
သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်
AYA Bank Cup 2016 ၂ဝ၁၆ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက သုဝဏ္ဏ ကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ပြီး ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့ ဗိုလ်လုပွဲတက်သွားသည်။
မြန်မာ - ဂိုးမရှိ
စင်ကာပူ - တစ်ဂိုး
စင်ကာပူ - တစ်ဂိုး
နည်းပြ ဂတ်ဖရိုင်းဒရစ်လက်ထက်တွင် နိုင်ပွဲမရသေးသည့် မြန်မာအသင်းမှာ ယခုပြိုင်ပွဲတွင်လည်း စင်ကာပူအသင်းကို ထပ်မံရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ မြန်မာအသင်းမှာ စင်ကာပူအသင်းကို ယခုနှစ်အတွင်းတွေ့ဆုံမှုတွင် နှစ်ကြိမ်စလုံးအရှုံးပေးခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်မှာ ပွဲထွက်လူစာရင်းကို အနည်းငယ်ပြောင်းလဲခဲ့ပြီး တိုက်စစ်တွင် ကျော်ကိုကိုကို အနားပေးကာ သန်းပိုင်ကိုထည့်ပြီး အောင်သူနှင့်တွဲပေးခဲ့သည်။ ပွဲထွက် လူစာရင်းတွင် ရန်အောင်ကျော်၊ ရဲကိုဦး၊ ဇော်မင်းထွန်း၊ မောင်မောင်လွင်တို့ဖြင့် လူစုံပါဝင်ခဲ့ပြီး စင်ကာပူ အသင်းမှာ နာမည်ကြီးကစားသမား အစ္စဟတ်ကို အနားပေးထားသည်။ မြန်မာအသင်းမှာ များပြားလှသောပရိသတ်များ၏ တစ်ခဲနက် အားပေးမှုနှင့်အတူ ပွဲစကတည်းက ဖိကစား ခဲ့ပြီး သန်းပိုင်၏အပိုင်ကန်သွင်းမှုကို စင်ကာပူ ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ မြန်မာ အသင်းမှာ ဖြတ်တင်ဘောများထက် တွဲလုံး များဖြင့် အဓိကတိုက်စစ်ဆင်ခဲ့ရာ စင်ကာပူ နောက်တန်း မနည်းထိန်းနေရသည်။ ၃၄ မိနစ်တွင် မြန်မာအသင်းမထင်မှတ်ဘဲ ဂိုးပေး ခဲ့ရပြီး ယင်းဂိုးမှာ စင်ကာပူအသင်း၏ တစ်လုံး တည်းသော အနိုင်ဂိုးလည်းဖြစ်ခဲ့သည်။ အဆိုပါဂိုးကို ဖာရက်စ်ဘင်ရာမလီက သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းမှာ ဒုတိယပိုင်းတွင် ချေပဂိုး ရရှိရန်အတွက် ကြည်လင်း၊ ကျော်ကိုကို၊ ဆောင်လမန်တို့ကိုထည့်ကာ တိုက်စစ်အား မြှင့်ခဲ့သည်။ ကြည်လင်းဝင်လာ၍ မြန်မာ အသင်း ညာတောင်ပံတိုက်စစ်ပိုကောင်းလာ သော်လည်း စင်ကာပူနောက်တန်းကို မကျော် နိုင်ခဲ့ပေ။ ကြည်လင်းနှင့် အောင်သူတို့၏ အဝေးကန်ချက်များကိုလည်း စင်ကာပူ ဂိုးသမားကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း ချေပဂိုးနှင့်ဝေးခဲ့ရခြင်းဖြစ်သည်။
မြန်မာဘောလုံး ပရိသတ်အနေဖြင့် ကွင်းလုံးပြည့်နီးပါး လာရောက်အားပေးခဲ့ရာ ကျေနပ်စရာကောင်းခဲ့သော်လည်း ပရိသတ် အချို့မှာရှုံးနိမ့်မှုကို လက်ခံနိုင်ရန် လိုအပ်နေသေးပြီး ပွဲအပြီးတွင် အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုအချို့ရှိခဲ့သည်။
ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် ဗီယက်နမ် အသင်းက ဟောင်ကောင်အသင်းကို စုစုပေါင်း ဂိုးရလဒ်ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင် ရရှိသွားသည်။ မိနစ် ၉ဝ အတွင်း နှစ်ဂိုးစီ သရေကျနေရာ အချိန်ပိုဆက်မကန်ဘဲ ပင်နယ်တီ တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ် သည်။ ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေ ခဲ့ပြီး ၄၈ မိနစ်တွင် မက်ကီးက ဟောင်ကောင် အတွက် ဂိုးစတင်သွင်းယူခဲ့သည်။ သို့သော် ဝါရင့်တိုက်စစ်မှူး လီဘောင်ဗင်က ဗီယက်နမ် အတွက် ၅၈ မိနစ်တွင် ချေပဂိုး၊ ၆၂ မိနစ်တွင် ဦးဆောင်ဂိုးတို့ကို သွင်းယူခဲ့သည်။ ဟောင်ကောင်အတွက် ချေပဂိုးကို ၇၇ မိနစ် တွင် မက်ကီးကပင် သွင်းယူခဲ့သည်။ ပင်နယ်တီ ငါးလုံးစီကန်ရာတွင် ဗီယက်နမ် အသင်းကလေးဂိုးဝင်ပြီး ဟောင်ကောင် အသင်းက သုံးဂိုးသာဝင်သောကြောင့် ဗီယက်နမ်အသင်း အနိုင်ရသွားခြင်းဖြစ် သည်။
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် တတိယလုပွဲအဖြစ် ဟောင်ကောင်နှင့် မြန်မာ၊ ညနေ ၆ နာရီတွင် ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နှင့် စင်ကာပူတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
No comments:
Post a Comment