Tuesday, June 7, 2016

အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရေး စက်ချုပ်သင်တန်းဆင်း




The Mirror Daily's photo.


မိတ္ထီလာ ဇွန် ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မိတ္ထီလာခရိုင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ကျွမ်းကျင်သည့် စက်ချုပ်သမားများပေါ်ထွက်လာစေရေး အတွက် ဖွင့်လှစ်သင်ကြားပေးသည့် စက်ချုပ်သင်တန်း ဆင်းပွဲကို ဇွန် ၃ ရက် ညနေ ၃ နာရီက အဆိုပါ သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါနိုင်က ကျေးလက်ဒေသမှ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ကျွမ်းကျင်သည့် စက်ချုပ် သမားများပေါ်ထွက်လာစေပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်၍အမျိုးသမီးငယ်များ အိုးမကွာ အိမ်မကွာဘဲ မိသားစုဝင်ငွေတိုးပွားအောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ တိုးပွားစေရန်၊ နည်းပညာများကို ကျေးလက် ဒေသတွင် ဆင့်ပွားပေးနိုင်စေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ အုံတုံ၊ ရှမ္မငယ်၊ ဂွေးကုန်း၊ ကျောက်ဖူး၊ ရွာသစ်ကျေးရွာနှင့် ဂါတ်ကုန်းကျေးရွာများမှ အမျိုးသမီးငယ် ၂ဝ အား အမျိုးသမီးဝတ် ရင်စေ့လက်ဖောင်း၊ ရင်ဖုံးအင်္ကျီ၊ ရင်စေ့ ကော်လံပါအင်္ကျီ၊ ရင်ဖုံးလည်ထောင်၊ ကလေးဝတ် ဘောင်းဘီ၊ သုံးပြတ်ဆက်ဂါဝန်၊ မွေးကင်စဇီးကွက်အင်္ကျီနှင့် နောက်ကွဲ လက်ဖောင်းအင်္ကျီစသည့် ဘာသာရပ်များကို ဧပြီ ၂၇ ရက်မှ ဇွန် ၃ ရက်အထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment