
နေပြည်တော် ဇွန် ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်မှ ညွှန်ကြားရေးမှူးMr. Toily Kurbanov နှင့်အဖွဲ့အား ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် အင်းလေးကန်ရေရှည် တည်တံ့စေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ငါးနှစ် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေ၊ မြန်မာနိုင်ငံအတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်း၊ မြန်မာနိုင်ငံရှိ သဘာဝ နယ်မြေများ စီမံအုပ်ချုပ်မှု ရေရှည် တည်တံ့စေရေးလုပ်ငန်း၊ ဒေသခံ ပြည်သူများ၏ လူနေမှုဘဝပုံစံအား ပြောင်းလဲနေသော ရာသီဥတုနှင့် မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များနှင့် လိုက်လျောညီထွေဖြစ်စေရေး ပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသား မူဘောင်ရေးဆွဲမှုနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မှု အလားအလာများ၊ ဘဏ္ဍာငွေရရှိရေး ပူးပေါင်းဆောင်ရွက် နိုင်မည့် အခွင့်အလမ်းကို ဆွေးနွေး ကြသည်။
ဆက်လက်၍ ဂျပန်သံအမတ်ကြီး H. E. Mr. Tateshi Higuchi အား မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံစဉ် ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးနှင့် ရောင်းဝယ် ရေးဆိုင်ရာ ဖက်စပ်လုပ်ငန်း၊ မြန်မာ နိုင်ငံ အပူပိုင်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲ များနှင့် သစ်တောဂေဟဗေဒစနစ် ဆိုင်ရာ သုတေသနလုပ်ငန်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဒီရေတောများ ပြန်လည် ထူထောင်ရေးလုပ်ငန်း၊ ပြည်သူအစု အဖွဲ့ပိုင် သစ်တောစိုက်ခင်းတည်ထောင် မှုလုပ်ငန်း၊ အင်းဆက်မျိုးစိတ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ပထဝီအခြေအနေကို လေ့လာ၍ မြေပုံထုတ်လုပ်ရေးစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များ လေ့လာရေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေ အနေများကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment