို့ဘဲဖြစ်ပါတယ်။ ကမ်းပြိုမှုတွေကြောင့် ပြည်သူအများ ထိခိုက်မှုလျော့ပါးစေဖို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို လက်ရှိမှာ ဆောင်ရွက်နေပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ အဓိကရောဂါကိုမကုနိုင်ဘဲ လတ်တလောပေါ်ပေါက်လာတဲ့အနာတွေကို ဖြေရှင်းနေရတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများရဲ့ ရန်ပုံငွေနဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း စုစုပေါင်း ၁၃၃ ခု ဆောင်ရွက်လျက်ရှိပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြဋ္ဌာန်းချက်များနှင့်အညီ
ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ လုံခြုံမှုရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်း သိမ်းရေးတို့အတွက် အပြည်ပြည်ဆိုင်ရာရေ ကြောင်းအဖွဲ့ချုပ်၏ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
''ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနဲ့ လုပ်ငန်း ခုနစ်ခု၊ အရေးပေါ် ရန်ပုံငွေနဲ့လုပ်ငန်း ၁၃ ခုကိုလည်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေမှာ ဆောင်ရွက်လျက်ရှိပါ တယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် မန္တလေး-ညောင်ဦးအပိုင်း မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲပြီး စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းပြိုကာကွယ် မှုများကို ကုန်ကျစရိတ်သက်သာစွာ ဆောင် ရွက်နိုင်ရန် ဗာတီဗာမြက် ငါးသောင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စမ်းသပ် စိုက်ပျိုးလျက်ရှိပြီး အောင်မြင်လျှင် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ရပ်တည်ရန် ခက်ခဲ
ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းဆန်ဆန် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ရပ်တည်ရန်ခက်ခဲသဖြင့် ဝန်ထမ်းများထိခိုက်မှုမရှိစေရန် ပြည်ထောင်စုဘတ်ဂျက်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။
''နောင်မှာ ချင်းတွင်းရေကြောင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ ဧရာဝတီရေကြောင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ ရခိုင်ရေကြောင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း၊ ဧရာဝတီကုန်စည်ပို့ဆောင်ရေးလုပ် ငန်းစသဖြင့် အများပိုင်ကုမ္ပဏီထူထောင်ခြင်း၊ ဖက်စပ်ကုမ္ပဏီထူထောင်ခြင်း၊ ကော်ပိုရိတ် ဖွဲ့စည်းခြင်းတွေကို စနစ်တကျပြင်ဆင် ပြောင်းလဲပြီး ရေကြောင်းပို့ဆောင်ရေးလုပ် ငန်း ဖွံ့ဖြိုးအောင်ဆောင်ရွက်မှာဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်လာရန် အမျိုးသားသယ်ယူပို့ဆောင်ရေး ပင်မစီမံကိန်း (Na-tional Transport Master Plan)တွင် ရေးဆွဲထားသည့်အတိုင်း ကုန်သေတ္တာများ တင်/ချနိုင်သည့် ဆိပ်ကမ်း ခြောက်ခုကို ဧရာဝတီမြစ်ပေါ်တွင် လေးခု၊ ဗန်းမော်၊ မန္တလေး၊ ပခုက္ကူ၊ မကွေးနှင့် ချင်းတွင်းမြစ်ပေါ်တွင် နှစ်ခု၊ မုံရွာနှင့် ကလေးဝတို့တွင်လည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဘယ်လ်ဂျီယံနိုင်ငံ၏ ချေးငွေ
''ပထမဦးစားပေးဆိပ်ကမ်းကို မန္တလေးမှာ အရင်ဆုံး တည်ဆောက်ဖို့နေရာရွေးချယ်ပြီး ဖြစ်ပါတယ်။ Container သင်္ဘောပြေးဆွဲနိုင်ဖို့ ရန်ကုန်-ဆီမီးခုံအကြား စမ်းသပ်ပြေးဆွဲပြီး ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးအကြား ကုန် သေတ္တာ ကုန်စည်တွေကို ရေကြောင်းနဲ့ စရိတ်စက သက်သာစွာပို့ဆောင်နိုင်ဖို့ မန္တလေး ဆိပ်ကမ်းကို ၂ဝ၂ဝ ခုနှစ် နောက်ဆုံးထား ပြီးစီးရေး အလျင်အမြန်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံရဲ့ ချေးငွေရရှိရေးကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကတစ်ဆင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
ရေကြောင်းကုန်စည်၏ ရာခိုင်နှုန်း ၉ဝ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွက်ပေး လျက်ရှိရာ ဆိပ်ခံတံတားနှင့် ဆက်စပ်အခြေခံ အဆောက်အအုံများဖြစ်သည့် ဆိပ်ကမ်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ စီမံခန့်ခွဲမှု စနစ်များကို ကွန်ပျူတာအသုံးချဝန်ဆောင်မှုများဖြင့် အစားထိုးနိုင်ရန်၊ အာဆီယံပြတင်း တစ်ပေါက်စနစ် (National Single Window)ကို အထောက်အကူပြုနိုင်ရန် Port-EDI စီမံကိန်းကိုလည်း ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် အောက်တိုဘာလတွင် အသုံးချနိုင်တော့ မည်ဖြစ်သည်။
လျှပ်စစ်ရထားကိစ္စ
''ရထားကဏ္ဍကိုပြောမယ်ဆိုရင် ရန်ကုန်ကမ်းနားလမ်းမှာ ပြေးဆွဲတဲ့ လျှပ်စစ်ရထားကို အမြန်ဆုံးရပ်ပစ်လိုက်ပါတယ်။ တစ်နေ့ ၁ဝ ယောက်လောက်ပဲစီးပြီး ပြေးဆွဲနေတာ အရှုံးပေါ်နေတယ်။ ပြည်သူလူထုအတွက်လည်း မလိုအပ်ဘူး။ ဒါကြောင့် နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ တင်ပြထားတဲ့ အမေရိကန်ဒေါ်လာ သုံးသန်းနီးပါးနဲ့ ကျပ်သန်း ၂ဝဝ လောက်ကို အကျိုးရှိတဲ့ အခြားနေရာကို လွှဲပြောင်းသုံးဖို့ စီစဉ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ရန်ကုန်မြို့ပတ် အဆင့်မြှင့်တင်ခြင်းလုပ် ငန်းကို ဂျပန် ODA ချေးငွေနှင့် ဆောင်ရွက် နေသည်။၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်နှင့် လှော်ကားအကြား သံလမ်း ခြောက်ချောင်း ဂဟေဆက်ခြင်း ၁၇ မိုင်၊ တံတားအစင်း ၂ဝ တွင် ပေါင်များအသစ်လဲလှယ်ခြင်း၊ ဘူတာခြောက်ခုတွင် စင်္ကြံအမြင့်ပြုလုပ်ခြင်းများ လည်း ဆောင်ရွက်ပြီးစီးခဲ့ရာ ၂ဝ၂ဝ-၂ဝ၂၁ ခုနစ်တွင် ရုပ်လုံးပေါ်လာတော့မည်ဖြစ်သည်။ ယခု ၂၅ ကီလိုမီတာမှ ကီလိုမီတာ ၆ဝ သို့ တိုးမြှင့်ခုတ်မောင်းနိုင်တော့မည်ဖြစ်ပြီး ခရီးသွားကြာချိန်ကို ၂ နာရီ မိနစ် ၅ဝ မှ ၁ နာရီ မိနစ် ၅ဝ သို့ လျှော့ချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
''ဒါ့အပြင် အင်းစိန်ဘူတာ၊ ရေကူးဘူတာတွေမှာ ဘတ်စ်ကားနဲ့ ရထားလမ်းဆက်စပ် နိုင်တဲ့ Interchange Sta-tion တွေ၊ ကားပါကင်တွေ၊ Public Area တွေကို စနစ်တကျ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ရန်ကုန် မြို့ကြီးကို တောင်-မြောက်ဖြတ်မယ့် UMRT (၁) ၊ အရှေ့-အနောက်ဖြတ်မယ့် UMRT (၂) တွေကို ဖောက်လုပ်ဖို့ JICA ရဲ့ ရန်ကုန် မြို့တော် သယ်ယူပို့ဆောင်ရေးစီမံကိန်း (YUTRA)မှာ အကြံပြုတင်ပြထားပါတယ်။ အဲဒီ Mass Rapid Transit System (Rail) နှစ်ခုအတွက် ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို စတင်ဆောင်ရွက်ကြဖို့ JICA ရော KOICA ကိုပါ နှိုးဆော်ထားပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အားထားနိုင်
မြန်မာ့မီးရထားကို ပြည်သူအများအား ထားနိုင်သည့် လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး၊ မန္တလေး-မြစ်ကြီးနားလမ်း အဆင့်မြှင့်တင်ရေး၊ ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်း အဆင့်မြှင့်တင်နိုင်ရေး အတွက် ADB မှ ပညာရှင်များဖြင့် ယခုနှစ်အတွင်း လေ့လာမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
'' High Speed Railway လိုမျိုးကို ဒီငါးနှစ်မှာ မစဉ်းစားနိုင်သေးပါဘူး။ High Speed Railway ဆိုတာ တစ်နာရီ ကီလို မီတာ ၂၅ဝ အထက် ပြေးဆွဲမှ မြန်နှုန်းမြင့်လို့ ခေါ်တာပါ။ ကျွန်တော်တို့ရဲ့ တစ်ဦးချင်းဝင်ငွေ က အမေရိကန်ဒေါ်လာ ၁၁ဝဝ အောက်မှာ ရှိသေးတဲ့ နိုင်ငံအနေနဲ့ High Speed Rail- way ကို မဖောက်သင့်သေးဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဒါကြောင့်လည်း ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်ဆိုတဲ့ အဓိကရထားလမ်း လေးခုကိုပဲ ပြုပြင်မှာပါ။ ရထား မူလဈေးကွက်ကြီးရဲ့ ရာခိုင်နှုန်း ၈ဝ ဟာ ဒီလမ်းလေးလမ်းမှာပဲရှိပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ခရီးသည်များ ဘေးကင်းလုံခြုံစွာသွားလာနိုင်ရန် အချိန်တိုတိုနှင့် လိုရာအရပ်ကို သွားလာ နိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်သည်။ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ရထားများ ဘေးအန္တရာယ် ကင်းရှင်းပြီး အချိန်တိုတောင်းစွာ အစုန်/ အဆန် သွားလာနိုင်ရန် အရှည်ပေ ၈၆ဝ ရှိ မြစ်ငယ်ဒွေးလမ်းရထားတံတားကိုလည်း အပြီး တည်ဆောက်ပေးနိုင်ခဲ့သည်။
သုတေသနပြုလုပ်
မန္တလေး-မြစ်ကြီးနားအတွက် အဓိကကြန့်ကြာမှုအဖြစ်ဆုံး၊ အကွေ့အကောက်နှင့် လျှောစောက် အများဆုံးဖြစ်သည့် ဂျိုးထောင်၊ နမ့်ခမ်း၊ ဘုံချောင်း၊ မဲဇာဘူတာ လေးခုကို လမ်းအူကြောင်းပြောင်းရန် ကိုရီးယား အင်ဂျင် နီယာများနှင့် ယခုနှစ်အတွင်း သုတေသန Survey ပြုလုပ်ပြီးဖြစ်သည်။
''ဥမင်လမ်းအသစ်နဲ့ တံတားအသစ် တစ်ခုအပါအဝင် လမ်းကြောင်းသစ် ဖောက်လုပ်ရမှာပါ။ ကိုရီးယားနိုင်ငံ EDCF Loan အမေရိကန် ဒေါ်လာသန်း ၁ဝဝ နဲ့ ပြင်ဆင်ဖို့ ညှိနှိုင်းနေပါတယ်။ ကျန်တဲ့လမ်းပိုင်းတွေကို လည်း ဝန်ကြီးဌာန ဘတ်ဂျက်အတွင်းက တဖြည်းဖြည်း ပြင်နေပါတယ်။ စီမံကိန်းကို ၂ဝ၁၇ မှ ၂ဝ၁၉ ခုနှစ်အတွင်း အပြီးဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အခု တစ်နာရီ ၁၆ ကီလိုမီတာကနေ ၄၅ ကီလိုမီတာကို တိုးမြင့် ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ခရီးကြာချိန်ကို လည်း နှစ်နာရီခွဲကျော်ကျော် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးနည်းတူ ခေတ်မီတွဲသစ်များဖြင့် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတွင် မော်တော်ယာဉ်များကို စစ်ဆေးမှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊ အငှားယာဉ်များကို လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေ ရန် စစ်ဆေးကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ်မော်တော်ယာဉ်များကို မှတ်ပုံတင် ပေးလျက်ရှိရာ ယခုအခါ စုစုပေါင်းမော်တော် ယာဉ် ၁ဝဝ၃၅၈၈ စီး၊ ဆိုင်ကယ် ၅၁၂၂၇ဝ၁ စီး စုစုပေါင်းယာဉ်စီးရေ ၆၁၂၆၂၈၉ စီး အထိ မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
ပြည်သူများ၏ အသက်
ယာဉ်မတော်တဆထိခိုက်မှုကြောင့် ပြည်သူများ၏ အသက်နှင့် လူမှုစီးပွားဘဝ ဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရန် ''အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ''ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်(၂၇/၂ဝ၁၆)ဖြင့် ဖွဲ့စည်း၍ မြန်မာနိုင်ငံယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက် (၂ဝ၁၄-၂ဝ၂ဝ) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။
''မော်တော်ဆိုင်ကယ်စီးသူတွေကို အရည် အသွေးပြည့်မီတဲ့ ဆိုင်ကယ်စီးဦးထုပ်တွေ ဝတ်ဆင်မောင်းနှင်ရန်၊ မော်တော်ယာဉ်မောင်း သူနဲ့ လိုက်ပါစီးနင်းသူတွေ ယာဉ်မောင်းနှင် စဉ်နဲ့ စီးနင်းလိုက်ပါစဉ် ထိုင်ခုံခါးပတ်ဝတ်ဆင် ရန်၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်မောင်းနှင်ခြင်းတွေမရှိစေရန်၊ မော်တော် ယာဉ်မောင်းနှင်သူတွေ လက်ကိုင်ဖုန်း အသုံးမပြုရန် စတဲ့အစီအမံ လေးရပ်ကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ အရင်ကာလနဲ့ နှိုင်းယှဉ်ရင် ယာဉ်မတော်တဆမှုတွေ လျော့နည်းလာတယ်လို့ မဆိုနိုင်သေးပေမယ့် တိုးတက်လာတဲ့ ယာဉ်စီးရေနဲ့နှိုင်းယှဉ်ရင် မတော်တဆဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာ တာကို တွေ့ရပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားသည်။
ယာဉ်စီးရေတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသည့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ် မတော်တဆထိခိုက်မှုများကို ဖြေရှင်းရန်၊ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်များကို အလွယ်တကူ စိစစ်ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့် တရားမဝင် မှတ်ပုံတင်မဲ့ယာဉ်များကို စစ်ဆေးထိန်းချုပ်ရန် ရည်ရွယ်၍ [Radio Frequency Identification (RFID) System»] တပ်ဆင်ခြင်း လုပ်ငန်းကို PPP အစီအစဉ်ဖြင့် အကောင် အထည်ဖော်ရေးအတွက် အကြံပြုပညာရှင် ငှားရမ်းရန် ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားဆိုက်ဘာလုံခြုံရေး
ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေး ကွန်ရက်များတိုးချဲ့တည်ဆောက်ခြင်း၊ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးပမ်းခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ အမျိုးသားဆိုက်ဘာလုံခြုံရေး အစီ အစဉ်များ တိုးတက်ကောင်းမွန်ရန် ဆောင် ရွက်ခြင်းနှင့် e-Government လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လည်း ကော်ပိုရိတ်ဖွဲ့စည်းရန် လိုအပ်နေသလို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးတို့ကိုလည်း ကော်ပိုရိတ် ဖွဲ့စည်းရမည်ဖြစ်သည်။
''ကော်ပိုရေးရှင်းဆိုတာ နိုင်ငံပိုင်အဖွဲ့ အစည်းတွေသာဖြစ်ပြီး စီးပွားရေးအရ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်အောင် စီမံခန့်ခွဲမှုအပိုင်းကို ပြင်ဆင်ခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံပိုင်၊ အများပိုင်အဖြစ် ရှိနေမှာဖြစ် ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မူဝါဒနဲ့ ဥပဒေအတိုင်း ကြီးကြပ်သွားမှာဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဂြိုဟ်တုချန်နယ်
ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ပြီးခဲ့သည့် မေလအတွင်း Intelsat Global Sale and Marketing Ltd နှင့် ငါးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့ပြီး မြန်မာဂြိုဟ်တုစနစ်စီမံကိန်း Myanmar Sat 1 ကို တည်ထောင်ခဲ့သည်။ ဂြိုဟ်တုချန်နယ်များကို ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများသို့ သက်သာသောနှုန်းထားများဖြင့် တစ်ဆင့်ပြန်လည်ငှားရမ်းသွားရန် ဆောင်ရွက်လျက်ရှိသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း အော်တိုတယ်လီဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ၄၄ သန်းကျော်၊ သိပ်သည်းဆသည် လူဦးရေ ၏ ၈၆ ဒသမ ၂ဝ ရာခိုင်နှုန်းရှိရာမှ ယခုနှစ် ဇန်နဝါရီလကုန်အထိ တယ်လီဖုန်း ၅၄ သန်းကျော် တပ်ဆင်ခဲ့ပြီး သိပ်သည်းဆသည် ၁ဝ၄ ဒသမ ၆၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။
အင်တာနက်သုံးစွဲမှုအနေဖြင့်လည်း ယခင် နှစ်က လူဦးရေ ၃၆ သန်းကျော် သိပ်သည်းဆ ၇ဝ ဒသမ ၆ဝ ရာခိုင်နှုန်းရှိရာမှ ဇန်နဝါရီ လကုန်အထိ ၄၆ သန်းကျော် သိပ်သည်းဆ ၈၈ ဒသမ ၉၅ ရာခိုင်နှုန်းသို့ ရောက်ရှိလာ သည်။
Mobile ကွန်ရက်များ တစ်နိုင်လုံးလွှမ်းခြုံ နိုင်ရေးအတွက် Mobile Tower တိုင် စုစုပေါင်း ၁၆၉၆၅ တိုင် ဆောက်လုပ်ရန်ရှိသည့်အနက် ယခုနှစ် ဇန်နဝါရီလကုန်အထိ ၁၄၈၇၂ တိုင် ဆောက်လုပ်ပြီးစီးခဲ့သည်။ Fiber Cable ဆက်သွယ်မှုအနေဖြင့် စုစုပေါင်း ၃၅၃၆၂ ဒသမ ၂၇ ကီလိုမီတာ တည်ဆောက်ထား ရှိပြီး ၁ဝ၇၃ဝ ဒသမ ဝ၂ ကီလိုမီတာ ထပ်မံ တည်ဆောက်လျက်ရှိသည်။
စာတိုက်လုပ်ငန်း
စာတိုက်လုပ်ငန်း ဖွံ့ဖြိုးလာစေရန် ဂျပန်နိုင်ငံ၏ အကူအညီများရယူဆောင်ရွက်လျက် ရှိသလို ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းများကို မှတ်ပုံတင်စနစ် ဖြင့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို ခွင့်ပြု လုပ်ကိုင်စေလျက်ရှိသည်။ နိုင်ငံတော်၏ အထိမ်းအမှတ်နေ့ရက်များအတွက် စာပို့တံဆိပ်ခေါင်းများ၊ ပို့စ်ကတ်များကိုလည်း အထူးထုတ်လုပ်ပေးလျက်ရှိသည်။ ငွေပို့လွှာ လုပ်ငန်း၊ Online Shopping နဲ့ Mobile Money ပေးပို့ခြင်းများကို တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒကဏ္ဍအနေဖြင့် မုန်တိုင်းများ၏ တည်နေရာ၊ ပြင်းအားနှင့် ရွေ့လျားမှုလမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းပြီး သတိပေးချက်များ အခါမလပ်ထုတ်ပြန်နိုင်ရန် မိုးလေဝသ ရေဒါသုံးလုံးကို ဂျပန်နိုင်ငံ၏အကူအညီဖြင့် တပ်ဆင်ခဲ့သည်။ ပထမရေဒါကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် ကျောက်ဖြူမြို့နယ် ကင်းရွာနှင့် ဒုတိယရေဒါကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ကမ္ဘာအေး၌ တပ်ဆင်ပြီးဖြစ်သဖြင့် မုန်တိုင်းဖြစ်ပေါ်မှုများကို သုံးနာရီလျှင် တစ်ကြိမ် တစ်နေ့ရှစ်ကြိမ် ရှာဖွေထောက်လှမ်းလျက်ရှိ သည်။ မန္တလေးရေဒါကိုလည်း ယခုနှစ် မေ လတွင် တပ်ဆင်ပြီးစီးရေး ဆောင်ရွက်လျက် ရှိသည်။
အလိုအလျောက်
''ရေဒါ သုံးလုံးနဲ့အတူ အလိုအလျောက် မိုးလေဝသတိုင်းတာရေးကိရိယာ ၃ဝ ကို လည်း ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးမှာ တစ်ပြိုင်တည်း တပ်ဆင်ထားပြီးဖြစ်ပါတယ်။ အရင်က မြန်မာတစ်နိုင်ငံလုံးမှာ မိုးလေဝသနှင့် ဇလဗေဒ စခန်း၊ မြေငလျင်စခန်း စုစုပေါင်း ၁၈၈ ခု ရှိရာမှ ယခုနှစ်အတွင်း မိုးလေဝသစခန်း (မြောက်ဦး)နဲ့ ဇလဗေဒစခန်း (မြဝတီ) တို့ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်ဇလဗေဒတိုင်း တာရေးစခန်း ခုနစ်ခုကိုလည်း ခန့်မှန်းရေး ထုတ်ပြန်တဲ့စခန်းတွေအဖြစ် တိုးချဲ့ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ညောင်ရွှေမိုးလေဝသနှင့် ဇလဗေဒစခန်းအသစ်ကို အခု မတ်လကုန်မှာ ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိ ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသည် နိုင်ငံတော်၏ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူမှုရေးလိုအပ်ချက် များကို အထောက်အကူပြုနိုင်ရန်၊ ပို့ဆောင် ရေးကဏ္ဍကို အသုံးပြုသူများက စိတ်တိုင်းကျ ရွေးချယ်နိုင်ပြီး ၎င်းတို့၏လိုအပ်ချက်အတိုင်း ဝန်ဆောင်မှုပေးနိုင်သော အစိုးရစွက်ဖက်မှု ကင်းသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရန် ရည်မှန်းဆောင်ရွက် လျက်ရှိသည်။
ဆက်သွယ်ရေးကဏ္ဍကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့အပြား အထူးသဖြင့် ကချင်ပြည်နယ်၊ နာဂတောင်တန်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် စသော ဝေးလံခေါင်ဖျားသည့် ဒေသများအထိ ဆက် သွယ်မှုကွန်ရက်ရောက်ရှိရေး ဆောင်ရွက်လျက်ရှိသည်။
တစ်နိုင်ငံလုံး ဖြန့်ကြက်
တစ်ခေတ်တစ်ခါက နိမ့်ကျခဲ့သော အများပြည်သူအသုံးပြုနေရသည့် သယ်ယူပို့ ဆောင်ရေးကဏ္ဍသည် ယခုအခါ ခေတ်စနစ်၏ တောင်းဆိုချက်အရ ခေတ်မီတိုးတက်ရန် ပြုပြင်ပြောင်းလဲနေပြီဖြစ်သည်။ လူချမ်းသာတို့သာ သုံးစွဲနိုင်ခဲ့သော မိုဘိုင်းဖုန်းများသည်လည်း တစ်နိုင်ငံလုံးဖြန့်ကြက်ကာ လူတိုင်း နီးပါး သုံးစွဲနိုင်ခဲ့ပြီ။
ထိုသို့ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံများ ကောင်းမွန်တိုးတက်လာခြင်းသည် လူမှုစီးပွားဘဝများ အပါအဝင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများပင်ဖြစ်ရာ မဝေးတော့သည့် အနာဂတ်တွင် ကမ္ဘာ့အလယ်၌ ခေတ်မီတိုးတက်သည့် နိုင်ငံတစ်ခုအသွင် ရုပ်လုံြး<ွကလာရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း တစ်ထောင့်တစ်နေရာမှ ပံ့ပိုးလျက်ရှိပါ ကြောင်း...။ ။

No comments:
Post a Comment