Sunday, March 26, 2017

လူမှုစီးပွားဘဝ မြင့်မားလာစေမည့် ပန်ဇင်းချောင်းတံတား ဘူးသီးတောင်မြို့နယ်၌ ဖွင့်လှစ်



Image may contain: one or more people, sky and outdoor
မောင်တော မတ် ၂၅
နိုင်ငံတော်အစိုးရသစ်၏ ပထမတစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်ရည်ရွယ်၍ လမ်း၊တံတားနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြန့်ကြက်ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပန်ဇင်းချောင်းတံတားသည်လည်း အပါအဝင်ဖြစ်ကြောင်း၊ ယခင်က လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသော ရခိုင်ပြည်နယ်အား အခြားသောတိုင်းဒေသကြီး/ပြည်နယ်များ နည်းတူ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပန်ဇင်းချောင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သော အရှည် ပေ ၉၆ဝ ရှိ ပန်ဇင်းချောင်းတံတား သစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် နံနက်ပိုင်းက အဆိုပါတံတားအနီးရှိ မဏ္ဍပ်၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စီမံကိန်းဝန်ထမ်းများ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရပ်မိရပ်ဖများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်ရန်အတွက် အဓိကဝင်ပေါက်လမ်းများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ သံတွဲ-ဂွ-ငါးသိုင်းချောင်း လမ်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြည်-ပန်းတောင်း-တောင် ကုတ်-မအီ-ကျောက်ဖြူလမ်း၊ မကွေးတိုင်းဒေသကြီးမှ မင်းဘူး-အမ်း-စစ်တွေလမ်းနှင့် ချင်းပြည်နယ်မှ ကျောက် တော်-ပလက်ဝ-မတူပီ-ဟားခါး-ဖလမ်း-တီးတိန်-တွန်းဇံ-ကျီခါးလမ်း၊ နယ်စပ်လမ်းဖြစ်သည့် တောင်ပြို-မောင်တော-ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဏားကျွန်း-စစ်တွေလမ်း တို့ရှိပြီး အဆိုပါလမ်းများကိုလည်း အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ခရီးသည်တင်ယာဉ်များနှင့် ကုန်စည်တင်ယာဉ်များ အများဆုံးသွားလာနေသည့် ရန်ကုန်-စစ်တွေလမ်း(အမ်း-စစ်တွေလမ်း)ကိုလည်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့ ဖွင့်လှစ်သည့် ပန်ဇင်းချောင်းတံတားအပါအဝင် အခြားသော လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လိုအပ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပန်ဇင်းချောင်းတံတားအား ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးသိန်းနိုင်နှင့် ဒေသခံပြည်သူ ဦးမောင်မြသာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပန်ဇင်းချောင်းတံတား ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် ပန်ဇင်းချောင်းတံတားသည် ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်-ရသေ့တောင်လမ်းပေါ်တွင်တည်ရှိပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ် ကာ တံတားအရှည်ပေ ၉၆ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေစီပါရှိကာ တံတားအောက် ရေလမ်းကင်းလွတ်အကျယ် ပေ ၉ဝ၊ အမြင့် ၁၉ ပေရှိပြီး တံတားခံနိုင်ဝန်မှာ တန် ၆ဝ ဖြစ် ကာ၂ဝ၁၄ ခုနှစ် ဧပြီလတွင် စီမံကိန်းစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဘူးသီးတောင်-မောင်တော ကတ္တရာလမ်း သစ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါလမ်းမုခ်ဦး၌ ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါလမ်းသည် အရှည် ၁၆ မိုင်၊ ကတ္တရာလမ်း အကျယ် ၁၂ ပေရှိပြီး ယခုကဲ့သို့ အဆင့်မြှင့်တင်ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းနှင့် ဓာတ်ပုံ-ရာမည၊ တင်စိုး)

No comments:

Post a Comment