
ယခုနှစ် မန္တလေးသင်္ကြန်တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မြို့မအလှပြယာဉ်တို့ တစ်လှည့်စီ အပြန်အလှန်သီဆိုဖျော်ဖြေ၍ အတိတ်က မန္တလေးသင်္ကြန်ပုံရိပ်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြို့မ အပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်က ပြောကြားသည်။
''အရင်နှစ်တွေကလို ကျွန်တော်တို့ မြို့မအလှယာဉ်က ဦးဆောင်ပြီး ကျန်အလှပြယာဉ်တွေနဲ့ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရှေ့က ဖြတ်သန်းနှုတ်ဆက် ပြီး သင်္ကြန်အကြိုကို ဖွင့်လှစ်မှာမဟုတ်ဘဲ ဒီနှစ်မှာ နံနက်ပိုင်းကစပြီး မြို့မအလှပြယာဉ်က မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရှေ့မှာရပ်ပြီး အတိတ်က မန္တလေး သင်္ကြန်ဖျော်ဖြေမှုလို မြို့တော်မဏ္ဍပ်နဲ့ မြို့မအလှပြယာဉ်တို့ တစ်နာရီလောက် ကြာအောင် တစ်လှည့်စီ အပြန်အလှန်သီဆိုဖျော်ဖြေကာ သင်္ကြန်အကြိုနေ့ကို ဖွင့်လှစ်ပေးသွားမှာပါ''ဟု ၄င်းကရှင်းပြသည်။
၁၉၃ဝ ခုနှစ် ဝန်းကျင်ကစ၍ ကျင်းပခဲ့သည့် မန္တလေးသင်္ကြန်ပုံစံမှာ မြို့တွင်း ဖျော်ဖြေရေးမဏ္ဍပ်များနှင့် အလှပြယာဉ်အများအပြားပါဝင်ကြသည့်အတွက် မဏ္ဍပ်နှင့် အလှပြယာဉ်တို့ တစ်လှည့်စီ အပြန်အလှန်ဧည့်ခံဖျော်ဖြေ သီဆိုကြသည်။ မဏ္ဍပ်မှပြန်လည်ထွက်ခွာသည့်အခါတွင်လည်း နှုတ်ဆက် သီချင်းများဖြင့် သီဆိုကာ မန္တလေးထုံးစံအတိုင်း အပြန်အလှန် ဆုတောင်း နှုတ်ဆက်လေ့ရှိကြောင်း မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က ပြောကြားသည်။
''မဏ္ဍပ်တစ်ခုရှေ့ကို အလှပြယာဉ်တစ်စီးရောက်ပြီဆိုတာနဲ့ သီချင်း ငါးပုဒ် ခြောက်ပုဒ်လောက် အပြန်အလှန်သီဆိုပေးကြတဲ့အပြင် တစ်လှည့်စီ ဖျော်ဖြေပေးကြတယ်။ ယခုခေတ်မှာတော့ မြို့တွင်းမဏ္ဍပ်တွေ နည်းသွားတဲ့ အတွက် ဒီအစီအစဉ်တွေ ပျောက်ကွယ်သွားခဲ့တယ်။ မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ကလည်း အချိန်အကန့်အသတ်နဲ့ဆိုတော့ မြို့မအလှပြယာဉ်ရောက် လာတော့လည်း သီချင်းတစ်ပုဒ်လောက်ဆိုပြီး ပြန်ထွက်သွားရတယ်။
အရင်က နောက်အလှပြယာဉ်မလာမချင်း ရှေ့ကအလှပြယာဉ်နဲ့ မဏ္ဍပ်တို့ အပြိုင်အဆိုင် သီဆိုကြတယ်။ အခုနှစ်မှာ ယခင်ပုံစံအတိုင်းပြန်လည်ဖော်ထုတ်မယ်ဆိုတာ သိရတဲ့အတွက် ကြိုဆိုပါတယ်။ အလှပြယာဉ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ အများအပြားထွက်ပေါ်လာဖို့လည်း လုပ်ငန်းရှင်တွေနဲ့ မြို့တော်စည်ပင်သာယာ ရေးကော်မတီက အားပေးကူညီကြဖို့ တိုက်တွန်းလိုပါတယ်''ဟု ၄င်းကပြောသည်။
ယခုနှစ် မန္တလေးသင်္ကြန်တွင် မြို့မအလှပြယာဉ်မှ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို ဖွင့်လှစ်ပေးပြီး ညပိုင်း တွင် မြို့တွင်းလှည့်လည်ဖျော်ဖြေမှုများကို ယခင်နှစ်များအတိုင်း သင်္ကြန်ကာလအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment