
အောင်လံ ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုလျော့နည်းရေးတို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ချေးငွေ
အကူအညီဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အကျိုးဆောင်ကုမ္ပဏီများ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် မီးကြိုးလိုင်းများနှင့် ထရန်စဖော်မာများအား တိုးချဲ့ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းအား ဇွန် ၂၉ ရက် မွန်းလွဲ ၃ နာရီက ရွာထောင်(အေးချမ်းဖြိုး)ရပ်ကွက်တွင် စတင်တပ်ဆင်လျက်ရှိကြောင်း သိရသည်။
ယင်းနေ့ ထရန်စဖော်မာတပ်ဆင်နေမှုအား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာ ဦးမောင်ညိုနှင့် လက်ထောက်အင်ဂျင်နီယာ ဦးမြတ်မင်းထွန်းတို့က လိုက်လံစစ်ဆေး ကြပ်မတ်လျက်ရှိသည်။
ယင်းတပ်ဆင်မှုကြောင့် ယခင်က အောင်လံမြို့နယ်ဓာတ်အားခွဲရုံသို့ အဝင် (၆၆ဝဝဝ ဗို့ / ၆၆ဝဝ ဗို့ ) နှင့် အထွက် (၆၆ဝဝ ဗို့/၄ဝဝ ဗို့) အထွက်လိုင်းအစား လျှပ်စစ်မီးအားပိုမိုပြည့်ဝကောင်းမွန်စေသည့် အဝင် (၆၆ဝဝဝ ဗို့/၁၁ဝဝဝ ဗို့) နှင့် အထွက် (၁၁ဝဝဝ ဗို့/၄ဝဝ ဗို့)အထွက် မီးကြိုးလိုင်းများနှင့် ထရန်စဖော်မာများအား ပြောင်းလဲတပ်ဆင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အောင်လံမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံ အကျုံးဝင်နယ်မြေတွင် လက်ရှိ ထရမ်စဖော်မာ ၂၃ လုံးဖြင့်သာ အသုံးပြုလျက်ရှိရာမှ အဝင်မီးလိုင်းနှင့်ကိုက်ညီသည့် (200KVA) ၇၇ လုံးအား တပ်ဆင်ဆောင်ရွက်ပေးမည်ဖြစ်သည်။လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် (၄၄ဝ ဗို့)လိုင်း ACSR ဒန်ကြိုးများနှင့် ဆိုဒ်သေးကြေးကြိုးများအစား ABC ကာဗာပါသောကြိုးများဖြင့် တပ်ဆင်ပေးသွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝဘေးကင်းစွာဖြင့် သုံးစွဲနိုင်ကြတော့မည်ဖြစ်ကြောင်းသိရသည်။
သိန်းလွင်(ပြန်/ဆက်)
No comments:
Post a Comment