Sunday, June 5, 2016

သူတို့သည်လည်း ကမ္ဘာသားမို့



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မြေကမ္ဘာ၏  သက်တမ်းမှာ နှစ်သန်းပေါင်း ၄၅ဝဝ ကျော်ခဲ့ပြီ။ က္ဘာပေါ်မှာ  လူရယ်လို့ ပီပီပြင်ပြင် ပေါ်လာသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း တစ်သိန်းနှင့် နှစ်သိန်းခန့်ကမှ ဖြစ်သည်။

ရေမြေတောတောင်များ၊ သစ်ပင်များနှင့် သားငှက်တိရ္ဆာန်များ၊ ဇီဝမျိုးစုံမျိုးကွဲတို့မှာကား  ဆင့်ကဲဖြစ်စဉ်များနှင့်အတူ  သဘာဝသမိုင်း တစ်လျှောက် လူတို့ထက် စောစွာကပင် တည်ရှိနေခဲ့ကြသည်။ မြေကမ္ဘာ ပေါ်မှာ တစ်နေရာနှင့်တစ်နေရာ ရာသီဥတုတို့ မတူ၊ ရေမြေအနေအထားတို့ လည်းမတူ၊ ရေခံမြေခံ ဓာတ်သဘာဝတို့ကလည်းမတူ။ ထိုအခါ တစ်နေရာ နှင့်တစ်နေရာ သဘာဝပေါက်ပင်တို့ကလည်း ကွဲပြားခြားနားကြသလို ရှင်သန်နေထိုင်ကျက်စားကြသည့် သားငှက်တိရစ္ဆာန်များ၊ ကုန်းနေ ရေနေသတ္တဝါများ၊ ပိုးမွှားများအထိ မတူညီဘဲ ကွဲပြားခြားနားကြသည်။ သဘာဝပတ်ဝန်းကျင်၊ အပင်နှင့် သတ္တဝါများ အပြန်အလှန် မှီခိုနေကြသည့် ဂေဟစနစ်များစွာတို့မှာ မျက်မှောက်ကာလတွင် လူတို့၏ ပယောဂကြောင့် အများအပြား ပျက်စီးလာနေပြီဖြစ်သည်။

လူသားတို့နေထိုင်ရာ မြေကမ္ဘာနှင့် သဘာဝတရားကြီးမပျက်စီးရေး အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လိုအပ်ချက်ကို တစ်က္ဘာလုံးက အာရုံစိုက်လာစေရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက ၁၉၇၂ ခုနှစ်မှစတင်ကာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ကို နှစ်စဉ် ဇွန်လ ၅ ရက်နေ့တိုင်း ကျင်းပကြရန် က္ဘာ့နိုင်ငံများ အား ဆော်သြလျက်ရှိသည်။ ယခုနှစ်တွင်မူ သားရိုင်းတိရ္ဆာန်များနှင့် ၄င်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ကုန်သွယ် မှုများကို တိုက်ဖျက်ရန် ရည်ရွယ်၍ ''Go Wild for Life '' ဟူသော ဆောင်ပုဒ်ကိုသတ်မှတ်ထားသည်။

အာရှဒေသသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး လူလတ်တန်းစား နှင့် အထက်တန်းလွှာများ တိုးတက်များပြားလာသည်နှင့်အမျှ သားရိုင်း တိရ္ဆာန် မှောင်ခိုကုန်သွယ်မှု၏ ဦးတည်ရာဈေးကွက်မှာ အာရှဒေသဖြစ် လာကြောင်း၊ အစွယ်ကိုရယူရန်အတွက် အာဖရိကမှ ဆင်ကောင်ရေ ၂ဝဝဝဝ မှ ၂၅ဝဝဝ အထိ၊ ဦးချိုကိုရယူရန်အတွက် ကြံ့ကောင်ရေ ၁၂ဝဝ ကျော်တို့ နှစ်စဉ် သတ်ဖြတ်ခံနေကြရသည်။ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ကာလအတွင်း အာဖရိကဆင်ကောင်ရေ ငါးသိန်းခန့်ရှိသည့် အနက် တစ်သိန်းခန့် ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ထို့ပြင် ဗီယက်နမ်မှ ဂျာဗားကြံ့ မျိုးစိတ်တစ်မျိုး၊ ကင်မရွန်းမှ ကြံ့နက်တစ်မျိုး၊ ဂမ်ဘီယာ၊ ဗာကီနာဖာဆို၊  ဘီနင်၊ တိုဂိုနိုင်ငံများရှိ တောများမှ လူဝံကြီးများ စသည်တို့မှာ မျိုးသုဉ်း ပျောက်ကွယ်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။  တစ်နည်း အားဖြင့် ဧည့်ခန်းအလှဆင်ပစ္စည်းများ၊ ကာမအားတိုးဆေးအပါအဝင် တိုင်းရင်းဆေးဝါးများ၊ ဖက်ရှင်အသုံးအဆောင်များ၊ တန်ဖိုးကြီး ဟင်းလျာ များအဖြစ်သို့ ဘဝပြောင်းသွားခဲ့ပြီဖြစ်သည်။

မိမိတို့နိုင်ငံမှ   သားငှက်တိရစ္ဆာန်များမှာလည်း   အကောင်လိုက် အရှင်၊ အသေ၊ အရိုး၊ အရေခွံ၊ အသွေး၊ အသား စသည်ဖြင့်  မှောင်ခို ရောင်းချမှုများရှိနေရာ အရှေ့မြောက်ဒေသ နယ်စပ်မြို့တစ်မြို့မှ သားရိုင်း တိရ္ဆာန် တရားမဝင်ဈေးကွက်မှာ က္ဘာ့မီဒီယာများကပင် အာရုံစိုက်ခဲ့ ကြသည့် ဈေးကွက်တစ်ခုဖြစ်သည်။ နိုင်ငံအတွင်းရှိ သစ်တောများအတွင်း တရားမဝင် အမဲလိုက်မှုများ၊ မှောင်ခိုသယ်ဆောင်ရောင်းချမှုများရှိနေ ကြောင်းကိုလည်း သတင်းများတွင် မကြာခဏ တွေ့မြင်ကြရသည်။ ခိုင်မာအားကောင်းသော မူဝါဒချမှတ်ခြင်း၊ ထိရောက်စွာလှုံ့ဆော်ခြင်း၊ ဒေသအလိုက်၊ ဒေသခံပြည်သူများကိုယ်တိုင်က သားငှက်တိရ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်တတ်လာစေရန် စည်းရုံးပညာပေးခြင်း၊ ဥပဒေ ရေးရာအဖွဲ့အစည်းများအား အင်အားဖြည့်တင်းပေးခြင်း နည်းလမ်းများ ဖြင့် သားငှက်တိရ္ဆာန်များ တရားမဝင် မှောင်ခိုရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်သွားကြရမည်ဖြစ်ပါကြောင်း။              ။

No comments:

Post a Comment