
မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်းနီက မန်ယူအသင်းမှာ ကစားခဲ့တာ ၁၂ နှစ်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အမျိုးမျိုးသော အသင်းဖော်တွေနဲ့ တွဲဖက်ကစားခဲ့ဖူးရာမှာ သူ့ရဲ့ ခြေစွမ်းအကောင်းဆုံး အသင်းဖော်နှစ်ဦးက ပေါလ်စခိုးလ်နဲ့ စီရိုနယ်လ်ဒိုတို့ဖြစ်ပြီး သူ့အတွက်အခက်ခဲဆုံးပြိုင်ဘက်က စပိန်ဂိုးသမား ကားဆီးလက်စ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဝိန်းရွန်းနီက ၂ဝဝ၄ ခုနှစ်မှာ အဲဗာတန်ကနေ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီး ပေါလ်စခိုး၊ စီရိုနယ်လ်ဒိုတို့နဲ့အတူ ပရီမီယာလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။
ရွန်းနီက မန်ယူမှာ ရွိုင်ယန်ဂစ်၊ ရွိုင်းကိန်း၊ ရီယို ဖာဒီနန်၊ ဗီဒစ်တို့လို ကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ပေမယ့် ပေါလ်စခိုးနဲ့ စီရိုနယ်လ်ဒိုတို့နှစ်ဦးရဲ့ အရည်အသွေးက ကျန်ဘယ်ကစားသမားကိုမဆို နောက်ကောက်ချနိုင် လောက်အောင် ကောင်းခဲ့တယ်လို့ဆိုပါတယ်။
ရွန်းနီက '' ပေါလ်စခိုးက ထာဝရအကောင်းဆုံး ကွင်းလယ်လူထဲက တစ်ယောက်ပါ။ သူ့ရဲ့ ဘောလုံးပေးပို့မှု၊ စူးရှတဲ့ အမြင်၊ ပြိုင်ပွဲရဲ့ ကစားအားကို အတင်အချလုပ်ပြီး ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေက မယုံနိုင်လောက်အောင် ကောင်းလွန်းပါတယ်။ ခရစ္စတီယာနိုကတော့ ထူးခြားလွန်းတဲ့သူဖြစ်သလို ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ လုပ်ခဲ့တာတွေကို ကွင်းထဲမှာ တကယ်ကစားရင်လည်း ဖြစ်အောင်ကို လုပ်ပြတတ်သူပါ။ ဒါ့ကြောင့်လည်း ပြိုင်ပွဲတစ်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် လူတွေကအမြဲသတိရနေတာ ဖြစ်ပါတယ်'' လို့ သူ့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကနေ ပြောကြားခဲ့ပါတယ်။
ရွန်းနီရဲ့ အကောင်းဆုံး အသင်းဖော်ရွေးချယ်ပေးမှုဟာ ကျေနပ်စရာဖြစ်ခဲ့ပေမယ့် သူနဲ့ပြိုင်ဘက်အဖြစ် တစ်နာရီတောင် ပြည့်အောင်ရင်မဆိုင်ဘူးတဲ့ ကားဆီးလက်စ်ကို အခက်ခဲဆုံးပြိုင်ဘက်အဖြစ် ရွေးချယ်ပေးခဲ့တာ ကတော့ ပရိသတ်တွေအတွက် တကယ်ကို အံ့အားသင့်ဖွယ် ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်ယူနဲ့ ရီးယဲလ်တို့ ယှဉ်ပြိုင်ခဲ့ရာမှာ ရွန်းနီက နှစ်ကျော့စလုံး ရီးယဲလ်ဂိုးသမား လိုပက်ဇ်ကိုသာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကားဆီးလက်စ်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။
ရွန်းနီက ၂ဝဝ၄ ခုနှစ် အင်္ဂလန်အတွက် ဝင်ရောက်ကစားခဲ့ရာမှာ ကားဆီးလက်စ်နဲ့ ဆုံခဲ့ဖူးပေမယ့် ပထမပိုင်းမပြီးခင်ပဲ လူစားလဲခံခဲ့ရတာကြောင့် နာရီဝက်လောက်ပဲရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီနောက် ကားဆီးလက်စ် ကို ရင်ဆိုင်ဖို့ ၁၁ နှစ်ကြာစောင့်ဆိုင်းခဲ့ရပြီး ပြီးခဲ့တဲ့နိုဝင်ဘာလနှောင်းပိုင်း အင်္ဂလန်နဲ့ စပိန်တို့ ချစ်ကြည်ရေးခြေစမ်းပွဲ အဖြစ် ကစားခဲ့ရာမှာ ရွန်းနီက ဒုတိယပိုင်းပြီးခါနီးမှ လူစားဝင်ကစားသမားအဖြစ် ကွင်းထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ရွန်းနီရွေးချယ်ပေးတဲ့ ကျော်ဖြတ်ဖို့ အခက်ခဲဆုံးပြိုင်ဘက်က ကားဆီးလက်စ် ဆိုတာဟာ ပရိသတ်တွေအတွက် အံ့အားသင့်ဖို့ ကောင်းနေတာဖြစ်ပါတယ်။
မေလဲ့သင်း - စုစည်းရေးသားသည်
No comments:
Post a Comment