နေပြည်တော် မတ် ၂၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ပြီး မြစ်ကြီးနားမြို့ရှိ ကချင်လူထုအဖွဲ့အစည်းခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံပြီး ခတ်ချိုတိုက်ပွဲရှောင်စခန်း၊KBC မိုင်းနားတိုက်ပွဲရှောင်စခန်း၊ လန်ဆယ်ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ပြည်လုံးချမ်းသာပရဟိတဂေဟာတို့ကို သွားရောက်ကြည့်ရှုအားပေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ မြစ်ကြီးနားမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် မြစ်ကြီးနားမြို့Palm Spring Hotel၌ မြစ်ကြီးနားမြို့ရှိ ကချင်လူထုအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြစ်ကြီးနားကို လာရောက်ခြင်းသည် အကြောင်းရင်း နှစ်ရပ်ရှိပါကြောင်း၊ ပြီးခဲ့သည့် ပြည်ထောင်စုနေ့က လာရောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မလာရောက်ဖြစ်ခဲ့ပါကြောင်း၊ လာရောက်ရသည့် အကြောင်းရင်းမှာ ငြိမ်းချမ်းရေးနှင့် တိုက်ပွဲရှောင်စခန်းများ သို့ သွားရောက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်မှာ နှစ် ၇ဝ နီးပါးရှိခဲ့ပြီဖြစ်ပါကြောင်း၊ နှစ် ၇ဝ ဆိုသည်မှာ သမိုင်းရှည်ကာလနှင့် နှိုင်းဆ လျှင် အများကြီးမဟုတ်ပါကြောင်း၊ နှစ် ၇ဝ အတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု၌ အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှု နည်းပါးခဲ့ပါကြောင်း၊ မိမိတို့အစိုးရမှာ တစ်နှစ်သာရှိသေးသော်လည်း တစ်နှစ် ချင်း တိုးတက်မှုရှိနေအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မေတ္တာတရားဖြင့်သာငြိမ်းသတ်
ခရစ်ယာန်ဘာသာဖြစ်စေ၊ ဗုဒ္ဓ ဘာသာဖြစ်စေ မေတ္တာတရားကို အခြေခံ ထားပါကြောင်း၊ ခရစ်ယာန်ဘာသာတွင် အြ<ွကင်းမဲ့ မေတ္တာသည် အကြောက်တရား ကို အောင်နိုင်ရာ၏ဟု ဆိုထားပါကြောင်း၊ ဗုဒ္ဓဘာသာတွင် ဒေါသဖြစ်စေသောမီး ကို မေတ္တာတရားဖြင့်သာ ငြိမ်းသတ် အောင်နိုင်ရာ၏ဟု ဆိုထားပါကြောင်း။
အခြေခံမူများ ချမှတ်
အမှန်တကယ်ဆန္ဒရှိလျှင် ငြိမ်းချမ်း ရေး ကြိုးပမ်းမှု မအောင်မြင်စရာ အကြောင်းမရှိပါကြောင်း၊ ယခင်က ဖက်ဒရယ်ဟုဆိုလျှင် ရှောင်ရှားလေ့ရှိပါ ကြောင်း၊ ဖက်ဒရယ်ဆိုသည်ကို အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ပါကြောင်း၊ ဖက်ဒရယ် သည် ခွဲထွက်ရန်မဟုတ်ကြောင်း၊ ကမ္ဘာ ပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ အများအပြား ရှိပါကြောင်း၊ မိမိတို့အနေ ဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်မည့် အခြေခံမူများကို ချမှတ်ပေးရမည်ဖြစ်ပါကြောင်း။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်
(၂၁) ရာစု ပင်လုံညီလာခံသည် ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် အရေးကြီးသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာသဘောတူစာချုပ်(NCA) ကို အားလုံးလက်မှတ် ရေးထိုးစေလိုကြောင်း၊NCA ဆွေးနွေးစဉ်က အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါဝင်ခြင်းမရှိခဲ့ ပါကြောင်း၊ သို့ရာတွင် အစိုးရဖြစ်လာပြီး နောက် တာဝန်ယူမှုရှိရမည်ဖြစ်ကြောင်း၊ NCAကို လေ့လာကြည့်ရာတွင် နိုင်ငံရေး ဆွေးနွေးမှုနှင့် အပစ်ရပ်စောင့်ကြည့်မှု အာမခံချက်များရှိရုံသာမက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အာမခံ ထားသည်ကို တွေ့ရှိနိုင်ကြောင်း၊NCA နှင့် (၂၁)ရာစု ပင်လုံညီလာခံလမ်းကြောင်း သည် တိုင်းပြည်နှင့်လူထု မနာသည့် လမ်းကြောင်းဖြစ်၍ ရွေးချယ်ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ NCA သည် ပန်းတိုင်မဟုတ်ကြောင်း၊ တိုင်းရင်းသား များ လိုလားလျက်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆင့်တစ်ဆင့်သာ ဖြစ်ပါကြောင်း၊ ညီလာခံသို့ ဝင်ရောက်၍ ဆုံးဖြတ်ချက်များ ချစေလိုကြောင်း၊ NCA အောင်မြင် ခြင်းသည် ငြိမ်းချမ်းရေးဖြစ်စေရန် အောင်မြင်ခြင်းဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အတူတကွ သန္နိဋ္ဌာန်ချလိုက်ခြင်း ဖြစ် ကြောင်း။
NCA လက်မှတ်ရေးထိုးရေးနှင့် (၂၁)ရာစုပင်လုံညီလာခံ တက်ရောက်ရေး အတွက် မည်သည့်အခက်အခဲများ ရှိနေ သည်ကို ပွင့်ပွင့်လင်းလင်း ပြောကြစေ လိုကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်း က အားလုံးလုပ်ပေးမည်၊ အားလုံးလုပ်နိုင် သည်ဟု မပြောခဲ့ကြောင်း၊ လူထုယုံကြည် မှု အဆုံးရှုံးမခံနိုင်ကြောင်း၊ လုပ်ပေးနိုင် သည့် ကိစ္စရပ်များကို စွမ်းအားရှိသရွေ့ လုပ်ပေးမည်ဟု ကတိပေးနိုင်ကြောင်း။
ပွင့်ပွင့်လင်းလင်းဆွေးနွေး
ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
စနစ်တကျ စီမံဆောင်ရွက်
တက်ရောက်လာကြသူများက တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားနေမှု၊ အကျိုးဆက် အနေဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ များ များပြားလာမှု၊ ၄င်းတို့အတွက် စားနပ်ရိက္ခာနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှု များ လိုအပ်နေမှု၊ ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်နှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများ ၏ ကြီးမားသော ဆိုးကျိုးတစ်ခုဖြစ်သည့် မူးယစ်ဆေးဝါးပြဿနာ ထိထိရောက် ရောက်နှိမ်နင်းနိုင်ရေးကိစ္စ၊ ဘာသာရေး လွတ်လပ်ခွင့်နှင့် ဘာသာရေးခွဲခြား ဆက်ဆံမှုများ ပပျောက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကချင်လူထု၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စီမံကိန်းများနှင့် စံချိန်စံòန်းအရည် အသွေးပြည့်မီရန် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရေတိုဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ တို့က ချက်ချင်းဆောင်ရွက်ပေးရန်၊ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်ရန် ပေါင်းစပ် ညှိနှိုင်းပေးသည်။
ယင်းတွေ့ဆုံပွဲသို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာကြီး လလောက်ဂျုံးခေါင်၊ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်၊ မြစ်ကြီးနား ကက်သလစ်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး ဖရန်ဆစ် ဒေါ့တန်၊ ကက်သလစ်အသင်းတော် ဘုန်းတော်ကြီး ဒေါက်တာ ဂျိုးဇက်ဂေါ့လု ယုံဝါ၊ အင်္ဂလီကန်သာသနာပိုင် ဆရာ တော်ကြီး ဇော်လီ၊ လီဆူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(မြစ်ကြီးနား) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရဆရာကြီး ဇီလေး၊ ဧဝံဂေလိအသင်းတော် ဘုန်းတော်ကြီး သိက္ခာတော်ရဆရာကြီး ဒေါက်တာ ဒခွမ်ဒေးဗစ်၊ လွတ်လပ်သော တိုင်းရင်းသားများ ခရစ်ယာန်ဂိုဏ်းချုပ် ဆလော်ရှောင်၊ လူထုအခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Ja San) ၊ မြစ်ကြီးနားမြို့နယ်ဥက္ကဋ္ဌ ဦးလုံ ဂျွန်တူးရော်၊ အတွင်းရေးမှူး ဦးအင်ခွမ် တန်ဂွန်း၊ မြစ်ကြီးနားခရစ်ယာန်ကောင်စီ အတွင်းရေးမှူး သိက္ခာတော်ရဆရာကြီး မဂျီဘောက်လာ၊ ဥက္ကဋ္ဌ ဖာသာပီတာခါး အောင်တူး၊ ကချင်အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒူဝါလထော်ခွန်ဆိုင်၊ အတွင်းရေးမှူး ဦးလဘန်ဂမ်အောင်၊ တစ်သီးပုဂ္ဂလ အဂူးခဲန်၊ ဇိုင်ဝါး (Zaiwa) ရိုးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလရှမ်းလနူး၊ လောင်ဝေါ် (Lhovo) ရိုးရာကော်မတီနာယက ဦးဟောင်းဇယ်၊ ဗန်းမော်ရိုးရာဥက္ကဋ္ဌ ဦးလဝေါမ်၊ စာပေတိုး တက်ရေးကော်မတီခွဲ အဖွဲ့ဝင် ဦးဒိုင်လွမ်၊ လားရှိုးမြို့ တစ်သီးပုဂ္ဂလ ဦးလရှီးလ၊ စာပေယဉ်ကျေးမှုကော်မတီ (နမ့်ဖတ် ကာ) အတွင်းရေးမှူး ဦးအူရားနော်၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (Peace Creation Group – PCG) အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးအင်ရှန်းဆန်အောင်၊ ဦးခပရာ ခွန်းအောင်၊ ရှအစ်လူမှုဖွံ့ဖြိုး ရေးအသင်း ဒါရိုက်တာ ဒေါ်ဒေါင်ညွယ်၊ ထွယ်ဂျဲန်ဒါအဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည် ထောင်သူ ဒေါ်လဖိုင်ဆိုင်းရော်၊ အမှု ဆောင် ဒါရိုက်တာ စိုင်းဆမ်ခမ်း၊ JST အဖွဲ့ဝင်Wunpawng Ninghtor (WPN) ဒေါ်မေရီတောမ်၊ မေတ္တာရင်ခွင် မိဘမဲ့ဂေဟာ တည်ထောင်သူ ဒေါ်အက်စ် ခေါင်နန်တို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကချင်လူထု ခေါင်းဆောင်များသည် အဖွဲ့လိုက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ ဓာတ်ပုံတွဲရိုက်ဖူးသည့် ကချင် အမျိုးသမီးအဖွား ဒေါ်မဂေါင်ခေါန်ရော် နှင့် ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ် ရောက်ရှိစဉ်က ပန်းကုံးစွပ်ကြိုဆိုခဲ့သူ အဖွားဒေါ်ရွယ်နောင်းတို့က သမိုင်းဝင် ဓာတ်ပုံမှတ်တမ်းများ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (Peace Creation Group - PCG) မှ ဦးယွပ် ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးခပရာခွန် အောင်၊ ဦးအင်ရှန်းဆန်အောင်နှင့် ဦးဂွမ်ဆန်အောင်တို့နှင့် တွေ့ဆုံဆွေးနွေး သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခတ်ချို ကျေးရွာ တိုက်ပွဲရှောင်စခန်းသို့ သွား ရောက်၍ စခန်းအတွင်း လှည့်လည်ကြည့်ရူ ကာ နေရပ်စွန့်ခွာရသူများအား တွေ့ဆုံ အားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ် ရာ နေရပ်စွန့်ခွာရသူများက ¤င်းတို့ ကိုယ်တိုင် ပြုလုပ်ထားသည့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြန်လည် ပေးအပ်သည်။
ယင်းနောက်KBC မိုင်းနားဇုန်နယ် ဖွံ့ဖြိုးရေးစခန်းကို ရောက်ရှိပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် နေရပ်စွန့်ခွာရသူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ် သည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ဆက်လက်၍ လန်ဆယ်ဒေသ ရေဘေးကယ်ဆယ်ရေးစခန်းကို ရောက် ရှိပြီး ရေဘေးသင့်ကျောင်းသား ကျောင်း သူများနှင့် စန်ကားကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ကြသူများအား ထောက်ပံ့ပစ္စည်း များပေးအပ်ကာ အားပေးစကား ပြောကြားသည်။ ထို့နောက် ရေဘေးသင့် ပြည်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား လီဆူတိုင်းရင်းသား ရိုးရာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် မြစ်ကြီးနားမြို့ ကျွန်းပင် သာရပ်ကွက်ရှိ ပြည်လုံးချမ်းသာ လူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မိဘမဲ့ပလောင်ကလေးငယ်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ပလောင်ကိုရင်လေးများကို အချိုရည် ကပ်လှူသည်။ ကလေးငယ်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ကချင်ရိုးရာအမှတ်တရလက်ဆောင် ပစ္စည်း ပြန်လည်ပေးအပ်သည်။
ကယ်ဆယ်ရေးစခန်းများသို့ ရောက် ရှိစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျွန်မတို့ ဒီကိုရောက်လာတဲ့အခါမှာ အခြေအနေကို ကြည့်ပြီးတော့ ဘယ်လိုကောင်းအောင် လုပ်သွားမလဲ ဆိုတဲ့ အဖြေကို ရှာတာပါ။ တကယ်အဓိက ကျတဲ့အဖြေက ကျွန်မတို့ ငြိမ်းချမ်းရေး ရဖို့ပါပဲ။ ငြိမ်းချမ်းရေးရမှ ဒီလို IDP စခန်းတွေအားလုံးကို ကျွန်မတို့ ပိတ်လိုက် နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများ ကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးချမ်းချမ်းနေနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ မရခင်ကာလမှာ စောစောက ကျွန်မပြောတဲ့အတိုင်းပဲ ပညာရေးကို တော့ ကျွန်မတို့ အဓိကထားချင်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ IDP Camp တွေ အားလုံးဟာ ပညာရေးကို ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ အဓိကထားပြီးတော့ ဘယ်နေရာမှာ ကျောင်းနေအရွယ်ကလေး ဘယ်နှယောက်ရှိလဲ၊ ဒီကလေး တွေဟာ ပညာသင်ကြားဖို့ အခွင့်အရေး ရသင့်လားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ ဒါက ရေရှည်အတွက် ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးဆိုတာ ကလည်း ရေရှည်အတွက်ပါ။ ငယ်ငယ် တုန်းက ကျန်းမာရေးကောင်းမှ အသက် ကြီးလာတဲ့အခါကျရင်လည်း ကျန်းမာ ရေးကောင်းမှာ ဖြစ်ပါတယ်။
ဖြည့်ဆည်းပေး
ကျွန်မတို့က ဒီမိုကရေစီ အစိုးရ။ ဒီမိုကရေစီအစိုးရဆိုတာက ပြည်သူ လူထုရဲ့ မဲဆန္ဒနဲ့တက်ပြီးတော့ တာဝန်ယူ နေတဲ့ အစိုးရဖြစ်နေပါတယ်။ အဲ့တာ ကြောင့် ပြည်သူလူထုရဲ့ မဲတွေအရ တက်ပြီးတော့ တာဝန်ယူတဲ့ အစိုးရမို့လို့ ပြည်သူလူထုပေါ်မှာ တာဝန်ရှိသလို ပြည်သူကလည်း ပံ့ပိုးပေးဖို့ တာဝန်ရှိပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ် တင်လိုက်တဲ့အစိုးရက အလုပ်လုပ်နိုင်ဖို့ဆို တာကလည်းကိုယ်ကလည်း ကူညီရတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ကို တင်ထား တဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကျွန်မတို့က တာဝန်ယူရမယ်။ နှစ်ဦး နှစ်ဖက်တာဝန်ယူမှုနဲ့ ကျွန်မတို့ အလုပ် လုပ်မှ ဖြစ်မှာပါ။ ကျွန်မခဏခဏ ပြောပါ တယ်။ အစိုးရလက်ထဲ အားလုံးထည့်ထား ချင်တယ်။ အစိုးရပဲ အားလုံးလုပ်ပေး ဆိုလို့ရှိရင် ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် တွေ ဘယ်မှာကျန်တော့မလဲ။ အဲ့ဒီတော့ ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကိုယ် ကိုယ်အားကိုးနိုင်တဲ့ ကိုယ့်ခြေထောက် ပေါ်မှာ ကိုယ်မတ်တတ်ရပ်နိုင်တဲ့ ပြည်သူ တွေ ဖြစ်စေချင်တယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်မှ ကိုယ့်ဘဝအတွက် ကိုယ် လုံခြုံမှုရှိမှာ။ အခြားလူကို အမြဲအားကိုး နေရတယ်ဆိုရင် ကိုယ့်ဘဝအတွက် လုံခြုံမှုရှိမှာ မဟုတ်ပါဘူး။ အစိုးရကိုချည်း ပဲ အားကိုးနေလို့ မဖြစ်ဘူး။ ပုဂ္ဂလိက အဖွဲ့အစည်းတွေ လူသားချင်းစာနာမှုအရ လုပ်ကိုင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို လည်း အားကိုးလို့မဖြစ်ဘူး။ ဒါတွေက ဘယ်တော့မှ ရေရှည်မှာ ကိုယ့်အနေနဲ့ စိတ်ချယုံကြည်ရမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ အဲ့ဒီ တော့ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ဖို့ အတွက် ကျွန်မတို့ကနေပြီးတော့ လိုအပ်တဲ့အရည်အချင်းတွေကို ဖြည့် ဆည်းပေးဖို့ဖြစ်ပါတယ်။ အခု ကျွန်မတို့ စခန်းကိုလာတယ်ဆိုတာကလည်း ကျွန်မ တို့က အားပေးစကားပြောဖို့ လာတာ လည်း ဖြစ်တယ်။ နောက်ပြီးတော့ တာဝန် တွေနဲ့ပတ်သက်လို့ သတိပေးဖို့လာတာ လည်း ဖြစ်ပါတယ်ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က”''အခွင့်အရေးကို လိုချင်ရင် ကိုယ့်တာဝန်လည်း ကိုယ်ကျေရမယ်။ ဒါမှ ဒီရပိုင်ခွင့်ကို ကိုယ်ကနေပြီးတော့ မိမိရရ ကိုင်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့် တာဝန်ကိုယ် မကျေလို့ရှိရင် ကိုယ်ရထား တဲ့ ရပိုင်ခွင့်တွေဟာ ဘယ်တော့ လက်တွေ့ သွားနိုင်မလဲဆိုတာ ပြောလို့မရပါဘူး။
မေတ္တာရပ်ခံ
စခန်းထဲက ပြည်သူတွေရဲ့ လက်ရှိ စားဝတ်နေရေးသာ မဟုတ်ဘူး။ အလုပ် အကိုင်ရရှိရေးကို အဓိကထားပြီးတော့ လုပ်ပေးစေချင်ပါတယ်။ ဒီတော့ ကျွန်မ တို့ရဲ့ ပရိသတ်ထဲမှာရှိတဲ့ လုပ်ငန်းရှင် ပြည်သူများကလည်း ကျွန်မတို့ရဲ့ IDP Camp က ပြည်သူတွေကို အလုပ်ပေးပါ လို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''ဒီတော့ ဝင်ငွေလည်း မှန်မှန်ရမယ်။ အလုပ်လုပ်ရင်းနဲ့လည်း ကိုယ့်ရဲ့ အရည် အချင်းတွေ တက်လာမယ်။ နောက် ကိုယ့်ရပ်ကိုယ့်ရွာပြန်တဲ့အခါမှာ ကိုယ့်မှာ ပညာတစ်ခုတော့ ရပါတယ်။ ပညာဆို တာဟာ ကျောင်းထဲမှာသင်မှ ပညာ မဟုတ်ပါဘူး။ အလုပ်ခွင်အတွင်းမှာလည်း ကျွမ်းကျင်မှုပညာရပြီးတော့ ပညာတတ် နိုင်တာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မတို့အနေနဲ့ IDP Camp ထဲက ပြည်သူပြည်သားတွေအတွက် ကျွန်မတို့ လုပ်ပေးချင်တဲ့ကိစ္စ ။ တစ်ပြိုင်တည်းမှာ ကျွန်မတို့ကနေပြီးတော့ Camp ထဲမှာရှိ တဲ့ ပြည်သူပြည်သားတွေ ပြန်ပြီးတော့ လုပ်ပေးစေချင်တာလည်း ရှိပါတယ်။ စောစောက ကျွန်မပြောတာကတော့ ငြိမ်းချမ်းရေးအတွက်ပါ။ ငြိမ်းချမ်း ရေးကို အားပေးကြပါ။ ငြိမ်းချမ်းရေးကို အားပေးဖို့ဆိုတာ အခြေခံတစ်ခုက ဘာလဲဆိုတော့ အချင်းချင်းသင့်မြတ် အောင်နေဖို့ပါ။ ငြိမ်းချမ်းရေးရဲ့အခြေခံက အချင်းချင်းသင့်မြတ်ခြင်းပဲ။ တစ်ယောက် နဲ့တစ်ယောက် မသင့်မြတ်လို့ရှိရင် ငြိမ်းချမ်းမှုဆိုတာဟာ မရှိနိုင်ဘူး။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားအားလုံး၊ ပြည်ထောင်စုသားများ အားလုံးဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးတိုးတက် ဖို့အတွက်၊ ဖွံ့ဖြိုးဖို့အတွက် ဘာတွေ လုပ်နိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြပါ။ မေးပြီးတော့ ကိုယ်ကနေပြီး တော့ လုပ်နိုင်သမျှကို လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ လူတိုင်း၊ လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာအဆိုတစ်ခု ရှိပါတယ်။ ခက်ခက်ခဲခဲနဲ့ ဖြစ်လာတဲ့လူ့ဘဝကို တန်ဖိုးရှိရှိနဲ့သုံးဖို့ဆိုတာ တစ်ယောက်ချင်း၊ တစ်ဦးချင်းရဲ့ တာဝန်ဖြစ်ပါတယ်''ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။ (သတင်းစဉ်)
No comments:
Post a Comment