အများအကျိုးဖြစ်ထွန်း ကိုယ်ကျိုးစွန့်နိုင်ရမည်
=============================
=============================
လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားရသည့် မြန်မာနိုင်ငံတွင် နေရာ ဒေသအလိုက် သဘာဝမိုးရေလှောင်ဆည်များ တည်ဆောက်ကာ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေကြသည်ကိုတွေ့ရသည်။ ဆည်များ တည်ဆောက်ပြီး စိုက်ပျိုးရေရရှိရေးတစ်ခုတည်းအတွက်မဟုတ်ဘဲ သောက်သုံးရေရရှိရေး၊ ရေအားလျှပ်စစ်ရရှိရေးအတွက်လည်း အသုံးပြု နေကြရသည်။ အထူးသဖြင့် မဟာရန်ကုန်မြို့ပြတွင် လူဦးရေထူထပ်လာ၍ လိုအပ်သောသောက်သုံးရေကို ကန်ရေ၊ အဝီစိတွင်းရေနှင့် မလုံ လောက်တော့ဘဲ မိုးရေကိုစုစည်း၍ ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုးပမ်း ကြရသည်။
သာဓကအားဖြင့် မြောက်ဦးမြို့တွင် ရခိုင်ဘုရင်များလက်ထက် ကတည်းက ဆယ်ဖို့ထားခဲ့သော လက်ဆယ်ကန်မှရေကို တစ်မြို့လုံးသို့ ဖြန့်ဝေပေးနေသည်။ တောင်တန်းနှစ်သွယ်ကြားကို တစ်ဖက်မှ ကျောက်တံတိုင်းပိတ်ဆယ်ထားခြင်းဖြစ်၍ ယနေ့ထက်တိုင် ကြံ့ကြံ့ခိုင်ခိုင် အသုံးပြုနေဆဲဖြစ်သည်။
ဆိုလိုသည်မှာ လူတို့ဆယ်ဖို့ထားသမျှဆည်များသည် တစ်ဖက်မှ ရေတိုးဒဏ်ခံနိုင်ရည်ရှိအောင် အင်ဂျင်နီယာပညာဖြင့် ဆယ်ဖို့ထား ခြင်းဖြစ်၍ စိတ်ချလုံခြုံမှုလိုအပ်ချက်ရှိသည်။သို့သော် လူသားများ ဆယ်မဖို့ဘဲ သူ့အလိုအလျောက် တောင်ပြိုကမ်းပြိုပိတ်ဆို့ကာ ရေလှောင် ကန်ဖြစ်နေသော ချင်းတောင်တန်းများကဲ့သို့ မြေပြိုဆည်များကား ယခုကဲ့သို့ရာသီဥတုမျိုးတွင် အန္တရာယ်ရှိသည်ကို သတိမူရမည်ဖြစ်သည်။
မြေပြိုမှုကြောင့် ရေလမ်းကြောင်းပိတ်ဆို့ကာ ဖြစ်ပေါ်လာသော မြေပြိုဆည်များကြောင့် ဒေသ၏အနိမ့် ပိုင်းအရပ်များအတွက် အန္တရာယ် အချိန်မရွေးကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် မြေသားကြံ့ခိုင်မှုမရှိသော ယခုကဲ့သို့မိုးရာသီကာလများတွင် အပေါ်ပိုင်း မှစီးဝင်လာသော ရေများလာချိန်တွင် ရေအားကို မထိန်းနိုင်တော့သဖြင့် ပြိုကျရေများ အရှိန်အဟုန်ဖြင့်စီးဆင်းကာ အောက်အရပ်နေပြည်သူ များအတွက် အန္တရာယ်များကြုံတွေ့နိုင်သည်ကို သတိထားရမည်ဖြစ်သည်။
လတ်တလောတွင် ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ မြေပြို ဆည်ကို နီပေါအခြေစိုက်အဖွဲ့တစ်ဖွဲ့က ကွင်းဆင်းလေ့လာတွေ့ရှိချက်မှာ ဤဆည်သည် တစ်နှစ်အတွင်း ကျိုးပေါက်နိုင်ပြီး ချောင်းတစ်လျှောက် ရှိလူနေအိမ်နှင့်လယ်ယာစိုက်ပျိုးရေးကိုပါ ပျက်စီးစေနိုင်ကြောင်း ကြိုတင်သတိပေးလာသည်။ ချင်းပြည်နယ်တွင် မကြာခဏကြုံတွေ့ရတတ် သည့်သဘောများဟုဆိုနိုင်သည်။
ချင်းပြည်နယ်တောင်ပေါ်ဒေသများမှာ မကြာခဏမြေပြိုမှုဖြစ်စဉ်များ အဘယ်ကြောင့်ဖြစ်ပေါ်နေရသနည်း။ ထိုဖြစ်စဉ်များဖြစ်ပေါ်နေရသည့် အကြောင်းရင်းတစ်ရပ်မှာ သစ်တောပြုန်းတီးမှုကြောင့်ဟု ဆိုနိုင်ပါသည်။ တောင်ပေါ်ဒေသရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် သစ်တောများပြုန်းတီးလာသည်။မိုးသည်းထန်ချိန်မှာ မြေသား ကြံ့ခိုင်မှုအားနည်းလာပြီး မြေပြိုမှုများဖြစ်လာခြင်းဖြစ်သည်။ နှစ်ဖက် တောင်တန်းအကြား စီးဆင်းနေသော သဘာဝချောင်းများအဖြစ်ပိတ်ဆို့စေသည်။ အလိုအလျောက်ပိတ်ဆို့မှုဖြစ်စဉ် ကြံ့ခိုင်မှုမရှိ၍ မြေပြို ဆည်များနှင့်ဆက်နွှယ်ရာဒေသများ မကြာခဏပျက်စီးမှုများ ဖြစ်လာရသည်။
မြေပြိုဆည်များမဖြစ်အောင် မည်သို့တားဆီးမည်နည်း။ ရေတို ရေရှည်လမ်းနှစ်သွယ်တည်ဆောက်ရမည်ဖြစ်သည်။ မြေပြိုဆည်များကို ရှာဖွေတွေ့ရှိပါက စက်အား၊ လူအားနှင့်ဖြိုချခြင်း၊ တောင်ပေါ်မြေသား ကြံ့ခိုင်မှုရှိလာအောင် တောင်ကတုံးများကို သစ်တော၊ သစ်ပင်များဖြင့် အလှဆင်ခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သစ်တော၊ သစ်ပင်များ မှာ သဘာဝရေကို စုပ်ယူထိန်းသိမ်းပေးနိုင်စွမ်းရှိသည်။
တစ်ဖက်မှသစ်တောများတိုးပွားအောင် ဆောင်ရွက်သလို အခြား တစ်ဖက်မှ ရွှေ့ပြောင်းတောင်ယာစနစ်ကို ထိန်းသိမ်းဆောင်ရွက်ကြရ မည်ဖြစ်သည်။ တောင်ယာစနစ်မှာ မိရိုးဖလာအသက်မွေးဝမ်းကျောင်း အလုပ်ဟုဆိုငြားလည်း မိမိတို့အတွက်သာကောင်းပြီး အများအတွက် ပျက်စီးထိခိုက်မှုရှိမည်ဆိုလျှင် အများအကျိုးအတွက် မိမိတို့အားထားရာ ကို စွန့်လွှတ်ကြရမည်ဖြစ်သည်။ သစ်ပင်တိုးပွားအောင်ဆောင်ရွက်ခြင်းဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်း နှိုးဆော်ချင်ပါသည်။ ။
No comments:
Post a Comment