Saturday, March 25, 2017

မောင်ဝေယံငြိမ်းနှင့် မောင်ဝေယံဟိန်းတို့အား အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့



Image may contain: one or more people and people sleeping
မန္တလေး မတ် ၂၄
မန္တလေးမြို့ ခုတင်(၅၅ဝ)ဆံ့ ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသည့် ဆီးခုံချင်းဆက်အမြွှာ မောင်ဝေယံငြိမ်းနှင့် မောင်ဝေယံဟိန်းတို့အား မတ် ၂၃ ရက်တွင် မန္တလေးမြို့ရှိ အထူးကုဆရာဝန်ကြီးများက ရှုပ်ထွေးသော အဆင့်ပေါင်းများစွာကို ခက်ခဲစွာကျော်ဖြတ်၍ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း အဆိုပါခွဲစိတ်မှုနှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ဆီးခုံချင်းဆက်အမြွှာအား ယင်းဆေးရုံကြီးတွင် ခွဲစိတ်ရန်လိုအပ်သည့် ကြိုတင်ပြင်ဆင်ကုသမှုပေါင်းများစွာကို ဆောင်ရွက်ခဲ့ပြီး ၁၄ လ အကြာ၌ ယခုကဲ့သို့ ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက ပြောသည်။
''ဒီခွဲစိတ်မှုအတွက် ကော်မတီအဆင့်ဆင့်ဖွဲ့ပြီး လုပ်ဆောင်ခဲ့ရပါတယ်။ ဆေးရုံမှာ လပေါင်းများစွာ ကြိုတင်ဂရုစိုက်ကုသမှုတွေ လုပ်ထားခဲ့လို့လည်း အခုလို ခွဲစိတ်မှုအောင်မြင်တာပါ။
လက်ရှိအခြေအနေမှာ pressure လည်း ကောင်းပါတယ်။ နောက်သုံးလေးရက်လောက်ဆိုရင်တော့ ပုံမှန်ဖြစ်သွားနိုင်ပါတယ်''ဟု ၎င်းကပြောသည်။
လသားအရွယ်တွင် ခွဲစိတ်ကုသ၍ မရနိုင်သဖြင့် ဆေးရုံရှိ အထူးခန်းတွင် မိသားစုနှင့်အတူ သီးသန့်ထားရှိကာ လိုအပ်သော စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည့်အပြင် ခွဲစိတ်ရန် လိုအပ်သည့် အထူးပစ္စည်းကိရိယာများကိုလည်း နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးခဲ့ပြီး ခွဲစိတ်ချိန် ၁၄ နာရီ ၃၅ မိနစ်ကြာသည်အထိ လုပ်ဆောင်ခဲ့ရကြောင်း ခွဲစိတ်မှုတွင် ပါဝင်သည့် အထူးကုဆရာဝန်ကြီး (ခွဲစိတ်)/တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်လွင်က ပြောသည်။
''ခွဲစိတ်ပြီး စစ်ဆေးချက်ရလဒ်တွေကတော့ ကောင်းပါတယ်။ နောက်နှစ်လ၊ သုံးလလောက်မှာ စအိုဝဖောက်ဖို့ ထပ်မံခွဲစိတ်ကုသရဦးမှာပါ။ နောက်ထပ်နှစ်ဆင့်၊ သုံးဆင့်လောက် ခွဲစိတ်ဖို့ ကျန်သေးတဲ့အတွက် ဒီကလေးတွေကို ဒီမှာပဲထားပြီး ကုသပေးရဦးမှာပါ။ အားလုံးပူးပေါင်း ဆောင်ရွက်မှုကြောင့် ဒီအမြွှာကို တစ်ဦးချင်းစီ ဖြစ်အောင် ခွဲစိတ်နိုင်ခဲ့ပါတယ်''ဟု ၎င်းကပြောသည်။
ယခုခွဲစိတ်သည့် ဆီးခုံချင်းဆက်အမြွှာ၏ မိခင်ဖြစ်သူ ဒေါ်မာလာထွန်းကလည်း ''အခုလို သားတွေကို တစ်ဦးချင်းစီ သီးသန့်မြင်ရတဲ့အတွက် ပြောမပြတတ်အောင် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။ ခွဲစိတ်ပေးကြတဲ့ ဆရာဝန်ကြီးတွေနဲ့ အလှူရှင်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ မိဘတွေရဲ့ ဆန္ဒကတော့ ဒီကလေးတွေ ကျန်းမာသွားရင် မိသားစု စုံစုံလင်လင်နဲ့ နေရပ်ကိုပြန်ပြီး လုပ်ကိုင်စားသောက်သွားချင်ပါတယ်''ဟု ပြောသည်။
အဆိုပါ ခွဲစိတ်မှုတွင် တွဲဖက်ပါမောက္ခ ဒေါက်တာသူရဦး၊ တွဲဖက်ပါမောက္ခဒေါက်တာ မောင်မောင်လွင်တို့ ဦးဆောင်သော ကလေးခွဲစိတ် ဆရာဝန်များအဖွဲ့၊ ပါမောက္ခဒေါက်တာသွဲ့ ဦးဆောင်သော အရေပြားဆိုင်ရာ အစားထိုးကုသ သူများအဖွဲ့၊ ပါမောက္ခ ဒေါက်တာဝင်းကို ဦးဆောင်သော အရိုးအဆစ်ခွဲ အထူးကုခွဲစိတ် ကုသဆရာဝန်ကြီးများအဖွဲ့၊ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်မျိုး၊ ဒေါက်တာနိုင်ဝင်းတို့ ဦးဆောင်သော ကလေးမေ့ဆေးအထူးကုအဖွဲ့နှင့် သူနာပြုအုပ် ဒေါ်စိန်စိန် ဦးဆောင်သော သူနာပြုများအဖွဲ့တို့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment