လွိုင်ကော် မတ် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
ကယားပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်
ဖွင့်ပွဲအခမ်းအနားကို မတ် ၂၇ ရက် နံနက် ၉ နာရီက လွိုင်ကော်မြို့
မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေတို့က ကလေးစာပေပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မူလွန်နမ့်ကွတ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် တေးသရုပ်ဖော်ကပြ၍လည်းကောင်း၊ မူလွန်ရေနီကန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကာယစွမ်းရည်သရုပ်ပြကပြ၍ လည်းကောင်း၊ အ.ထ.က(ခွဲ) ချိကယ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကယားရိုးရာတေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့သည်။
ကလေးစာပေပွဲတော်တွင် ဉာဏ်ရည်ဉာဏ်သွေးဖော်ထုတ်သည့် တစ်ဦးချင်းနှင့်အဖွဲ့လိုက် ဂိမ်းကစားပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၊ ကလေးစာဖတ်ခန်းနှင့် ကလေးများနှင့်ပတ်သက်သည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေမှုအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ကလေးစာပေပွဲတော်ကို ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ စာပေနှင့်ရင်းနှီးပြီး စာဖတ်ခြင်းတွင် ပျော်မွေ့တတ်လာစေရန်၊ ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေးရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ မူလတန်းကြိုကျောင်း၊ ကိုယ်ပိုင်စာသင်ကျောင်းများမှ ကလေးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:
Post a Comment