မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ကျဆုံးခဲ့ရခြင်းအား တစ်ကြောင်း တည်းဖော်ပြရပါက တိုင်းပြည်၏ ပကတိအခြေအနေမှန်ကို သိရှိနိုင် သော အခြေအနေတို့ ကင်းမဲ့ခြင်းကြောင့်ပင်ဖြစ်ပါသည်။
ထိုကဲ့သို့ တိုင်းပြည်၏ ပကတိအခြေအနေမှန်ကို မသိရှိနိုင်ခြင်းသည် တစ်ခုတည်းသောဦးဆောင်ပါတီက တိုင်းပြည်၏ယ္တရားအရပ်ရပ် အားထိန်းချုပ်ထားသောကြောင့်ဖြစ်ပါသည်။ တိုင်းပြည်၏ယ္တရား အရပ်ရပ်၌ အထက်အဆင့်အသီးသီးက မကြားလို၊ မမြင်လို၊ မသိလို သော သတင်းတို့ကို ဆိုင်ရာဆိုင်ရာ အောက်ခြေအဆင့်ဆင့်တို့က တင်ပြနိုင်ခွင့်ကင်းမဲ့ခြင်းသည် ပကတိအခြေအနေမှန်တို့ ပျောက်ဆုံး စေခြင်း၏ အကြောင်းတရားဖြစ်ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌ လွတ်လပ်သောသတင်း မီဒီယာတို့မရှိသကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများ မဆိုထားဘိ၊ သာရေး နာရေးအဖွဲ့အစည်းများကိုပင် လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်မရှိ၍ ပြည်သူလူထု၏ အသံမှာလည်း ပျောက်ဆုံးခဲ့ပါသည်။ ပြည်သူလူထု၏အသံ ပျောက်ဆုံးခြင်းသည် ပကတိအခြေအနေမှန် မသိရှိနိုင်ခြင်းကို ပိုမိုနက်ရှိုင်းစေခဲ့ပါသည်။
ပစ္စုပ္ပန်ကာလ၌ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဆိုင်ရာ လွှတ်တော် အသီးသီး ရှိသကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့လည်း ရှိနေပြီဖြစ်ပါ သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အသီးသီးရှိသကဲ့သို့ ပြည်ထောင်စုအစိုးရလည်း ရှိနေပြီဖြစ်ပါသည်။ လွတ်လပ်သော သတင်းမီဒီယာတို့ အပြိုင်အဆိုင်လှုပ်ရှားနေသကဲ့သို့ အရပ်ဘက် အဖွဲ့အစည်းအသီးသီးတို့လည်းအပြိုင်းအရိုင်းတည်ရှိနေပြီဖြစ်ပါသည်။ ဤဖြစ်စဉ်ဖြစ်ရပ်တို့ကို အဓိပ္ပာယ်ဖွင့်ရပါက တိုင်းပြည်၌ ပကတိအခြေ အနေမှန်တို့အား သိရှိနိုင်သော အနေအထားတို့ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါသည်။
တိုင်းပြည်၏ ပကတိအခြေအနေမှန်တို့အား သိရှိနိုင်သောအနေ အထားတို့ကို ပိုင်ဆိုင်ထားသော်လည်း အဆိုပါအနေအထားတို့ကို ပြည့်ပြည့်ဝဝ၊ မှန်မှန်ကန်ကန်အသုံးချနိုင်မှသာ ပကတိအခြေအနေမှန် တို့ကို ဆုပ်ကိုင်သိရှိနိုင်ပါသည်။ ပစ္စုပ္ပန်ကာလ၌ မြန်မာနိုင်ငံတွင် လွတ်လပ်သော သတင်းမီဒီယာတို့ အပြိုင်အဆိုင်လှုပ်ရှားနေကြသော် လည်း အဆိုပါ သတင်းမီဒီယာ အသီးသီးတို့ရှိ တာဝန်ရှိပုဂ္ဂိုလ်တို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် အပြုသဘော ဝေဖန်အကြံပြု တင်ပြအပ်ပါသည်။
ဤကဲ့သို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို နိုင်ငံတော်ပိုင်သတင်း မီဒီယာများ၌လည်း ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ နိုင်ငံတော်ပိုင် အပါအဝင် သတင်းမီဒီယာတို့၌ လူငယ်များ တက်တက်ကြွကြွ ဆောင်ရွက်နေသည်မှာ အားတက်စရာ မြင်ကွင်းတစ်ရပ်ဖြစ်ပါသည်။ နိုင်ငံတော်၏ သမိုင်းနှင့် ခေတ်ပြိုင်က္ဘာ့သမိုင်းအပါအဝင် သတင်း မီဒီယာသမားတို့ သိရှိသင့် သိရှိထိုက်သည်များကို ပြုစုပျိုးထောင်ပေးမည့် ခေတ်မီပြည့်စုံသော သတင်းမီဒီယာသင်တန်းကျောင်းများ တည်ထောင် ဖွင့်လှစ်ပေးပါရန် လေးစားစွာအကြံပြုတင်ပြလိုပါသည်။
တိုင်းပြည်၏ ကဏ္ဍအသီးသီးတွင် လှုပ်ရှားလျက်ရှိသော အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းမောင်းသန် ဖြစ်စေရေးအတွက် အထောက်အပံ့ဖြစ်မည့် အစီအစဉ်များ ချမှတ်ပေးပါရန်ကိုလည်း အလားတူ တိုက်တွန်းအကြံပြုတင်ပြလိုပါသည်။
ဤကဲ့သို့သော အစီအမံတို့ကို ချမှတ်ဆောင်ရွက်မှသာ တိုင်းပြည်၏ ပကတိအခြေအနေမှန်တို့ သိရှိနိုင်စွမ်းသည် ခိုင်မာပြည့်ဝလာပြီး တိုင်းပြည်၏ အနာဂတ်ကိုအောင်အောင်မြင်မြင် ဖန်တီးနိုင်မည်ဖြစ်ပါ သည်။ ပကတိအခြေအနေမှန်သိရှိခြင်းနှင့် အောင်မြင်မှု ရရှိခြင်းတို့သည် ခွဲခြမ်းစိတ်ဖြာ၍မရသော အကြောင်းတရားနှင့်အကျိုးတရားတို့ဖြစ်၍ ပကတိအခြေအနေမှန်ကို သိရှိနိုင်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်ကြပါရန် လေးစားစွာတိုက်တွန်းနှိုးဆော် တင်ပြအပ်ပါသည်။

No comments:
Post a Comment