Wednesday, July 6, 2016

တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များ အားကောင်းမောင်းသန်ဖြစ်လာဖို့အရေး



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏  ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးများကို  ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင်တော့မည်ဖြစ်သည်။  ထိုပြည်ထောင်စု အဆင့်လွှတ်တော်များ ရပ်နားထားသော ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိလွှတ်တော်အစည်းအဝေးများ ကျင်းပခဲ့သည်ကို တွေ့ရ သည်။

ထိုအစည်းအဝေးများသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သွားရောက် တွေ့ဆုံခဲ့သည်များကိုလည်း သတင်းများတွင်တွေ့ရသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အစည်းအဝေးများကို တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ကျင်းပ ရမည်ဟု သတ်မှတ်ထားသည်။  ပြီးခဲ့သည့်  အစိုးရသက်တမ်းကာလက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အချို့မှာ လွှတ်တော်အစည်းအဝေး ကျင်းပသည့်အကြိမ်ရေနည်းပါးခဲ့ပြီး ဥပဒေပြုစုနိုင်မှုလည်း နည်းပါးခဲ့ သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းများတွင် အချို့သော လွှတ်တော် များ၌ အမတ်ဦးရေနည်းပါးလွန်းခြင်း၊ အုပ်ချုပ်ရေး၏ လွှမ်းမိုးမှုရှိခြင်းနှင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်များ  ဥပဒေပြုပိုင်ခွင့်ရှိသော  ဇယား-၂ ပါ ပြဋ္ဌာန်းချက်များကို ကုန်စင်အောင် ကျင့်သုံးနိုင်ခြင်း မရှိသော အချက် များကို တွေ့ကြရသည်။

ယခုဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇူလိုင်လ ၁ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ အစည်းအဝေးကျင်းပရက်ပေါင်း ၂ဝ တွင် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တင်မြှောက်ခြင်းများ၊ အစိုးရအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ကော်မတီ ၁၁ ရပ် ဖွဲ့စည်းခြင်း များ ပြုလုပ်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၂၈ ခုမေးမြန်းခဲ့ပြီး အဆိုလေးရပ် အောင်မြင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဓိကကျသော၊တိုင်းဒေသကြီးဖြစ်သည့် အားလျော်စွာ မေးခွန်း ၂၈ ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆိုင်သော မေးခွန်း ၁၅ ခုပါဝင်ခဲ့သည်ကိုတွေ့ရသဖြင့် များစွာအားရမိပါသည်။ အဆိုလေးရပ်မှာ လည်း ငဝန်မြစ်ရေကာတာကျိုးပေါက်ခြင်းမရှိစေရန် ပြင်ဆင်ဖို့အဆို၊ မြစ်သဲကျောက် ထုတ်လုပ်မှုကြောင့် မြစ်ကြောင်းပြောင်းလဲမှုအ္တရာယ်ရှိပြီး လယ်ယာကိုင်းကျွန်းများ ဆုံးရှုံးနိုင်မှုအဆို၊ နွေစပါးစိုက်ပျိုးချိန်မတိုင်မီ ချောင်းကော၊ မြောင်းကောများပြန်လည်တူးဖော်ရန် အဆိုစသည်တို့ဖြစ်ရာ လယ်သမားအရေး၊ လယ်ယာစိုက်ပျိုးရေးတို့နှင့် တိုက်ရိုက်ပတ်သက်နေ သော လက်တွေ့ကျသည့် အကြောင်းကိစ္စများပင်ဖြစ်သည်။

ပြည်သူ့လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၈၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁ဝ၅ ခု၊ အမျိုးသားလွှတ်တော် တွင် ကြယ်ပွင့်ပြမေးခွန်း ၃၃ခု၊   ကြယ်ပွင့်မပြမေးခွန်း  ၆ ခုရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ မေးခွန်းတင်သွင်းမှု စံချိန်ကောင်း မွန်သည်ကို တွေ့ရပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ မေးခွန်းများ၊ အဆိုများမှာ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ ၏ လုပ်ငန်းများ ကို အပြန်အလှန်ထိန်းကျောင်းသော အလုပ်များသာဖြစ်ရာ အစိုးရလုပ်ငန်း လည်ပတ်မှုကို အထောက်အကူပြုမည် ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အစည်းအဝေးများမှာ  ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်း အပြင် နောက်ထပ်ဆောင်ရွက်ရမည့်အချက် ၇ ချက်ခန့်ပါဝင်နေပါသည်။ ¤င်းတို့ထဲတွင် ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ လွှတ်တော်သို့တင်သွင်းသော အစီရင်ခံစာများ ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့်ဖွဲ့စည်းပုံအရ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း များလည်းပါဝင်ပါသည်။ ထို့ပြင် ပုဒ်မ- ၁၉၁ တွင်လည်း ဇယား-၂တွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အစိုးရအဖွဲ့ကသာ ဥပဒေ ကြမ်းတင်သွင်းရမည်ဟူသော    ကိစ္စများမှအပ  ကျန်ကိစ္စရပ်များနှင့် ပတ်သက်သောဥပဒေကြမ်းများကို သတ်မှတ်နည်းလမ်းများနှင့် အညီ တင်သွင်းရန် အခွင့်အရေးရှိသည်ကိုလည်း တွေ့ရပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များမှာ လူထုနှင့်အနီးစပ်ဆုံး နေရာတွင်ရှိသော အဖွဲ့အစည်းကြီးများဖြစ်သည်။ လူထုထံမှပြန်ရောက် လာသောတုံ့ပြန်ချက်အများဆုံး  လက်ခံရရှိရာနှင့်  လူထုထံတိုက်ရိုက် ရောက်ရှိသွားနိုင်သော ဆောင်ရွက်ချက်များကို  ပြဋ္ဌာန်းရာ၊ အားဖြည့် ပေးရာ လူထုကိုယ်စားပြုအဖွဲ့အစည်းများဖြစ်သည်။  ထို့ကြောင့်  တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အားကောင်းမောင်းသန် ဖြစ်လာ ရေးမှာ အစိုးရတစ်ရပ်၏ လုပ်ငန်းစဉ်များအောင်မြင်ခြင်း၊ မအောင်မြင် ခြင်းနှင့် နီးကပ်စွာဆက်စပ်လျက်ရှိကြောင်း ရေးသားဖော်ပြရပါသည်။



No comments:

Post a Comment