
နေပြည်တော် ဇူလိုင် ၂
အရှေ့တောင်အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် 19th South East Asian Junior Men's Volleyball Championship ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ခ)၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီး ဌာနမှညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဘော်လီ ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားကော်မတီအတွင်းရေးမှူး ဒေါက်တာ အောင်ခင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း နေရာယူပြီးနောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် အရှေ့ တောင်အာရှဘော်လီဘောအဖွဲ့ချုပ်တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လာရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများအား နွေးထွေးစွာကြိုဆိုပါကြောင်း၊ ပြိုင်ပွဲကို လက်ခံကျင်းပရ ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဘော်လီဘောအားကစားအဆင့် အတန်း ဖွံ့ဖြိုးတိုးတက်လာစေပြီး လာရောက်ယှဉ်ပြိုင်သော နိုင်ငံများနှင့် မိမိတို့နိုင်ငံအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်မှုပိုမိုခိုင်မြဲလာမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံအတွင်းရှိလူငယ်များအနေဖြင့် အားကစားလှုပ်ရှားမှုများကို ပိုမိုစိတ်ဝင်စားလာစေမည်ဟု ယုံကြည်ပါကြောင်း၊ ယခုပြိုင်ပွဲကို ပထမဆုံးလက်ခံကျင်းပခြင်းမဟုတ်ဘဲ ၂ဝ၁၂ ခုနှစ် ရန်ကုန်မြို့၌ (၁၇)ကြိမ်မြောက် လူငယ်ပြိုင်ပွဲ၊ ၂ဝ၁၄ ခုနှစ် နေပြည်တော်၌ (၁၈)ကြိမ်မြောက် လူငယ်ပြိုင်ပွဲများကို အောင်မြင်စွာ လက်ခံကျင်းပပေးခဲ့ဖူးပါကြောင်း၊ ယနေ့ (၁၉)ကြိမ်မြောက်ကို အောင်မြင်စွာ လက်ခံကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲများ လက်ခံကျင်းပခြင်းဖြင့် မြန်မာဘော်လီဘောအားကစား သမားများ အတွေ့အကြုံကောင်းများရရှိပြီး လက်ရည်တိုးတက်လာမည်ကို ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် မြန်မာလူငယ်(ခ)အသင်းနှင့် စင်ကာပူ လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲကို အိမ်ရှင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိတ်ခေါ်နိုင်ငံအဖြစ် မော်လ်ဒိုက်နှင့် နယူးဇီလန်နိုင်ငံတို့မှ လူငယ်ဘော်လီဘောအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇူလိုင် ၂ ရက်မှ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment