Friday, March 24, 2017

လယ်ယာကဏ္ဍ တစ်ခေတ်ဆန်းသစ်အောင် ဝိုင်းဝန်းဖော်ဆောင်မည်





Image may contain: 1 person, sitting and indoor
ဇူလိုင်မိုး(မြန်မာ့အလင်း)
ကျေးလက်နေပြည်သူများနှင့် လယ်ယာစီးပွားရေးလုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနည်းပညာများ၊ ပြုပြင်ထုပ်ပိုးနည်းလမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေးနည်းလမ်းများနှင့် ဈေး ကွက်ဆိုင်ရာ နည်းဗျူဟာများကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားနှင့် အညီ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်ခန်းစာယူ
စိုက်ပျိုးရေးကဏ္ဍသည် ပြည်သူများ စားဝတ်နေရေးအတွက် အားထားရသော လုပ်ငန်းကြီးတစ်ရပ်ဖြစ်သည်။ လက်ရှိအစိုးရသည် ယခင်ခေတ်အဆက်ဆက်၏ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူ ပြီး ပြည်သူများရေရှည်အကျိုးရှိမည့် စီမံကိန်း၊ စီမံချက်များကို အထူးအလေးပေးဆောင်ရွက် လျက်ရှိသည်။ အဆိုပါ စီမံချက်၊ စီမံကိန်းများသည် လတ်တလောတွင် မသိသာသေးသော်လည်း ရေရှည်တွင် အကျိုးပြုလာနိုင်လိမ့်မည်ဟု ယုံကြည်ရသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိ ပြီး အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းပင်ဖြစ်သည်။ စိုက်ပျိုးရေးကို အခြေပြုသည့် မြန်မာနိုင်ငံတွင် မိုးခေါင်၊ ရေကြီးမှုများကြောင့် ကျေးလက်နေတောင်သူလယ်သမားများမှာ ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရ သည်။ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ၃ဝ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း အကျိုးခံစားခွင့် အလွန်နည်းပါးလှပြီး လူမှုစီးပွားဘဝသည် နိမ့်ကျလျက်ရှိကြောင်း သိရသည်။
တစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် လယ်ယာကဏ္ဍ မူဝါဒအသစ် ရေးဆွဲခြင်းကိုလည်း ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရရှိခံစားနိုင်စေရေး
မူဝါဒအသစ်တွင် စိုက်ပျိုး၊ မွေးမြူရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာစေခြင်း၊ လုပ်ကွက်ငယ်တောင်သူလယ်သမား၏ ဝင်ငွေတိုးတက်လာစေခြင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်း၍ အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ခြင်း၊ နိုင်ငံတကာ ဈေးကွက်နှင့်ချိတ်ဆက်၍ လယ်ယာ ထုတ်ကုန်များကို ပြည်ပသို့ပိုမိုတင်ပို့နိုင်ခြင်း၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝတိုးတက်လာ ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခြင်း စသော အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းမျှော်မှန်းချက်တွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်မှုစနစ် ထွန်းကားကာ စားနပ်ရိက္ခာဖူလုံကြွယ်ဝ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားသည်ထက် မြင့်မားပြီး နိုင်ငံ့စီးပွားတိုးပွား စည်ပင်လာရေးပင်ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ပန်းတိုင်(၉) ရပ်ဖြင့် လုပ်ငန်းတာဝန်များ အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် ၁၁ ရပ်ထားရှိပြီး ပန်းတိုင်မပျောက်စေ ရန် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ မူဝါဒ ၁ဝ ရပ် ချမှတ်ထားရှိလျက် ရည်မှန်းချက်အောင်မြင်စေရန် ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ( မူကြမ်း ) ရေးဆွဲခြင်း နှင့် ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ရေးဆွဲခြင်း၊ လယ်ယာ မြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) များ စိစစ်နိုင်ရန် ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို လည်း နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ထားခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇)ကို ၃၁-၃-၂ဝ၁၆ ရက်နေ့အထိ တောင်သူပေါင်း ၅၃၉၄၁ ဦး၊ ဦးပိုင် ပေါင်း ၁ဝ၉၅၇၂ ခု၊ ဧရိယာ၂၄၁၇၅၈ ဧက အတွက် ပုံစံ (၇) ထုတ်ပေးထားရှိခဲ့ပြီး စုစုပေါင်းလျာထားချက်၏ ၉၁ ဒသမ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။
ဒစ်ဂျစ်တယ်မြေပုံ
မြေကြီး၊ မြေပုံမှန်ကန်ရေးအတွက် မြေတိုင်းတာခြင်း၊ ပိုမိုတိကျမှန်ကန်သည့် ဒစ်ဂျစ်တယ်မြေပုံများ တိုင်းတာထုတ်လုပ်နိုင်ရန် ခေတ်မီမြေတိုင်းကိရိယာများဝယ်ယူပြီး ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ၇၂၂၉ ကွင်း တိုင်းတာဆောင်ရွက်နိုင်ခဲ့သည်။
ပြင်ဆင်ပြောင်းလဲသတ်မှတ်သည့် ကြေးတိုင် စိုက်သည့်လုပ်ငန်းကို အဓိကတာဝန်ယူထားသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်ပြီး ဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဖွင့်လှစ်၍ သင်ကြားပို့ချပေးခဲ့သည်။
ဒေသအချို့ရှိ လယ်ယာစိုက်ခင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် မြေဆီလွှာများ တစ်နေ့တခြား ဆုတ်လျော့လာလျက်ရှိသည်ကို တွေ့မြင်နေရသည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မြေဆီ လွှာ ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာရေနှင့် ရေတိုက်စားမှုကြောင့် အများဆုံးဖြစ်နိုင်ကြောင်း ပညာရှင်များက မှတ်ချက်ပြုကြသည်။ တချို့ဒေသများတွင်လည်း သီးနှံများစိုက်ပျိုးရန် ရေအခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။
ဖြေရှင်းဆောင်ရွက်
အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် စိုက်ပျိုးရေရရှိရေးအတွက် ဆည်ရေသောက် လုပ်ငန်း ၄၁၉၆ ခု ကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် စိုက်ပျိုးမြေဧရိယာဧက ၁၁ သိန်းခန့်၊ ယခုနှစ်မိုးစပါးဧက ၁၂ ဒသမ ၃၄ သိန်း၊ နွေစပါးစိုက်ဧက ၉ ဒသမ ၅ သိန်းခန့်နှင့် အခြားသီးနှံ ဧကလေးသိန်းခန့်ကိုလည်း ရေပေးဝေစိုက်ပျိုးနိုင်ရန် လျာထားစီမံဆောင်ရွက် လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ရင်ဆိုင်ခြင်း လုပ်ငန်းပေါင်း ၁၁၂၆ ခုကို စီမံဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် လယ်ယာမြေဧရိယာဧက ၂၆ သိန်းခန့်အပြင် မြို့ရွာအချို့ ရေကြီး နစ်မြုပ်မှု ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်နိုင်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မုန်းချောင်း၊ မန်းချောင်း၊ ကြီးအုံကြီးဝရေလှောင် တမံများတွင် ၂ဝ၁၅ ခုနှစ်က ရေကြီး၍ထိခိုက် ပျက်စီးခဲ့သော ပင်မရေပိုလွှဲများ ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများကို စီမံနိုင်ခဲ့သဖြင့် လယ်ယာ မြေဆီသို့ စိုက်ပျိုးရေပေးဝေနိုင်ခဲ့သည်။
ဂျပန်နိုင်ငံ ODA ချေးငွေ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြောက်နဝင်း၊ တောင်နဝင်း၊ ဝဲကြီး၊ တောင်ညိုဆည် ရေသောက်စနစ်များကို ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယခု ဆည်ရေ သောက်ဧရိယာ ဧက ၉၇၁၆ဝ ခန့်ကို စိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ပြီဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အရာတော် (၂) နှင့် မြစ်ပေါက်မြစ်ရေတင်စီမံကိန်းများနှင့် တပ်ရွာမြစ်ရေတင်စီမံကိန်းလုပ်ငန်းကို ဒီဇယ်ဆီဖြင့် မြစ်ရေတင်ခြင်းစနစ်မှ လျှပ်စစ်မြစ်ရေတင်စနစ်သို့ အဆင့်မြှင့်တင်ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထီးတော်မိုးမြစ်ရေတင်စီမံကိန်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ နုံးပို့နှင့် ဆိပ်ဖြူအောက် ဆိပ် မြစ်ရေတင်စီမံကိန်း၊ မွန်ပြည်နယ်ရှိ ဓမ္မသမြစ်ရေတင်စီမံကိန်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ရှေ့ပြေးစီမံကိန်း
တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုတွင် စိုက်ပျိုးရေစက်ရေတွင်း ၁ဝ၆၉ တွင်းနှင့် သောက်သုံးရေ စက်ရေတွင်း ၁၃၉ တွင်းတို့အား တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ အနောက် ပုလင်းကျေးရွာတွင် 8"Ø စိုက်ပျိုးရေ စက်ရေတွင်းမှအစက်ချရေပေးစနစ် (Drip Irrigation System) အသုံးပြု၍ စိုက်ပျိုးရေ ပေးဝေခြင်းလုပ်ငန်းကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ရာသီဥတုပြောင်းလဲမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် သီးနှံများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရလျက်ရှိသည်ကို တွေ့မြင်နေရသည်။ ထိုနေရာများကို တောင်သူများအတွက် သီးနှံများအထွက်တိုး လာစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ လျာထားဧက စိုက်ပျိုး ဧက ၁၅ ဒသမ ၂၄ သန်း၊ ရိတ်သိမ်းပြီး ဧက ၁၅ သန်းကျော်၊ အထွက်နှုန်းတစ်ဧက ၇၃ ဒသမ ၃၂ တင်းနှင့် စုစုပေါင်း အထွက်တင်း ပေါင်း ၁ဝ၉၉ သန်းကျော် ထွက်ရှိခဲ့သည်။ နွေစပါးစိုက်ပျိုးဧက ၁ ဒသမ ၈၉ သန်း၊ ရိတ် သိမ်းပြီး ဧက ၂၆၃၆၉ ဧက၊ အထွက်နှုန်း တစ်ဧက ၇၄ ဒသမ ၉ဝ တင်း နှင့် စုစုပေါင်း အထွက်တင်းသန်းပေါင်း ၁ ဒသမ ၉၆ သန်း ကျော် ထွက်ရှိခဲ့သည်။
ရှာဖွေတွေ့ရှိ
သုတေသနပြုချက်များအရ စပါးသီးနှံမျိုး သစ်နှစ်မျိုး (ရေမြုပ်ခံ-၃နှင့် ရက်-၉ဝ)၊ ဂျုံ သီးနှံမျိုးသစ်တစ်မျိုး (ရေဆင်းဂျုံ-၁၁)နှင့် မတ်ပဲသီးနှံမျိုးသစ်တစ်မျိုး(ရေဆင်းမတ်ပဲ-၇) တို့ကို ရှာဖွေတွေ့ရှိခဲ့၍ မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာကော်မတီသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
မျိုးစေ့ထုတ်လုပ်သူများအသင်းအဖွဲ့များကို မြို့နယ် ၂ဝ၆ မြို့နယ်မှ တောင်သူ ၃၁၈ ဦးဖြင့် မျိုးစေ့ထုတ်လုပ်မှုဧက ၁ဝ၅၆၁ ဧက ဆောင်ရွက်နိုင်ခဲ့ပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်၌ စိုက်ပျိုးရေးသိပ္ပံ(လုံပီး)ကို ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား ကျောင်းသူ ၁၇၆ ဦးကို လက်ခံသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရွှေဘိုပေါ်ဆန်းဒေသန္တရမူပိုင်ခွင့် (Geo- graphical Indication-GI)အတွက် ဆွေးနွေးပွဲ သုံးကြိမ်၊ မူပိုင်ကာကွယ်ခွင့်ဆောင်ရွက်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စီမံကိန်း ၁၉ ခုဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ စပါး သီးနှံ ၃၃၄ ဒသမ ၂၂ ဧက၊ ပြောင်းနှင့် အခြား နှံစားသီးနှံ ၇၉ ဒသမ ၈၁ ဧက၊ ဆီထွက်သီးနှံ ၂၃၆ ဒသမ ၁၁ ဧကနှင့် ပဲမျိုးစုံသီးနှံ ၂၅၆ ဒသမ ၆၄ ဧက အသီးသီးစိုက်ပျိုးဆောင်ရွက် နိုင်ခဲ့သည်။
ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များ၌ Ph.D ၁၆ ဦး၊ M.Agr.Sc ၃ဝ၊ B.Agr.Sc ၂ဝ၊ PGD ၁၄ ဦး၊ အငယ်တန်းသုတေသနပညာရှင် ၄၉ ဦးကို တိုးမြှင့်ခန့်ထားနိုင်ခဲ့ကြောင်း၊ ပြည်ပ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများစေလွှတ် ပြီး ပြည်တွင်း၌ အလုပ်ရုံဆွေးနွေးပွဲ ၁၆ ခု ပြုလုပ်ကာ ဝန်ထမ်း၊ တောင်သူနှင့် ကုမ္ပဏီ ဝန်ထမ်းဦးရေ ၄၂၇ ဦးအား မျိုးစေ့ထုတ်လုပ် ခြင်းသင်တန်းများ ဖွင့်လှစ်၍ပို့ချနိုင်ခဲ့သည်။
မသန့်ရှင်းသည့် အစားအသောက်များ
ပြည်သူအများစုသည် မသန့်ရှင်းသည့် အစားအသောက်များ စားသုံးခြင်းကြောင့် ရောဂါအမျိုးမျိုးရနေကြသည်။ စိုက်ပျိုးမည့် အခြေအနေမှ ရောင်းချသည်အထိ ပါဝင်သည့် ကွင်းဆက်အသီးသီးတွင် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားမှသာ အန္တရာယ်ကင်းသည့်၊ အာမခံချက်ပေးနိုင်သည့်သီးနှံများကို စားသုံးသူများ စားသုံးရမည်ဖြစ်သည်။
တောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ(GAP)ကို ကျေးရွာများအရောက် သင်တန်းများပေးကာ ပညာပေး ဟောပြောဆွေးနွေးပြီး လက်လှမ်းမီသလောက် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေး၍ ပညာပေးအစီအစဉ်များ အလေးပေးဆောင်ရွက်ပေးလျက်ရှိသည်။
GAP နည်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သီးနှံအမျိုးအစားပေါင်း ၃ဝ ကို GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးထားရှိခြင်း၊ တောင်သူလယ်သမားများအား ပြန်လည်ပညာပေး ပြန့်ပွားနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်း၊ တောင်သူများ ကိုယ်တိုင်လာရောက်လေ့လာနိုင်အောင် စီစဉ် ပေးခြင်း စသည့်ပညာပေးမှုအစီအစဉ်တို့ကို အစိုးရသစ်တစ်နှစ်တာအတွင်း ဆောင်ရွက်နိုင်ခဲ့သည်။
GAP အသိအမှတ်ပြုလက်မှတ်
သရက်သီးနှံအပြင် အခြားသီးနှံ ၁၄ မျိုး ကိုလည်း GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီး/ပြည်နယ် ကိုးခုရှိ ကျေးရွာ ၁ဝဝ ကို ရှေ့ပြေးစံပြကျေးရွာများ အဖြစ်ရွေးချယ်ကာ ကိုရီးယားနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတိုင်း မြန်မာဆယ်မားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို KOICA ၏ အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းဖြင့် ငါးနှစ် ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ သီးနှံစိုက်ပျိုး ရေးပြဿနာများနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ဖြေကြားပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန ရုံးအမှတ် (၄၃) ၌ Call Center ကို ၁-၃-၂ဝ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အပံ့ဖြစ်စေသည်။
စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်
လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းနိုင်စေရန် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်နေပြီဖြစ်သည်။ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရောက်ရှိရန်အတွက် ဘဏ်ချေးငွေစနစ်တစ်ခုဖြင့် အရင်းအနှီး အများအပြားစိုက်ထုတ်ရန်မလိုဘဲ စက်တန်ဖိုး ၁ဝ ရာခိုင်နှုန်းပေးသွင်းနိုင်ရုံမျှဖြင့် ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရရှိမည့် အထူး ဆောင်ရွက်မှုတစ်ခုကိုလည်း ကျင့်သုံးလျက်ရှိသည်။ ဝယ်ယူသူတောင်သူက ခြောက်လတစ်ကြိမ် စက်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းစီကို ခြောက်ကြိမ်ခွဲပေးဆပ်ရမည်ဖြစ်ရာ သုံးနှစ်ကာလအတွင်း ခုနစ်ရစ်ခွဲ၍ အကြေပေးဆပ် သည့်စနစ်ဖြစ်သည်။
လယ်ယာလုပ်ငန်းအတွက် လုပ်သားရှားပါးမှုကို ကုစားနိုင်ပြီး လယ်ယာသုံးစက်ပစ္စည်းများ တောင်သူတို့လက်ဝယ်ပိုင်ဆိုင်နိုင်ခြင်း ပင်ဖြစ်သည်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ထွန်စက်ကြီး ၁၈၂ စီးကို စတင်ထုတ်ပေးနိုင်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာနမှ ကြားပေါင်း လိုက်စက်များကို မြန်မာ့လယ်ယာမြေသဘာဝ နှင့်အညီ တောင်သူလယ်သမားများ တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်အောင် ထုတ်လုပ် တပ်ဆင်ပေးလျက်ရှိသည်။
ကလေးဒေသရှိ ရေဘေးသင့်လယ်မြေများကို ဌာနရှိထွန်စက်အဖွဲ့များဖြင့် ဧက ၁ဝ၂ဝဝ ကျော် ကန်သင်းဖော်ခြင်းနှင့် ဧက ၃၈ဝဝ မြေညှိပြုပြင်ခြင်းပြီးစီးအောင် ပြန်လည်ဖော်ထုတ်ပေးခဲ့သည်။
ကလေးမြို့နယ်ရှိ ကျေးရွာ ခုနစ်ရွာတွင် ရွှံ့ညွန်ဖုံးလွှမ်းခံရသည့် လယ်မြေ ၄ဝ၄၂ ဧက အပြင် ၂ဝ၁၆ ခုနှစ်တွင် လယ်မြေ ၃၈၅၅ ဧကကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ယခုနှစ်ဦး ပိုင်းတွင် ဆောင်းသီးနှံ၊ နေကြာ၊ မြေပဲနှင့် အခြားသီးနှံမျိုးစုံ ၂၈၁၇ ဧကကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သဖြင့် ဒေသခံတောင်သူများ လယ်ယာလုပ်ကိုင်နိုင်ရန် ဆောင်ရွက် ပေးနိုင်ခဲ့သည်။
စက်အငှားစနစ်
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ထွန်ယက်ရေးလုပ်ငန်း၌ ဧက ၈၈၅ဝဝဝ၊ ရိတ်သိမ်း ခြွေလှေ့ခြင်းလုပ်ငန်းတွင် ဧက ၄၂ဝဝဝ၊ ကောက်စိုက်စက်လုပ်ငန်းတွင် ဧက ၇ဝဝဝ စုစုပေါင်း ဧက ၉၃၄ဝဝဝ ကို စက်အဌားစနစ် ဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ လျာထားဆောင်ရွက်ပေးလျက်ရှိသည်။
ကောင်းမွန်သောမွေးမြူနည်းကျင့်စဉ် (Good Animal Husbandry Practices -GAHP) များကို အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံနိုင်ငံများ၏ ကျင့်စဉ်များအပေါ် မူတည်၍ ရေးဆွဲနိုင်ခဲ့ပြီး ကျောက်ဆည်ခရိုင် မှ လေးမြို့နယ်၊ မိတ္ထီလာခရိုင်မှ သုံးမြို့နယ်နှင့် မြင်းခြံခရိုင်မှ တစ်မြို့နယ် စုစုပေါင်းမြို့နယ် ရှစ်မြို့နယ်ကိုရွေးချယ်ပြီး ရှေ့ပြေးကောင်ရေ စာရင်းများကောက်ယူရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်သည်။
ရေချိုရေငန် သယံဇာတထိန်းသိမ်းရေး ဆောင်ရွက်မှုတွင် SEAFDEC ၊ FFI နှင့် FAO စသည့် အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ ထိန်းသိမ်းလျက်ရှိပြီး ဧရာဝတီလင်းပိုင် ၆၉ ကောင် တွေ့ရှိမှတ်တမ်းတင်အတည်ပြုနိုင်ခဲ့ကာ သမီးလှကျွန်းအတွက် ပင်လယ်လိပ်မျိုး ထိန်းသိမ်းခြင်းဆိုင်ရာ အသိအမှတ်ပြု Site Network Certificate ရရှိခဲ့သည်။
တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်းရေသွယ်ခြင်းနှင့် အခြားရေရရှိရေးလုပ်ငန်းစသည့် ရေရရှိရေးလုပ်ငန်း ၂၁၂၉ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျေးရွာပေါင်း ၂၇ဝ၇ ရွာအတွက် အိမ်ခြေ ၁၄၁၄၆၅ အိမ်လျာထား ဆောင်ရွက် လျက်ရှိကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် ကျေးရွာ ၂၁ဝ၇ ရွာ၌ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးကျေးရွာပေါင်း ၈၇၅၆ ရွာကို အကျိုးပြုလျက်ရှိပြီး နိုင်ငံအလိုက် လွှမ်းခြုံမှုမှာ ၁၂ ဒသမ ၂၈ ရာခိုင် နှုန်းဖြစ်ကြောင်း၊ ထောက်ပံ့ခွင့်ပြုငွေကျပ် သန်း ၂၁၅၃၄ဝ၊ အတိုးရရှိငွေကျပ်သန်း ၃၃၉၁ဝ ကျော်၊ အကျိုးပြုလူဦးရေ ၅၈၂၁ဝဝဝ ကျော်ဖြစ်ကြောင်း သိရသည်။
လူထုဗဟိုပြု စီမံကိန်း
ကမ္ဘာ့ဘဏ်အထောက်အပံ့နှင့် ချေးငွေအကူအညီ အမေရိကန်ဒေါ်လာသန်း ၄၈ဝ ဖြင့် မြို့နယ် ၆၃ မြို့နယ် လျာထားခဲ့ရာ ယခင် ကာလ ၂၇ မြို့နယ်၊ ယခုအစိုးရသစ်ကာလ မြို့နယ်၂ဝ စုစုပေါင်း ၄၇ မြို့နယ်တို့တွင် လူထုဗဟိုပြုစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သမဝါယမအသင်းသစ် ၃၃၅ သင်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး သမဝါယမအသင်း ၁၁၇ သင်းရှိ သမဝါယမအသင်းသား ၁ဝ၆ဝ ၏ လယ်ယာမြေဧက စုစုပေါင်း ၅၃၄၅ ဧကကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။
ဝန်ဆောင်မှုသမဝါယမအသင်း ၂ဝ၊ ဝန်ဆောင်မှုလုပ်ငန်းခွဲ ၂၉ ခု၊ ရိတ်သိမ်း ခြွေလှေ့စက် (Combine Harvester) ၂၁ စီးနှင့် ထွန်စက်ကြီး ၁ဝ၇ စီး စသည့် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများ ကိုလည်း အစိုးရသစ်လက်ထက်တစ်နှစ်တာအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းတွင် မှတ်ပုံတင်ခြင်း ၁၈၁၆ ခု၊ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများ ၁၅၈၆ ကြိမ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ တောင်သူများထံသို့ လယ်တစ်ဧကလျှင် ငွေကျပ် ၁၅ဝဝဝဝနှုန်း၊ ယာတစ်ဧကလျှင် ငွေကျပ် ၅ဝဝဝဝနှုန်းဖြင့် ထုတ်ချေးပေးသည်။
အများအကျိုးမျှော်ကိုး
လက်ရှိပြဋ္ဌာန်းထားသော ဥပဒေ ၂၅ ခု ရှိပြီး ၁၆ ခုကို ပြင်ဆင်ရေးဆွဲဆောင်ရွက် လျက်ရှိသည်။ ဥပဒေတစ်ခုရေးဆွဲရာတွင် အချိန်ယူရေးဆွဲရပြီး အများအကျိုးမျှော်ကိုးကာ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှစိစစ်ပြီး ရေးဆွဲရသည်။
ရေးဆွဲပြီးဥပဒေများကိုလည်း တိတိကျကျ သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ပြဋ္ဌာန်းထားသောဥပဒေများကို အတိအကျ လိုက်နာဆောင်ရွက်နိုင်ရန်၊ awareness ရှိရန်၊ လက်ရှိဥပဒေများကို အသိပညာပေးရန် အတွက်လည်း ဝန်ကြီးဌာနမှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းပြည်ပ စားနပ်ရိက္ခာဖူလုံကြွယ်ဝ စေရေးအတွက် တောင်သူဦးကြီးများ၏ လိုအပ်ချက်ကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး နည်းပညာအား၊ စက်မှုအား၊ ဉာဏအား၊ ဓနအားတို့ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိရာ တောင်သူ ဦးကြီးတို့ကလည်း ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် လာမည့်အနာဂတ်တွင် လယ်ယာကဏ္ဍ တစ်ခေတ်ဆန်းသစ်လာ တော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါ သည်။ ။

No comments:

Post a Comment