Wednesday, January 4, 2017

ပထမအကြိမ်ကြားနာခြင်းကို သမ္မတပတ် တက်ရောက်ရန် ပျက်ကွက်


 Image may contain: 1 person, closeup


ဆိုးလ် ဇန်နဝါရီ ၃

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးအား နိုင်ငံရေးအရှုပ်တော်ပုံနှင့်ပတ်သက်ပြီး စွပ်စွဲထားသည့်အမှုကို ယနေ့ ဇန်နဝါရီ ၃ ရက်တွင် ပထမဆုံးအကြိမ် စတင်ကြားနာ စစ်ဆေးရာတွင် ပတ်အနေဖြင့် တက်ရောက်ခြင်းမရှိခဲ့ကြောင်း ဆင်ဟွာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။
သမ္မတပတ် တက်ရောက်ရန် ပျက်ကွက်ခဲ့သော်လည်း တရားရုံးအနေဖြင့် ဥပဒေဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ကြားနာခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး၌ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ခဲ့သော်လည်း သမ္မတပတ် တက်ရောက်ရန် ပျက်ကွက်ခဲ့သည့်အတွက် မွန်းလွဲ ၂ နာရီ ၉ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများတွင် ဖော်ပြထားသည်။
ဒုတိယအကြိမ် ကြားနာခြင်းကို ဇန်နဝါရီ ၅ ရက်တွင် လည်းကောင်း၊ တတိယ အကြိမ် ကြားနာခြင်းကို ဇန်နဝါရီ ၁ဝ ရက်တွင်လည်းကောင်း ပြုလုပ်ရန် လျာထား ကြောင်း သိရသည်။ ဒုတိယအကြိမ် ကြားနာခြင်းအား သမ္မတပတ်၏ ကာလရှည် ယုံကြည်ခဲ့ရသူ ချွိုင်ဆွန်ဆီ၊ အဆင့်မြင့်အကြံပေးနှစ်ဦးနှင့် သမ္မတ၏ ကိုယ်ရေးအရာရှိ ဟောင်း လေးဦးတို့ လာရောက်သက်သေခံမည်ဖြစ်ပြီး တတိယအကြိမ် ကြားနာခြင်း အတွက်လည်း ၄င်းတို့အား ဆက်လက် ဆင့်ခေါ်သွားမည်ဟု သိရသည်။ သမ္မတပတ် သည် အမှုနှင့်ရင်ဆိုင် နေရချိန်တွင် ဝန်ကြီးချုပ် ဝှမ်ကျိုအန်းက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment