ပြည်သူ့ဝန်ထမ်းဆိုသည့် အဓိပ္ပာယ်သည် ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဝန်ဆောင်ပေးမည့် သူ၊ ပြည်သူ့အစေအပါး၊ Civil Services Academy (CSA)ဟုခံယူပြီး ပြည်သူ့အတွက် အပြည့်အဝ ဆောင်ရွက်ပေးမည်ဆိုသည့် စိတ်ဓာတ်မျိုးထားရှိရန် လိုအပ်သည်။ ပြည်သူ့ ဝန်ထမ်းသည် Service Delivery ပေးရမည် ဖြစ်ရာService Delivery တွင် အခြေခံ အချက် (၄)ချက်ရှိပြီး အဆိုပါအချက်များမှာ အရည်အသွေး၊ မြန်ဆန်မှု၊ မဆိုင်းမတွတုံ့ပြန်မှု နှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ဖြစ်ပေသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် အစိုးရ ယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်တို့အတွက် နိုင်ငံ့ဝန်ထမ်းစနစ် ပီပြင်အားကောင်းစွာဆောင် ရွက်နေသော အာဆီယံဒေသတွင်းနိုင်ငံများ၊ အာရှနှင့် ဥရောပနိုင်ငံများမှ ဝန်ထမ်းရွေးချယ် ရေးနည်းလမ်းများနှင့် လေ့ကျင့်မှုနည်းလမ်း များကို လေ့လာလျက်ရှိပြီး သုတေသနပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်။
အဆိုပါစနစ်များကိုအခြေခံ၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးစနစ်၊ စည်းကမ်းထိန်းသိမ်းရေးစနစ်များကို ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ နည်းပြများအား နိုင်ငံတကာအဆင့်မီ သင်တန်းများပို့ချ၍ အရည်အသွေးမြှင့်တင်မှုပြုလုပ်ကာ နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြောသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ တကာအဖွဲ့အစည်းများဖြစ်သည့် UNDP? JICA၊ World Bank၊ Hanns Seidel Foundation၊ EU (GOPA) စသည်တို့နှင့် ပူးပေါင်းညှိနှိုင်း၍ ပြည်သူ့ဝန်ထမ်းများ၏ ဃစေခေငအပ မြင့်တက်လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းတို့လုပ်ဆောင်လျက် ရှိသည့် ပြည်သူ့အတွက် ရက် ၁ဝဝ စီမံချက်မှ သိရသည်။

ဘာတွေစတင်ပြောင်းလဲမလဲ
------------------------------
နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပြည်သူ့ ဝန်ထမ်းကဏ္ဍတွင် အခြေခံအချက် (၂)ချက် လိုအပ်သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် ရက် ၁ဝဝ အတွင်း အစိုးရ၏ အုပ်ချုပ်ရေးပုံစံသစ်နှင့်အညီဖြစ်စေရန် ပြင်ပ လက္ခဏာပြောင်းလဲခြင်းနှင့် အနှစ်သာရ ပြောင်းလဲခြင်း အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ဆိုသည်။

Civil Service ကို အခြေခံမေးသည့်
မေးခွန်းများအဖြစ် ပြောင်းလဲဆောင်ရွက်မည်
----------------------------------------------
ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန်ယူ ဆောင်ရွက်ရသည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အသီးသီးတွင် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းကောင်းများ ရွေးချယ်ပေးရာတွင် ရေးဖြေစာမေးပွဲများ၌ လက်ရှိအသုံးပြုသော အင်္ဂလိပ်စာ၊ မြန်မာစာ၊ အထွေထွေဗဟုသုတ စသည့် ဘာသာရပ်များအလိုက် မေးခွန်းပုံစံ များအစား Civil Service ကို အခြေခံမေးသည့် မေးခွန်း Question Type and pattern အား ပြောင်းလဲသွားမည်။ ယင်းသို့ပြောင်းလဲရန် အတွက် သက်ဆိုင်ရာတက္ကသိုလ်များမှ မေးခွန်း ပြုစုရာတွင် တာဝန်ရှိသူများနှင့် ဧပြီ ၂၉ ရက် က တွေ့ဆုံညှိနှိုင်းပြီးဖြစ်ကြောင်း သိရသည်။

ဘာတွေကို ဘယ်လိုပြုပြင်ပြောင်းလဲသွားမလဲ
-------------------------------------------------
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးတွင် အရည်အသွေးပြည့်မီသော ပြည်သူ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)နှင့် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက္ကသိုလ် နှစ်ခုတွင် Civil Services Academy (CSA) များကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး အဆိုပါ Academy များမှ အရာထမ်း လောင်းများအတွက် ဘွဲ့လွန်ဒီပလိုမာ (Post- graduate Diploma) ချီးမြှင့်ခြင်း၊ Mid Level အရာထမ်းများအတွက် အဆင့် မြင့် ဒီပလိုမာ(Advanced Diploma)များ ချီးမြှင့် ခြင်း၊ ညွှန်ကြားရေးမှူးအဆင့်များအတွက် မဟာဘွဲ့(Master Degree)များ ချီးမြှင့်ခြင်း စသည့် သင်တန်းရေးရာကိစ္စရပ်များကို စီစဉ် ဆောင်ရွက်လျက်ရှိနေသည်။
Civil Services Academy မှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးအတွက် အရာရှိ ဝင်ခွင့်စာမေးပွဲအောင်မြင်ခဲ့သည့် အရာရှိလောင်းများအား ခြောက်လအချိန်ပြည့် သင်တန်းပို့ချမည်ဖြစ်ပြီး ပထမလေးလတွင် သင်ကြားရေးအပိုင်း၊ ကျန်နှစ်လအတွက် ဌာန ဆိုင်ရာနှင့် လုပ်ငန်းခွင်ဆောင်ရွက်ခြင်း တစ်လ နှင့် နောက်ဆုံးတစ်လတွင် လုပ်ငန်းခွင်အတွေ့ အကြုံများ၊ သီအိုရီများနှင့်ပူးပေါင်း၍ လက်တွေ့ လေ့ကျင့်ဆောင်ရွက်ပေးမည်ဖြစ်သည်။
Civil Services Academy(CSA) ကို ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်နေသဖြင့် ပညာရှင်ဆရာများလိုအပ်လျက်ရှိပြီး ယခု လက်ရှိတွင် တက္ကသိုလ်များရှိ ဆရာ ဆရာမ များနှင့် သင့်လျော်သူသင်တန်းဆရာများအား လေ့ကျင့်သင်တန်းပေးခြင်း (Training for Deparmental Trainer of Civil Service) များဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိ ရသည်။
ထို့ကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ထိရောက်မှုရှိသည့် သင်ကြားရေးစနစ် ဖြစ်ရန် သင်တန်းအမျိုးအစားအလိုက် သင်ရိုး ညွှန်းတမ်းများ ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်သည်။ Civil Services Academy (CSA) အတွက် ဘွဲ့လွန်ဒီပလိုမာ၊ အဆင့်မြင့် ဒီပလိုမာနှင့် မဟာဘွဲ့များပေးရန် ဘာသာရပ် ဌာနများစုဖွဲ့ခြင်း၊ သက်ဆိုင်ရာဘာသာရပ် အလိုက် သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းတို့ နှင့်စပ်လျဉ်း၍ ''အရင်က ဗဟိုဝန်ထမ်း တက္ကသိုလ်တွေမှာ ပညာရပ်ဌာန ခြောက်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ စီမံခန့်ခွဲမှုဌာန (Mana- gement)၊ စီးပွားရေးဌာန(Economics)၊ နိုင်ငံရေးသိပ္ပံဌာန (Political Science)၊ ဥပဒေဌာန (Law Department)၊ ပြီးတော့ လူမှုရေးဌာန(Sociology)ဆိုတဲ့ ပညာရပ်ဌာန ငါးခုနဲ့ နောက်တစ်ခုက စစ်ပညာဌာနဆိုပြီး အဲဒီ ခြောက်ခုနဲ့ လေ့ကျင့်ပေးခဲ့တယ်။
ဒီဘက်ခေတ် ဒီဘက်အခြေအနေတွေနဲ့ အုပ်ချုပ်ရေးယန္တရားသစ်အရ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေးကျောင်းတွေကို လေ့လာတယ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ စစ်ပညာအစား ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ စည်း ကမ်း ထိန်းသိမ်းရေးဌာနအသွင်နဲ့ သွားပါမယ်။ နောက်ဌာနနှစ်ခုကတော့ အင်္ဂလိပ်စာဌာနနဲ့ သတင်းအချက်အလက် နည်းပညာဌာန (Information and Communications Technology-ICT)ဆိုပြီး ဌာနနှစ်ခု ထပ် ပေါင်းရင် တကယ့်ပညာရပ်ဌာန ခုနစ်ခုနဲ့ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်''ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းက ပြောသည်။

ဝန်ထမ်းများ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေမည်
-----------------------------------------------------
ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန် ယူရေးဆွဲခဲ့ပြီး ၂ဝ၁၃ ခုနှစ် မတ် ၈ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-၅ ဖြင့် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂ အရ လုပ်သက်နှစ် ၃ဝ ပြည့်လျှင် ပင်စင်ယူ သည့် ကိစ္စနှင့် ၂ဝ၁၄ ခုနှစ် မတ် ၂၆ ရက်စွဲ ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ခဲ့ သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ပါဝင် သော နှစ်ပြည့်ပင်စင်၊ လုပ်သက်ခွင့်၊ မီးဖွားခွင့် ကိစ္စနှင့် မီးဖွားခွင့်တွင် ခင်ပွန်းဖြစ်သူအတွက် ကလေးပြုစုစောင့်ရှောက်ခွင့်ရရှိရန် ကိစ္စတို့ကို ပြည်သူ့ဝန်ထမ်းများအကျိုးအတွက် လက်တွေ့ နယ်ပယ်တွင် အမှန်တကယ် အပြည့်အဝခံစား နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။
''လုပ်သက်ခွင့်ဆိုရင်လည်း အရင်နည်း ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ တစ်နှစ်တာ လုပ်သက်ခွင့်ဟာ တစ်နှစ်ကုန်သွားရင် အလို အလျောက် ပျက်ပြယ်တယ်ဆိုတာအစား နှစ်နှစ် ဆက်လက်စုဆောင်းခွင့်ရရှိဖို့ကိုလည်း ရှေ့နေ ချုပ်ရုံးကို ပို့ထားပါတယ်။ ဘာဖြစ်လို့ ဒီလို ပြောင်းလဲရသလဲဆိုတော့ တစ်နှစ်ပြီး ပျက်ပြယ် သွားတဲ့အတွက် နောက်တစ်နှစ်ကျ ဝန်ထမ်း တစ်ယောက်ဟာ သူရဲ့ သာရေး၊ နာရေး၊ လူမှု ရေးကိစ္စကြောင့် လုပ်သက်ခွင့်ယူချင်တဲ့အခါမှာ အနေအထားမပေးတော့ဘူး။ ဥပဒေအရ တစ် လမှာမှ သုံးရက်ပဲရတယ်။ နှစ်အစ ဇန်နဝါရီ မှာ လူမှုရေးကိစ္စကြောင့် လုပ်သက်ခွင့်ယူမယ်ဆို ဇန်နဝါရီလကုန်မှသာ သုံးရက်ရမယ်။ အခု ဥပဒေအရ တစ်နှစ်အတွင်း လုပ်သက်ခွင့်ခံစား ခွင့်ရှိတယ်။ တကယ်လို့ လုပ်သက်ခွင့်ကို ဝန် ထမ်းက မခံစားဘူးဆိုရင် လုပ်သက်ခွင့်ရက်နဲ့ ညီမျှတဲ့ဆုကြေးငွေပေးရမယ်ဆိုတာ ပြဋ္ဌာန်း ထားပါတယ်။ လက်တွေ့မှာကျတော့ ဆုကြေး ကို ဝန်ထမ်းကမရဘူး။ နိုင်ငံတော်ဘက်ကလည်း လစာတွေတိုးပေးထားလို့ ဘတ်ဂျက်အခက်အခဲ ရှိတယ်။ ဝန်ထမ်းကလည်း ဆုကြေးလိုချင်တာ မဟုတ်ပါဘူး။ သူ့ရဲ့ လူမှုရေးကိစ္စတစ်ခုခုရှိတဲ့ အခါ အဆင်ပြေအောင် ခွင့်ကိုစုဆောင်းထား ချင်တာ။ ဝန်ထမ်းတွေနဲ့လည်း ဆွေးနွေးပါတယ်။ ဝန်ကြီးဌာနတွေနဲ့လည်း ဆွေးနွေး တယ်။
ဝန်ထမ်းအတွက် နှစ်နှစ်ထိစုဆောင်းခွင့် ရရင် အဆင်ပြေတယ်''ဟု ဥက္ကဋ္ဌကပြောသည်။
ဝန်ထမ်းများ စိတ်ချမ်းမြေ့စွာဖြင့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ရက်ပေါင်း ၁ဝဝ အတွင်း ပြည့်စုံခိုင်မာသည့် ဥပဒေ၊ နည်းဥပဒေများဖြစ်လာစေရန် ပြင်ဆင် ဖြည့်စွက်ပြဋ္ဌာန်း၊ ထုတ်ပြန်နိုင်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့လည်း သဘော ထားမှတ်ချက် တောင်းခံထားကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သိရှိရသည်။

ပြင်ပလက္ခဏာပြောင်းလဲခြင်း
------------------------------
ပြင်ပလက္ခဏာပြောင်းလဲခြင်းအတွက် ၁၉၆၅ ခုနှစ်တွင် ဖောင်ကြီးကျေးရွာ၌ တည် ထောင်ခဲ့ခြင်းကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ဟုခေါ်ဆိုရာမှ အထက်မြန်မာ ပြည်ရှိ ဇီးပင်ကြီးတွင်ရှိသော ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)နှင့် ခေါ်ဝေါ် သုံးစွဲမှုပုံစံတူစေရန် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟု ဟုပြောင်းလဲပြင်ဆင် ခေါ်ဝေါ်သတ်မှတ်ရန် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ခေတ်ကာလနှင့်လျော်ညီမှုမရှိသောကြောင့် တံဆိပ်များပြောင်းမည်
----------------------------------------------------------------------
ခေတ်ကာလဖြင့် လျော်ညီမှုမရှိတော့သည့် အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် တပ်ဆင် အသုံးပြုလျက်ရှိသော တက္ကသိုလ်တံဆိပ်၊ လက်မောင်းတံဆိပ်များအား နိုင်ငံတကာ တက္ကသိုလ်၊ အကယ်ဒမီများတွင် အသုံးပြုသောlogo၊ တံဆိပ်များ၊ ဆောင်ပုဒ်များကိုအခြေခံ၍ တံဆိပ်အသစ်၊ logo အသစ်နှင့် ဆောင်ပုဒ် အသစ်များ ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။

ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း များကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ခြင်းမပြုတော့
------------------------------------------------------------------------------------------------------------
ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် ဖွင့်လှစ် ပို့ချလျက်ရှိသည့် တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းနှင့် အခြေခံ ပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း များကို ၂ဝ၁၆ ခုနှစ် မေ ၁၆ ရက်မှ ဇွန် ၁၈ ရက်အထိ ဖွင့်လှစ်လျက်ရှိသည့် အမှတ်စဉ် (၉၇) နှင့် (၆၆) တို့ကိုသာ နောက်ဆုံး အကြိမ် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းများကို ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဆက်လက်ဖွင့်လှစ်ခြင်း မပြုတော့ဘဲ ဆရာ ဆရာမများ၏ လေ့လာ သင်ယူထားရှိမှုများအပေါ်အခြေခံ၍ ပညာရေး ဝန်ကြီးဌာနမှ သင့်လျော်သည့် သင်တန်းများ အဖြစ် ဖွင့်လှစ်လေ့ကျင့်သင်ကြား ဆောင်ရွက် ခွင့်ပြုသွားမည်ဖြစ်သည်။ ထို့ကြောင့် ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ရန် သတ်မှတ်ထားသည့် တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများ ကို ဆက်လက်ဖွင့်လှစ်ရန်မရှိတော့ကြောင်း ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌက ပြောသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ ဝန်ထမ်းများကို စနစ်တကျရွေးချယ်ခြင်း၊ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့် ပျိုးထောင်ခြင်း၊ ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန် ချက်များချမှတ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား အထောက်အကူပြုခြင်း၊ ဝန်ထမ်း ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး သုတေသန ပြုလုပ်ခြင်း၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း၊ ဝန်ထမ်းအဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို လေ့လာ စိစစ်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်ကြားခြင်း၊ ဝန်ထမ်း များအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊ ပြည်ထောင်စုဝန်ထမ်း အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင် ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ တိုင်း ဒေသကြီး (သို့မဟုတ်)ပြည်နယ်အစိုးရများက မိမိတို့ တာဝန်ယူအကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများခန့်အပ်ခြင်း ပြုရာတွင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စု ဥပဒေနှင့်အညီလည်းကောင်း၊ ပြည်ထောင်စု အစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်းခန့်ထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတော် သမ္မတထံ နှစ်စဉ်အစီရင်ခံခြင်းနှင့် လိုအပ် ပါက ကြားဖြတ်အစီရင်ခံစာတင်သွင်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း ဟူသည့် တာဝန်ဝတ္တရားများကို အကောင် အထည်ဖော်ဆောင်ရွက်ရသည်။
ထို့ကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဆောင်ရွက်အကောင်အထည်ဖော်နေသည့် ပြည်သူ့ဝန်ထမ်းများ၏ အရည်အသွေးတိုးတက် မြင့်မားစွာ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ပ လက္ခဏာပြောင်းလဲခြင်းနှင့် အနှစ်သာရ ပြောင်းလဲခြင်း အပိုင်းနှစ်ပိုင်းအား ဝမ်းမြောက် စွာ ကြိုဆိုကြမည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment